ပေါက်ပန်းဈေး ပြောနေခြင်းတော့ မဟုတ်

by Hla Soewai - Feb 02 2024

စစ် ဗိုလ်ချုပ်များ၏ မအောင်မြင်သော အာဏာသိမ်းမှုသည် သုံးနှစ် ပြည့်ရန် နှစ်ရက်သာ လိုတော့သည် နှင့် အမျှ ၎င်းတို့ ဘာဆက်လုပ်မည် ဆိုသည်ကို ပြည်တွင်း ပြည်ပ က စောင့်ကြည့်လျက် ရှိနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် နောက်ဆုံးတွင် တိုင်းပြည် မငြိမ်မသက် ၍ ဆိုကာ ဖွဲ့စည်းပုံ ကို အပြီး ရပ်ဆိုင်းတော့မည် လော၊ သို့တည်း မဟုတ် အတင်း အဓမ္မ မျက်နှာပြောင် တိုက် ငါးကြိမ်မြောက် သက်တမ်း တိုးဦးမည်လော ဆိုသည်ကို မကြာမီ ရက်ပိုင်း အတွင်း သိလာရတော့မည် ဖြစ်သည်။

 

သို့သော် ဒုတိယ အချက်ကား ပို၍ ဖြစ်နိုင်ခြေ ရှိနေသည်၊ ယခု ရက်ပိုင်း အတွင်း မင်းအောင်လှိုင် ပြောနေသော စကားများသည် အရူးချီးပန်း မဟုတ်၊ သူ့အား ရုပ်မြင်သံကြား သတင်းမှ တဆင့် အမြဲလို စောင့်ကြည့်နေသော စာဖတ်သူကြီး အပါအဝင် ခြောက်အိမ်တန်း ကို ရည်ရွယ်ပြီး ဘာမှ မဖြစ်လေဟန်၊ အခြေအနေကို ထိန်းချုပ်ထားနိုင်စွမ်း ရှိဟန်၊ တိုင်းပြည်အတွက် သူသာလျှင် ရှေ့‌ရေး အမျှော်အမြင် ရှိသည့် ခေါင်းဆောင် တဦး ပမာ ထင်မြင်လာစေရန် လှီးလွဲ ပြောဆိုနေခြင်းသာ ဖြစ်သည်။

 

လက်အောက်ငယ်သား များကလည်း ရိပ်စားမိနေ၍ ခွင့်ပြုနေခြင်းမျိုး ဖြစ်သည်၊ သို့မဟုတ်က ၎င်းအား ဖမ်းချုပ်ပြီး အရူးထောင်သို့ ပို့ပစ်လိုက်မည်သာ ဖြစ်သည်။

 

ခြောက်အိမ်တန်းသည်လည်း သုံးနှစ်ကြာလာသည်အထိ ကျောခြင်းကပ် ရင်ခြင်းကပ် ရပ်တည်ပေးခဲ့ပြီ ဖြစ်၍ တော်လောက်ပြီ၊ ယခုအခါ ၎င်းတို့ လုံခြုံရေးအတွက် မစဉ်းစားပဲ နေကြမည်တော့ မဟုတ်ပေ။

 

၎င်းအား ထောက်ခံနေခဲ့ကြသူများကလည်း ရူးနေကြသူများ မဟုတ်၊ သူတို့ ကြားချင်သည်က လက်ရှိ အန္တရာယ်ကြီးကို ကာကွယ်ရေး ဦးစီးချုပ် တယောက် အနေဖြင့် အရှိကို အရှိအတိုင်း သုံးသပ်ပြီး မည်သို့ မည်ပုံ ပြန်၍ အဖတ်ဆယ်နိုင်မည် ဆိုသည့် စကားမျိုးသာ ကြားချင်ကြသူများ ဖြစ်သည်။ ၎င်းက ခြောက်လုံးတန်း အိမ်များ အား ရည်ရွယ် ပြောဆိုနေလေ ၎င်းတို့ အပေါ် မကျေနပ်မှုများက ဒီရေအလား မြင့်တက်လာနေပြီ ဖြစ်သည်။ ဤသို့ဖြင့် မင်းအောင်လှိုင်သည် လည်း ဆုပ်လည်းစူး၊ စားလည်း ရူးသည့် ဘဝ ဖြင့် ခြာခြာလည် နေရပြီ ဖြစ်သည်။

 

အာဏာမသိမ်းခင်က ကြံ့ဖွတ် နှင့် သူ့အား ထောက်ခံသော အမျိုးသားရေး သစ္စာဖေါက် ပါတီ ၃၄ ပါတီ ၏ အနိုင်မဲ ရလဒ်များ ဖြင့် သမ္မတ ဖြစ်မည်ဟု ကြိမ်းသေပေါက်တွက်ဆခဲ့သည်၊ သူထင်သလို ဖြစ်မလာသည့် အခါ သမ္မတ မဖြစ်တော့ ယုံမက ၂၀၂၁ ဇူလိုင် ၃ ရက်နေ့တွင် ‌၆၅ နှစ်ပြည့် ပင်စင်ယူရပြီး အကုန်လုံး လက်လွှတ်ရတော့မည့် အခြေ ဆိုက်လာသည့် အခါ မဲစာရင်း မှားသည်ဟု အကြောင်းပြကာ အာဏာကို ကောက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်ဟု အတွင်းသိ ထိတ်တန်း စစ်အရာရှိ ဟောင်းကြီး တဦးက မြန်မာနောင်း အား ပွင့်လင်းစွာ သုံးသပ်ပြသွားခဲ့သည်။

 

မင်းအောင်လှိုင် သည် နိုင်ငံရေး ထွက်ပေါက် ကို သူတကိုယ်တည်း အတွက် ရှာ၍ ရနိုင်ခြေ ရှိသေးသော်လည်း တိုင်းပြည်၏ စီးပွားရေး ကို အကုန်နီးပါး လက်ဝါးကြီး အုပ်ထားပြီး ဖြစ်သည့် သားသမီး များ ကို ငဲ့နေရသည်၊ တင်ဒါများ ယှဉ်ပြိုင်ရာတွင်ပင် ပစ္စည်းဖိုး နှင့် လုပ်အားခ မှ လွဲ၍ အထွေထွေ ကုန်ကျစရာ ရှိသည်များကို တိုင်းပြည်၏ အရင်းအမြစ်များ မှ အလကား ပဲတင်း ထုတ်နှုတ် သုံးစွဲ ပိုင်ခွင့် ရှိနေ၍ ဈေးမတန်တဆ လျော့ပြီး တင်သွင်း နိုင်ပေသည်။

 

သားသမီး များ အရေး အပြင် အိုင်စီစီတွင်လည်း လူမျိုးတုန်း သတ်ဖြတ်မှု ဖြင့် တရားစွဲခံရဖို့ ရှိနေပြန်၍ ထွက်ပြေးကာမှ ပြေးရ‌ရော သူ ဆက်ရှိနေမှ ဖြစ်မည် ကို သိနေသည်၊ လက်ရှိ တပ်ထဲတွင်လည်း သူ့အမိန့်တခုသာ နာခံရန် အာဏာကို အကုန်စုစည်း ချုပ်ကိုင်ထားသည်။

 

တဖက်တွင် သက်တမ်းတိုး၍ အုပ်ချုပ်သွားရန် ရည်ရွယ်နေသော်လည်း လူထုကတော့ ၎င်း၏ ဓါတ်ပုံကို တံတွေးနှင့် ထွေး၊ ခြေထောက်နှင့် တက်နင်း၊ ဖိနပ်လုပ်စီး၊ အမျိုးသမီး အတွင်းခံ လုပ်ဝတ်လိုဝတ် နှင့် နည်းမျိုးစုံ ဖြင့် တံတွေးခွက်တွင် ပက်လက်မျောနေရသူ ဖြစ်နေပြန်သည်။

 

စစ်ရေး တွင်လည်း ၎င်း၏ တပ်ဖွဲ့ဝင်များ သည် စစ်မျက်နှာ တိုင်းတွင် အရေးနိမ့်လာနေပြီ ဖြစ်၍ ဘက်မပြောင်းလျှင်ပင် မိမိတို့ စခန်း မကျရေး ဆိုကာ အဘယ်အတွက်ကြောင့် အသက်စွန့်၍ တိုက်နေရဦးမည် နည်း ဆိုသည့် အတွေးများ ဝင်ရောက် လာနေပြီ ဖြစ်သည်။

 

ဤသည်ကို မော်ချီး တိုက်ပွဲ က အထင်အရှား ပြသနေသည်။ ထိုဒေသရှိ စစ်ကောင်စီ တပ်စခန်းများ၊ စစ်ဆေးရေး ဂိတ်များ၊ စခန်းကုန်း အားလုံး မှ တိုက်ပွဲ တစုံတရာ မဖြစ်ပဲ လက်လွှတ် ဆုတ်ခွာ ထွက်ပြေးသွားကြပြီ ဖြစ်သည်။

 

ယခုအခါ မော်ချီး မြို့အား ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ်ထား နိုင်ပြီ ဖြစ်သည်။

 

နိုင်ငံအနှံ တော်လှန်‌ရေး တပ်ဖွဲ့များက ဆုံမှတ် အဖြစ် နေပြည်တော်သို့ တရွေ့ရွေ့ ချည်းကပ်လာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!