အစ္စရေး ၏ ဆေးရုံအား ဝင်ရောက် ပစ်ခတ်မှု သည် စစ်ပွဲ ၏ ဥပဒေသများကို ချိုးဖောက်ခြင်းလော

by Hla Soewai - Feb 02 2024

အနောက်ဖက်ကမ်းပါးရှိ အစ်ဘင် ဆီနား ဆေးရုံသို့အဖေါ်ဖြစ်သူ သုံးဦး မှ တွန်းလာသော ဘီးတပ် ကုလားထိုင် နှင့် ဝင်‌ရောက်လာသူသည် သာမန် လူနာ တဦး ထက် မည်သို့မျှ ပို၍ ထူးခြားခြင်း မရှိ၊ ခေါင်းတွင် ပုဝါခြုံ၍ ကလေးကို ပွေ့ချီဝင်လာသော အမျိုးသမီးသည်လည်း ထို့အတူပင် ဖြစ်သည်။ အခြားသူများလည်း ဆေးရုံဝန်ထမ်း ဝတ်စုံကို ဝတ်ထားကြပြန်သည်။

 

အချိန် အနည်းငယ် အတွင်းမှာပင် သူတို့အားလုံးသည် ရိုင်ဖယ် သေနတ်များ ဆွဲထုတ်၍ ပါလက်စတိုင်း သုံးဦးကို ပစ်သတ်လိုက်ကြသည်။ ဆယ်မိနစ် အတွင်းမှာပင် အားလုံး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြတော့သည်။

 

အစ္စရေးဖက်မှ ဇန်နဝါရီ ၃ ရက်နေ့ ဝင်ရောက်စီးနင်းမှု တွင် ပါလက်စတိုင်း သုံးဦးကို ရှင်းလင်းလိုက်နိုင်၍ မိမိတို့အား အကြီးအကျယ် တိုက်ခိုက်လာမည့် အန္တရာယ်ကြီးကို ရှောင်လွှဲနိုင်ခဲ့သည်ဟု ဆိုသည်။

 

သို့သော် ဆေးရုံ အမှုထမ်း အဖြစ် ရုပ်ဖျက်လာခြင်းသည် နိုင်ငံတကာ ဥပဒေတွင် "perfidy" ဟု ဆိုသည့် စောင့်စည်းရမည်ကို မစောင့်စည်း သစ္စာမဲ့မှုမှု ဟု ဖေါ်ပြထားခြင်းကို ကျုးလွန်လိုက်သည့် ရာဇဝတ်မှု လောဟု မေးခွန်း ထွက်ပေါ်လာခဲ့သည်။

 

နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ဥပဒေ (IHL)တွင် စစ်တပ်များ စစ်ပွဲဆင်နွှဲရာတွင် လိုက်နာရမည့် အချက်များ ပါရှိပြီး ဖြစ်သည်။ ထိုအထဲတွင် "ကောက်ကျစ်သည့် နည်းလမ်း" ကို သုံး၍ တဖက်ရန်သူအား သေကြေဒဏ်ရာရအောင် ပြုလုပ်ခွင့် မရှိဟု တားမြစ်ထားသည်။ အထူးသဖြင့် ရန်သူ သည် ၎င်းအား အကာအကွယ် ပေးမည်ဟု ယုံကြည်လာအောင် ဖြားယောင်း သွေးဆောင်ပြီး သတ်ဖြတ်ခဲ့ခြင်းမျိုး ဖြစ်သည်။

 

ယင်းသည် လက်နက် ချရန် အယောင်ဆောင်ခြင်း မျိုး လည်း ပါဝင်သည်။ လက်နက်ချမည်ဆိုကာ အလံဖြူ ထောင်ပြီး မှ အနားကပ်လာသော ရန်သူကို သေနတ် ဆွဲထုတ်၍ ပစ်ခတ်ခြင်းအား perfidy ဟု သတ်မှတ်ပြီး ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။

 

ထိုတခုတည်း မဟုတ် အခြား လုပ်ရပ်များစွာလည်း ပါဝင်နေသည်။ ဥပမာဆိုရက စစ်သားများသည် ကုလ ငြိမ်းချမ်းမှူ ထိန်းသိမ်းရေး တပ်ဖွဲ့များ နှင့် ကြားနေ နိုင်ငံ တပ်များ၏ ယူနီဖောင်းကို ဝတ်ဆင်ခွင့် မရှိ။ ရန်သူ အနားကပ်လာအောင် ဒဏ်ရာရချင်ယောင်ဆောင်၍ လှည့်စားခွင့် မရှိ၊ ယဉ်ကျေးမှု အထိမ်းအမှတ်တခု အဖြစ် သတ်မှတ်ထားသည် တခုကို အသွင်ယူ၍ မရ၊ ဆိုလိုသည်မှာ ဗလီ တခု အတွင်း ဝင်ရောက်၍ ကွပ်ကဲရေး စခန်း ဖွင့်ခွင့် မရှိ၊ ‌တိုက်လေယာဉ်များသည် တဖက်ရန်သူ၏ ဆက်သွယ်ရေး သင်္ကေတ များ ထုတ်လွှင့်၍ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ခြင်းကို ခွင့်ပြုသော်လည်း ဒဏ်ရာရသူ များအား သယ်ဆောင်သည့် လေယာဉ်၊ စက်ချို့ယွင်းနေသည်ဟူသော အချက်ပြ အသိပေးခြင်းမျိုး လုပ်ခွင့်မရှိ အစရှိသည့် တို့ ဖြစ်သည်။

 

ဆေးဝန်ထမ်းများ နှင့် ဆရာဝန်များအား သာမန် အရပ်သားများထက် ပို၍ အကာအကွယ် ပေးရမည်။ ဟာမားစ် သည် လူနာတင်ယာဉ်ကို သုံး၍ တပ်သားများကို သယ်ပို့နေသည်ဟု အစ္စရေးဖက်မှ စွပ်စွဲခဲ့ပြီး ဖြစ်သည်။ ယင်းလုပ်ရပ်မျိုးသည် ပြောင်ပြောင်တင်းတင်း လိမ်လည် လှည့်စားခြင်းမျိုး ဖြစ်သည်။ သို့သော် ဥပဒေပါ ကောက်ကျစ်သည့် နည်းလမ်း perfidy ဟု ပြောဖို့ ခက်နေသည်။ ဘဲလ်ဖတ်စ် ရှိ Queen တက္ကသိုလ်မှ IHL ကျွမ်းကျင်သူ ပါမောက္ခ လု မိုဖစ်က ထိုသို့သယ်ပို့ခြင်းကြောင့် အစ္စရေး တပ်သား၊ သို့မဟုတ် အရပ်သားများ သေဆုံးစေခဲ့သည်ဟု သက်သေပြနိုင်မှ ဖြစ်မည်ဟု မှတ်ချက် ချခဲ့သည်။

 

Perfidy နှင့် ပတ်သက်၍ ဥပဒေတွင် အယောင်ဆောင် လုပ်ရပ်တိုင်းကို ဆိုလိုခြင်း မရှိ၊ ဥပမာအားဖြင့် တိုက်ပွဲ အတွင်း ဒဏ်ရာရခြင်ဟန် ဆောင်၍ ထွက်ပြေးရန် ကြိုးစားခြင်းမျိုး ကို ခွင့်ပြုထားသည်။ အစ္စရေး တို့သည် အာရပ်လို ဝတ်၍ အာရပ် လူနေဒေသများတွင် လှုပ်ရှားခဲ့ကြပြီး ဖြစ်သည်။ ဤသည်ကို တရားမဝင်ဟု တကယ်တမ်း ပြော၍ မရဟု အစ္စရေး ဖက်မှ ချေပထားခဲ့သည်။

 

သို့သော်‌ ထောက်လှမ်းရေး သတင်းရယူရန်၊ ရန်သူ ပစ္စည်း များ ဖျက်ဆီးရန် အတွက်သာ ဖြစ်သင့်ပြီး အရပ်သားများ သေကြေအောင် မလုပ်သင့်ဟု အစ္စရေး ရှိ ဟိုင်ဖာ တက္ကသိုလ်မှ ပါမောက္ခ တဦးက မှတ်ချက်ချခဲ့သည်။ တဖက် ရန်သူမှ အရပ်သားများဟု ဇဝေဇဝါ မဖြစ်ရန် လက်နက်များ၊ အမှတ် အသားများကို မြင်သာအောင် ကိုင်ထားရမည် ဖြစ်သည်။

 

ယင်းနှင့် ပတ်သက်၍ နိုင်ငံ အတော်များများက မရှင်း မရှင်း လုပ်ခဲ့ကြသည်။ ၂၀၁၁ အတွင်း အမေရိကန် တို့ အိုစမာ ဘင် လေဒင်အား ဝင်ရောက်ဖမ်းဆီးရာတွင် စီအိုင်အေ ဝန်ထမ်းတဦးသည် ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီ ၏ တံဆိပ်ပါ ဂျက်ကက် ကို ဝတ်ထားခဲ့သည်။

 

သို့သော် အစ္စရေး ပြည်တွင်း ထောက်လှမ်းရေး ရှင်းဘက်၏ အာရပ် စကားပြော တပ်ဖွဲ့ဝင်များ အာရပ်လို ရုပ်ဖျက်ပြီး အစ်ဘင် ဆီနား ဆေးရုံတွင်း ဝင်ရောက် ပစ်ခတ်မှုသည် ဥပဒေ ကို ထင်ရှားစွာ ချိုးဖောက်ခြင်းဟု ပြော၍ ရနိုင်ပေသည်။ အဓိက နေရာမှ လှုပ်ရှားခဲ့သူများသည် ဆေးရုံ ဝန်ထမ်းများ အဖြစ် အယောင်ဆောင်ခဲ့ကြသည်။ ထိုမျှမကသေး ပစ်သတ်ခံခဲ့ရသူ သုံးဦးသည် ဒဏ်ရာရ၍ ဆေးရုံတက် ကုသနေသူများ ဖြစ်က ထိုသို့ ဝင်ရောက်ပစ်ခတ်ခြင်းသည် မည်သည့်နည်း နှင့်မျှ တရားမဝင်ဟုလည်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ဆိုသည်။

 

အချို့က အနောက်ဖက် ကမ်းပါးတွင် ဖြစ်သဖြင့် ဂါဇာဒေသ မဟုတ်သောကြောင့် စစ်ပွဲ ဥပဒေသ များ နှင့် အကျုံးမဝင်၊ ရဲလုပ်ငန်းမျိုး ဖြစ်သည်ဟု ခုခံ ပြောဆိုခဲ့ကြသည်။

 

သို့သော် အနောက်ဖက် ကမ်းပါးသည် အစ္စရေး တို့ စစ်ရေး အရ တရားဝင် သိမ်းယူထားသော နယ်မြေ ဖြစ်၍ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေ (IHRL) နှင့် အကျုံးဝင်နေသည်။ IHRL သည် မည်သို့သော ပုံစံနှင့် လုပ်ကြံ သတ်ဖြတ်ခြင်းမျိုးကို မဆို ခွင့်ပြုထားခြင်း မရှိပေ။

 

လက်ရှိ ဆေးရုံ ဖြစ်ရပ်ကြောင့် အစ္စရေး တို့ ဥပဒေ နှင့် အညီ ဆောင်ရွက်ခြင်း ရှိမရှိ ကို အခြေအတင် ဆွေးနွေး ငြင်းခုံမှုများ ရှေ့လျောက် ပြင်းထန်လာတော့မည် ဖြစ်သည်။

 

(၂၀၂၄ ဇန်နဝါရီ ၃၁ အီကောနော်မစ် မဂ္ဂဇင်း ပါ "Did an Israeli hospital raid breach the laws of war?" ကို ပြန်လည် တင်ပြသည်။)