ကုလ လုံခြုံ ရေး ကောင်စီ ‌ဆွေးနွေးပွဲ

by Hla Soewai - Feb 09 2024

တနင်္လာနေ့ က ပြုလုပ်ခဲ့ကြသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆွေး‌နွေးပွဲသည် ထုံးစံ အတိုင်းပင် သောင်မတင် ရေမကျ ပြီးဆုံးသွားခဲ့ပြန်သည်။

 

ထိုအစည်းအဝေးသို့ အာဆီယံ အထူးသံတမန် လာအို မှ အထူး သံတမန် အလောင်ကီယို ကစ်တစ်ဟွန်း တက်ရောက်လာပြီး ၎င်းအနေဖြင့် အသံတတ် သံခင်းတမန် ခင်း ဖြင့် အာဆီယံ၏ အချက် ငါးချက် ပါ ငြိမ်းချမ်းရေး အစီအစဉ် များကို ဆောင်ရွက်နေကြောင်း ရှင်းလင်းသွားသည်ဟု သိရသည်။

 

အမေရိကန် မှ မဖြစ်မနေ လိုက်နာရမည့် ဂျက်လေယာဉ် ဆီ ရောင်းချရေး အား ပိတ်ပင်ရေး ဆုံးဖြတ်ချက်မျိုး ချမှတ်ရန် တွန်းအားပေးခဲ့သော်လည်း တညီတညွတ် တည်း သဘောတူညီမှု မရရှိပဲ ပြီးဆုံးသွားခဲ့သည်။

 

တရုတ်မှ ၎င်း၏ တပည့်လက်သား ဖြစ်သူ လာအိုမှ အာဆီယံအတွက် ဦးဆောင် ကြိုးပမ်းနေမှု များ အား အချိန် နှင့် လှုပ်ရှားခွင့် ပေးသင့်ကြောင်း တွန်းတွန်း တိုက်တိုက် ပြောသွားခဲ့၍ ဖြစ်သည်ဟု ဆိုသည်။

 

ထူးခြားချက် အဖြစ် လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ကိုး နိုင်ငံ ဖြစ်သော အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ 

မောလ်တာ၊ တောင်ကိုရီယား၊ ဆလိုဗီနီယား၊ ဆွစ်ဇာလန်၊ ဗြိတိန် နှင့် အမေရိကန် ကိုယ်စားလှယ်တို့မှ အစည်းအဝေး မစမီ မြန်မာ စစ်ကောင်စီ အား ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် အရပ်သားများအား တိုက်ခိုက်နေမှု ရပ်စဲ ရန် တောင်းဆိုကြောင်း သတင်းထောက်များ ရှေ့တွင် တန်းစီ၍ ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း ပင် ဖြစ်သည်။

 

သံအမတ်ကြီး ဦးကျော်မိုးထွန်း သည် အစည်းအဝေး မစမီ သတင်းထောက်များအား ယခု အချိန်သည် လုံခြုံရေး ကောင်စီ အနေဖြင့် မြန်မာအရေး ကို အလေးအနက်ထား စဉ်းစား၍ ထိထိရောက်ရောက် အရေးယူရမည့် တကယ့် အချိန် ကောင်း ဖြစ်ကြောင်း၊ မိမိ ထပ်တလဲလဲ မေးနေသည့် မြန်မာ ပြည်သူများ၏ အသက်ကို ကယ်ဖို့ ဘယ်အထိ ဆက်စောင့် နေကြဦးမှာလဲဆိုတဲ့ မေးခွန်းပဲ ထပ်မေးရမည် ဖြစ်ကြောင်း၊ 

 

ယနေ့ပဲ ‌စစ်တပ်က စာသင်ကျောင်းကို ဗုံးကြဲလို့ ကလေး အတော်များများ သေဆုံးသွားတာ ကြားရလို့ အတော် စိတ်မကောင်း ဖြစ်မိပါတယ်ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

သံအမတ်ကြီး ပြောသည့် စာသင်ကျောင်း ဗုံးကြဲခံရမှု သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်နှင့် နံနက် ၁၁ နာရီ မိနစ် ၂၀ တို့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီးအီးကျေးရွာရှိ စာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း အနီးအနား တဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ၁၀ ကြိမ် တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့၍ ဒေါဆီးအီကျေးရွာ စာသင်ကျောင်းတွင် အေးချမ်းစွာ ပညာသင်ကြား နေသော အသက် ၁၃ နှစ်အရွယ် ဝန်းကျင်ရှိသည့် အလယ်တန်းကျောင်းသား ၄ ဦး ပွဲချင်းပြီး သေဆုံး ခဲ့ကာ မူကြိုအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ကလေးငယ် စုစုပေါင်း၁၄ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့မှု ကို ရည်ညွှန်းသွားခြင်း ဖြစ်သည်။ (ပုံတွင် တွေ့ရစဉ်)

 

ယခုအခါ ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ ပြင်းထန်လာမှု ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သား ၂၀၀ ကျော် ရှိလာနေပြီး၊ မော်တာ ကျည် နှစ် လုံး ကျရောက်ပေါက်ကွဲမှု ကြောင့် ရွာသားနှစ်ဦး သေဆုံးသွားရမှု များကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရမှ စစ်ကောင်စီ သံအမတ်အား ခေါ်ယူ ပြီး ကန့်ကွက်စာ ပေးခဲ့သည်၊ ထို့အပြင် ၎င်းတို့၏ နယ်စပ်လုံခြုံရေး အပေါ် နိုင်ငံတကာ၏ အကူအညီရရန် ပြောဆို လာကြ၍ ပို၍ အာရုံ စိုက်ခြင်း ခံလာရသည်။

 

ယခုအခါ အကြမ်းဖက် စစ်တပ်သည် အင်အား ၈၀၀ ခန့်ဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက် ရှိ ကောလင်းမြို့ကို ပြန်သိမ်းနိုင်ရန် မြေပြင်နှင့် ဝေဟင်မှ ထိုးစစ်ဆင်လာနေ၍ တိုက်ပွဲ များ အပြင်းအထန် ဖြစ်ပွားနေသည်ဟု သိရသည်။

 

မင်းအောင်လှိုင်သည် တိုင်းရင်းသား ဒေသများတွင် "ကိုသိမ်းအေး" ဖြစ်နေသော်လည်း NUG လက်အောက်ခံ ကောလင်း မြို့သိမ်း တိုကိပွဲသည် ၎င်းအတွက် နိုင်ငံရေး အရ ရော စိတ်ဓါတ်ရေးရာ အရရော၊ သိက္ခာပါ ပြန်ဆယ်နိုင်လိမ့်မည်ဟု ယုံကြည်နေ‌၍ ဖြစ်သည်။

 

ဤသည်ကလည်း အမှန်ပင် ဖြစ်နေ၍ ကောလင်းမြို့ မကျရေးသည် တော်လှန်ရေး အတွက် လွန်စွာ အရေးကြီးနေ၍ ပြည်သူများ အနေဖြင့် အထူး အာရုံစိုက် ဝိုင်းဝန် ပေးရန် လိုအပ်နေသည်။

 

ယခုအခါ မြို့နားအထိ ချည်းကပ်လာနေပြီ ဖြစ်သည်ဟု သတင်းများ က ဆိုသည်။ 

 

ကောလင်း မြို့ တိုက်ပွဲသည် နွေဦးတော်လှန်ရေး အား စိတ်ဓါတ်ရေးရာ အရ ဦးချိုးနိုင်မည့် အပြင်၊ စစ်ကောင်စီသည် နောက်ဆုံးတွင် မိမိတို့သာ အောင်ပွဲ ခံလိမ့်မည် ဆိုသည်ကို ၎င်းတို့အပေါ် ဇဝေဇဝါ နှင့် သံသယ ဖြစ်လာနေသည့် နိုင်ငံတကာအားလည်း သက်သေပြသလို ဖြစ်သွားနိုင်၍ မင်းအောင်လှိုင်သည် ရှိသမျှ အင်အားကို ထုတ်နှုတ် သုံးစွဲလာခြင်းလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!