ဧရာဝတီ ပြောသည့် မင်းအောင်လှိုင် နှင့် သားများ ကုမ္ပဏီ

by Hla Soewai - Feb 09 2024

အာဏာရှင် မင်းအောင်လှိုင်၏ လက်အောက် စစ်တပ်သည် မကြုံစဖူး အောင် အရှုံးများ နှင့် ရင်ဆိုင် နေရသည်ကို မြင်ရ ကြားရသူ အပေါင်း မှင်တက် မိ‌ နေကြသော်လည်း မင်းအောင်လှိုင်ကတော့ မှု ပုံ မရ ဟု သူ့အ ကြောင်း သိသူများက ပြောလာကြသည်ဟု အစချီထားသည်။

 

မင်းအောင်လှိုင် သည် တကယ်တမ်းတွင် စစ်ယူနီဖောင်း ဝတ်ထားသည့် အခွင့်အလန်းကို ချောင်းနေသူ တဦးသာ ဖြစ်သည်ဟု ဆိုသည်။

 

ရှေ့တန်း ရှိ စစ်စခန်းများထက် အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ မြေ နေရာကောင်းများကိုသာ စိတ်ဝင်စားနေသူ ဖြစ်သည်။

 

၂၀၂၁ တွင် ဒီမိုကရေစီ အစိုးရ အား ဖြုတ်ချ အာဏာသိမ်းခဲ့ခြင်းကြောင့် တိုင်းပြည်သည် လောကငရဲ အဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားသော်လည်း မင်းအောင်လှိုင် နှင့် ၎င်း၏ မိသားစု အဖို့က ထွက်လာသော မီးတောက် မီးလျံ များကြားက ၎င်းတို့ လက်လှမ်းမှီသမျှ လက်ဝါကြီး အုပ်ထားရန် ဝန်မလေးကြသူ များ ဖြစ်သည်။ 

 

သားဖြစ်သူ အောင်ပြည့်စုံ နှင့် သမီးဖြစ်သူ ခင်သီရိသက်မွန် တို့သည် ယခင့် ယခင် အာဏာရှင်များ၏ သားသမီးများထက် ပင် လောဘဇော တိုက်သူများ ဖြစ်နေသည်။

 

မင်းအောင်လှိုင်၏ သားသမီးများသည် နေရွှေသွေးအောင်ကဲ့သို့ ခရိုနီများ၏ ပေးစာကမ်းစာဖြင့် ရပ်တည်နေသူ မဟုတ်ပဲ ဖခင်ဖြစ်သူ ကာကွယ်‌ ရေး ဦးစီးချုပ် ဖြစ်လာချိန်က စ၍ ကိုယ်ပိုင် စီးပွားရေး အင်ပိုင်ယာများ ထူထောင်လာကြသည်။

 

ဓါတ်ပုံပညာကိုသာ လေ့လာ လိုက်စားနေသော အောင်ပြည့်စုံအား ဖခင်ကို မှီး၍ ဘယ်သို့ ဘယ်ပုံ စီးပွားရှာရမည်ကို ယခုအခါ ဘေးဖယ်ထုတ် ခံထားရသော ထိုစဉ်က တပ်‌ ထောက်ချုပ် ဗိုလ်ချုပ် မင်းနိုင်က လက်ထပ် သင်ပြပေးခဲ့သည်။

 

မင်းနိုင်သည် တိုင်းမှုး ဖြစ်ချင်နေသူ ဖြစ်၍ အောင်ပြည့်စုံကို ချည်းကပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဒုဗိုလ်ချုပ်ကြီး အဖြစ် ရာထူး တက်လာပြီး ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ နှင့် ဆွေးနွေးရာတွင် ဦးဆောင်ခဲ့သူ ဖြစ်သည်။ ထို‌ ဆွေးနွေးပွဲတွင် တိုင်းရင်းသား များ အား မရပ်မနား ဗုံးကြဲ ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

 

အောင်ပြည့်စုံအား ဂေါက်ရိုက် သင်ပေးရင်း ဦးပိုင်၏ စီမံကိန်းများကို အရယူရန် နည်းပေးလမ်းပြ လုပ်ခဲ့သည်။ စစ်ထောက်ချုပ် ရုံး နှင့် အောင်ပြည့်စုံ ကုမ္ပဏီ ပါတနာ လုပ်၍ အောင်မြင့်မိုရ် မင်း အသက်အာမခံ လုပ်ငန်း ထူထောင်လာခဲ့သည်။ စစ်မှုထမ်းသူ မှန်သမျှ အောင်မြင့်မိုရ်မင်း ကုမ္ပဏီ တွင် အသက် အာမခံ မဝယ်မနေရ ဖြစ်လာသည်။

 

အောင်ပြည့်စုံသည် နောက်ပိုင်းတွင် မင်းနိုင်ထံမှ အကြံဉာဏ် များ ပင် မတောင်းတော့ပဲ သူ့ အဆက်အသွယ် နှင့် သူ ဖြစ်လာသည်။ အောင်ပြည့်စုံ နှင့် ခင်သီရိသက်မွန် တို့ သည် နိုင်ငံပိုင် ပစ္စည်းများသာမက စစ်လေယာဉ်များကိုပင် ကိုယ်ရေး ကိုယ်ဝာာ အတွက် သုံးလာကြသည်ဟု စစ်ဖက် သတင်းရပ်ကွက်များက ဆိုသည်။ တရက်တွင် ကာကွယ်ရေး ဦးစီးချုပ် မိသားစု လာမည်၊ လေဆိပ်တွင် လုံခြုံရေး ပေးရန် ညွန်ကြားလာသော်လည်း ရောက်လာသည့် အခါ လေယာဉ် ပေါ်တွင် သားနှင့် သမီးသာ ပါလာ၍ တုန်လှုပ်မိသွားသည်ဟု ဆိုသည်။

 

အာဏာသိမ်းပြီး နောက်တွင် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ မင်းအောင်လှိုင် သားသမီးများပိုင် လုပ်ငန်း ခြောက်ခု ကို ဒဏ်ခတ် အရေးယူခဲ့သည်။ သို့သော်လည်း ၎င်း၏ သားသမီးများသည် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းကြီးတိုင်းတွင် တနည်းမဟုတ် တနည်း ပါဝင် ပတ်သက်‌နေပြီး ကြိုးကိုင်နေဆဲပင် ဖြစ်သည်။

 

တင်ဒါ ဆွဲရာတွင် အောင်ပြည့်စုံ ၏ ကုမ္ပဏီ ပါလာသည်ကို သိက မည်သူမျှ အလုပ်ရှုပ်ခံပြီး ဝင်မဆွဲကြတော့ပေ။ တင်ဒါ ကော်မတီကလည်း ဈေးနှုန်းကိုပင် ပြန်မညှိတော့ပဲ ၎င်းတို့ တင်ဒါ သွင်းသည့် ဈေး အတိုင်းပင် ချပေးလိုက်သည်။

 

ထိုမျှသာမကသေး စစ်တပ် နှင့် ဆက်နွယ်နေသော စီမံကိန်းများ၊ လက်နက် နှင့် စစ်ယူနီဖောင်းများ ဝယ်သည်က အစ အကျိုးအမြတ် များစွာ ရခဲ့ပြန်သည်။

 

မင်းအောင်လှိုင်၏ ညာလက်ရုံး ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ညိုစောသည် အောင်ပြည့်စုံ ကုမ္ပဏီ ကြီးပွားရာ ကြီးပွားကြောင်း ကြံဆောင်ပေးသူ ဖြစ်လာသည်။ ထို့အတွက်ကြောင့်လည်း ညိုစောသည် ပင်စင်ယူပြီးသည့် တိုင် မြန်မာ့ စီးပွားရေး ကော်မရှင် ဥက္ကဌ ဖြစ်နေဆဲပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ရန်ကုန် အင်းယားလမ်း ခြံအမှတ် (၁၄) ယခင် တပ်မတော်ဧည့်ဂေဟာ အား ယခုအခါ မောင်ပိုင်စီးလိုက်ပြီ ဖြစ်သည်။ ထို့ပြင် Lotte International Hotel နှင့် ကန်သာယာ ဆေးရုံ တို့နှင့် ကပ်လျက် ရှိသော ခြောက်မိုင်ခွဲတွင် လည်း ၎င်း၏ အိမ် ရှိနေပြန်သည်။

 

မကြာသေးမီက အောင်ပြည့်စုံသည် လှိုင်တက္ကသိုလ် နယ်မြေ နှင့် ကပ်လျက် ရှိသော little Inya ဟု ခေါ်သည့် ကျွန်းလေးတွင်လည်း လုပ်ငန်း တိုးချဲ့လာပြန်သည်။ တောင်ဥက္ကလာပ ရှိ စစ်တပ်ပိုင် ပါရမီ ကားဝင်း နှင့် ကပ်နေသော Inno City ဇိမ်ခံ ကွန်ဒိုမီနီယံ၏ ရှယ်ယာ အများစု ကို လည်း မင်းအောင်လှိုင် မိသားစု က ပိုင်ဆိုင်ထားပြန်သည်။

 

တပ်ပိုင် မြေများကို စီမံ ထိန်းသိမ်းရသူသည် စစ်ထောက်ချုပ် ရုံး ပင် ဖြစ်သည်။ မင်းအောင်လှိုင်သည် စစ်ရေးချုပ် ဖြစ်ခဲ့စဉ်က စစ်တပ်ပိုင် မြေ အညွှန်းပြ မြေပုံကို တောင်းယူ ကြည့်ခဲ့သည်ဟု ပြောကြသည်။ ထိုမြေပုံသည် လူတကာ ကြည့်ခွင့် မရှိပဲ ကာကွယ်ရေး ဦးစီးချုပ်၊ စစ်ထောက်ချုပ်၊ ဒု စစ်ထောက်ချုပ် တို့သာ ကြည့်ခွင့် ရှိပေသည်။

 

ထိုစဉ်က မင်းအောင်လှိုင် ကြည့်ပါရစေ ဟု တောင်းဆိုလာမှု ကို လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်ထောက်ချုပ်ရုံး က ငြင်းဆိုခဲ့ဖူးသည်။

 

ယခုအခါတော့ မင်းအောင်လှိုင်သည် ထိုမြေပုံကြီးကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည် ဟု ရေးသားထားသည်။

 

ထိုသို့သော ပုဂ္ဂိုလ်မျိုးက တရားမျှတသော ရွေးကောက်ပွဲ လုပ်ပြီး အနိုင်ရသူ ကို အာဏာလွှဲပေးမည် ဆိုသည်ကို အမှန်တကယ် ယုံကြည့်နေသူ ရှိပါက စိတ်ကျန်းမာရေး ဆရာဝန် နှင့်သာ အမြန်ပြသင့်သည်ဟု အကြံပေးလိုပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!