ဘလူးချီစတန် ပြည်နယ် အကြမ်းဖက်မှုများ မြင့်တက်လာ၍ အီရန်-ပါကစ္စတန် ဆက်ဆံရေး ပျက်ပြား

by Hla Soewai - Feb 09 2024
အီရန် နှင့် ပါကစ္စတန် သည် သမိုင်း အစဉ် အဆက် ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး ဖြစ်သည်။ ပါကစ္စတန် သည် ၁၉၄၇ တွင် အိန္ဒိယ မှ ခွဲထွက်ခဲ့ပြီး နောက် ပါကစ္စတန် အား ပထမဆုံး အသိအမှတ်ပြုသည့် နိုင်ငံ သည် အီရန် ဖြစ်သည်။ ကုန်သွယ်ရေး နှင့် ကာကွယ်ရေး ဖက်တွင်လည်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ နှစ်နိုင်ငံ နယ်ခြား တဖက်တချက်စီ ခွ၍ လှုပ်ရှားနေကြသော ဘားလစ်ခ် စစ်သွေးကြွများကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်လာခဲ့သည်။ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပါကစ္စတန် အနောက်ပိုင်း သို့ အီရန်မှ ဒုံးကျည်များ နှင့် ပစ်ခတ်ခဲ့သည်၊ ထိုဒေသတွင် လှုပ်ရှားနေသော ဆွန်နီ စစ်သွေးကြွ များဖြစ်သော Janish al-Adl အဖွဲ့ အား တိုက်ခိုက်ခြင်းဟု အီရန်ဖက်က ဖြေရှင်းချက် ထုတ်ခဲ့သည်။ ပါကစ္စတန် ဖက်ကလည်း "အကြမ်းဖက်သမားများ ခိုအောင်းရာ ဒေသများ" ဟု ဆိုကာ အီရန် အရှေ့ပိုင်းသို့ ဒုံးကျည်များ နှင့် ပြန်လည် ပစ်ခတ်ခဲ့သည်။ ထိုအတွက် နှစ်နိုင်ငံ စလုံးမှ ၎င်းတို့ ၏ သံအမတ်များကို ပြန်ခေါ်သည်အထိ ဖြစ်လာခဲ့သော်လည်း မကြာမီ မှာပင် အခြေအနေကို ပြန် အဖတ်ဆယ် နိုင်ခဲ့သည်။ ဇန်နဝါရီ ၂၉ တွင် နှစ်နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး များ အစ္စလမ်မာဘတ် တွင် တွေ့ဆုံခဲ့ကြပြီး မိမိတို့ နိုင်ငံ အတွင်းရှိ အကြမ်းဖက် အုပ်စု များကို တိုက်ခိုက်သွား မည်ဟု သဘောတူညီချက် ရရှိသွားခဲ့သည်။ ဘလူးချီစတန် ဆိုသည့် အမည်သည် ထိုဒေသတွင် နေထိုင်ကြသည့် လူများစု ဖြစ်သော ဘားလစ်ခ်များကို ရည်ညွှန်း ခဲ့ခြင်း ပင် ဖြစ်သည်။ ဘားလစ်ခ်များသည် တခါက ရေကြည်ရာ မြက်နုရာ လှည့်လည် နေထိုင်ကြသူများ ဖြစ်သည်။ သမိုင်း ပညာရှင် များ ခန့်မှန်းချက်အရ ဘီစီ ၁၂၀၀ ခန့် လောက်ကစ၍ ယနေ့ အီရန် ဖြစ်သည့် ဒေသတွင် စတင် အခြေတကျ နေထိုင်လာခဲ့ကြသူ များ ဖြစ်သည်ဟု သိရသည်။ နောက်ပိုင်း တွင် ၎င်းတို့ နေထိုင်ရာ ဒေသအား ပြင်ပမှ အကြိမ်ကြိမ် ကျုးကျော် တိုက်ခိုက်ခဲ့ကြသည်။ အေဒီ ၇ ရာစု တွင် အာရပ်တို့၏ သိမ်းပိုက်ခြင်း ခံရပြီး နောက်တွင် ဘားလစ်ခ် အများစုသည် အစ္စလမ် ဘာသာသို့ သွတ်သွင်း ခံခဲ့ရသည်။ ဆယ်ကိုးရာစု အကုန်ပိုင်း နှင့် နှစ်ဆယ်ရာစု အစောပိုင်း ကာလများ တွင် ထိုဒေသအား ပါရှား နှင့် ဗြိတိသျှ တို့က ခွဲဝေယူကာ ၎င်းတို့ အင်ပိုင်ယာ ထဲ အသီးသီး သွတ်သွင်းခဲ့ကြသည်။ အချို့ အစိတ်အပိုင်းများသည် အာဖဂန်နစ္စတန် ထဲ ပါသွားခဲ့သည်။ ၁၉၂၈ တွင် အီရန်သည် ဘလူးချီစတန် အနောက်ပိုင်းကို တိုးချဲ့ သိမ်းယူခဲ့သည်။ ၁၉၄၇ တွင် ဗြိတိသျှ တပ်များ ရုပ်သိမ်းသွားပြီးနောက်တွင် ပါကစ္စတန် သည် အရှေ့ခြမ်းကို ပိုင်ဆိုင်လာခဲ့သည်။ ထိုသို့ နယ်မြေများကို စိတ်ထင်သလို ပိုင်းခြား ယူငင်လာခြင်းကြောင့် ဆိုးကျိုး များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် ဖက်ရှိ ဘားလစ်ခ် အမျိူးသားရေး ဝါဒီ များက မိမိတို့အား နိုင်ငံရှိ အကြီးမားဆုံး လူမျိုး နွယ်စု ဖြစ်သော ပန်ဂျပ်ဘီ တို့ မှ ဘေးဖယ်ထုတ်ခဲ့ကြခြင်း ကြောင့် ဆင်းရဲ နွမ်းပါးခဲ့သည် ဆိုကာ ၁၉၄၇ မှစ၍ ဗဟို အစိုးရကို ကြို့ကြား ကြိုကြား တိုက်ခိုက်လာကြသည်။ အကြမ်းဖက်မှု များ အပြင်းထန်ဆုံး ဖြစ်ပွားခဲသည့် ၁၉၇၀ ကျော် နှစ်များအတွင်း လူပေါင်း ၈,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့နောက် အတန်ငယ် ငြိမ်သက်သွားပြီးနောက် ဒုတိယ အကြိမ် ပုန်ကန်မှုများသည် ၂၀၀၀ ပြည့် ကျော် နှစ်များ အလယ်ပိုင်း လောက်တွင် စတင်လာခဲ့သည်။ ဒီတကြိမ်တွင်တော့ စစ်သွေးကြွများ၏ တိုက်ခိုက်ပုံ တိုက်ခိုက်နည်းသည် ပို၍ ခေတ်မီ ဆန်းသစ်လာသည်။ ၂၀၂၂ တွင် ဘလူးချီစတန် လွတ်မြောက်ရေး တပ်မှ မြို့ကြီး ၆ မြို့တွင် တပြိုင်တည်း ဖေါက်ခွဲ တိုက်ခိုက်လာခြင်းကြောင့် ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ဝင် အမြောက်အမြား သေဆုံးသွားခဲ့သည်။ အစိုးရမှ ဘားလစ်ခ် ခေါင်းဆောင်များ အား ထင်ရာမြင်ရာ ဥပဒေမဲ့ ဖမ်းဆီးခဲ့ခြင်းကြောင့် တင်းမာမှု များ မြင့်တက်လာခဲ့သည်။ အဖွဲ့ဝင် အတော်များများလည်း အီရန် နှင့် အာဖဂန်နစ္စတန် ဖက်သို ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြသည်။ ယခုအခါ ထိုဒေသများ အား ခြေကုပ်ယူ၍ ပါကစ္စတန် အား စတင် တိုက်ခိုက်လာကြသည်။ အီရန်ဖက်ရှိ ဘားလစ်ခ်များကလည်း နိုင်ငံတွင်းရှိ အဆင်းရဲဆုံး ပြည်နယ်များ ဖြစ်သော စစ်စတန် နှင့် ဘလူးချီစတန် ‌တို့တွင် နေထိုင်နေရ၍ ဆိုးရွားသော အခြေအနေများ နှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။ ရှီးယိုက်ဘာသာ ကိုးကွယ်သော အီရန် အစိုးရသည် ဆွန်နီ ဘာသာဝင် ဘားလစ်ခ်များ အပါအဝင် လူနည်းစု ဝင်များကို ဖိနှိပ်ထားကြသည်။ ဘားလစ်ခ် စစ်သွေးကြွများသည် ၂၀၀၀ ပြည့်နှစ် အကျော်ကတည်းက အီရန်တွင် ခြေကုပ် ယူလာခဲ့သည်။ ၂၀၀၅ တွင် "ဘုရားသခင်၏ စစ်သည်တော်များ" ဟု အဓိပ္ပါယ်ရသည့် ဂျန်ဒူလာ အဖွဲ့မှ အီရန် အရာရှိများအား တိုက်ခိုက်ခြင်း၊ ဓါးစာခံ အဖြစ် ဖမ်းဆီးခြင်း၊ တခါတရံ တွင် သတ်ပစ်သည်အထိ လုပ်လာခဲ့ကြသည်။ ၂၀၀၆ တွင် ၎င်းတို့ လက်ချက် ကြောင့် သေဆုံးသူ ပေါင်း ၂၀ ခန့်အထိ ရှိလာခဲ့သည်။ အီရန်တို့ က ပါကစ္စတန်ဖက်ခြမ်းတွင် ရှိသည့် Jaish al-Adl အဖွဲ့သည် ဂျန်ဒူလာ ၏ လက်ခွဲဖြစ်သည်ဟု ဆိုသည်။ စစ်သွေးကြွ များသည် ပြီးခဲ့သည့် လများ အတွင်း အီရန်ထဲတွင် ယခင်ကထက် ပို၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့သည်။ ၂၀၂၃ ဒီဇင်ဘာလ ထဲတွင် အီရန် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးသွားခဲ့သည်။ ဘလူချီစတန် တွင် မတည်မငြိမ် ဖြစ်လာခြင်းကြောင့် နှစ်နိုင်ငံ အစိုးရများ အဖို့ ထို‌ဒေသရှိ သဘာဝ အရင်းအမြစ်များ ဖြစ်သည့် ရေနံ၊ သဘာဝဓါတ်‌ ငွေ့၊ ကြေးနီ နှင့် ရွှေများ တူးဖေါ် ထုတ်လုပ်ရေးသည် ပို၍ ခက်ခဲလာခဲ့သည်။ ထိုဒေသကို ဖြတ် သွယ်တန်းရန် ရှိနေသည့် အီရန်-ပါကစ္စတန် ပိုက်လိုင်း ဆောက်လုပ်ရေးသည်လည်း နှောင့်နှေးသွားခဲ့ရသည်။ ဘားလစ်ခ် စစ်သွေးကြွများက အီရန် နယ်စပ် နှင့် ကပ်နေသော အာရေဗျ ပင်လယ် ကမ်းစပ် မြို့ ဂွာဒါတွင် တရုတ်၏ ဆိပ်ကမ်း ကြီး ဆောက်လုပ်မည့် အရေးကို အပြင်းအထန် ဆန့်ကျင်လျက် ရှိပြီး တရုတ် အလုပ်သမားများကို တိုက်ခိုက်ခဲ့ကြသည်၊ ထို့အတွက် ပါကစ္စတန် အစိုးရမှ အဆိုပါ‌ ဒေသအား အင်အား အလွန်အကျွံ သုံး၍ ထိန်းချုပ်လာခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်နေ့ အစည်းအဝေးတွင် အီရန် နှင့် ပါကစ္စတန် တို့မှ ၎င်းတို့ နယ်ခြားဒေသရှိ သောင်းကျန်းသူများကို နှိမ်နှင်းရန် သဘောတူခဲ့ကြပြီး ‌နှစ်နိုင်ငံ လုံခြုံ‌ ရေး အား အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်လာမည့် အရေးကို ဟန့်တားသွားမည် ဟု ဆိုသည်၊ ဤသည်က ဒေသတွင်း တည်ငြိမ်ရေး အတွက် ကောင်းသည့် အလားအလာ ဖြစ်သော်ငြားလည်း ဘားလစ်ခ် တို့၏ နစ်နာနေရမှု များ အား မည်သို့ မည်ပုံ ဖြေရှင်းပေးမည် ဆိုသည့် စကားများ တော့ ထွက်ပေါ်မလာခဲ့ပေ။ (၂၀၂၄ ဖေဖေါ်ဝါရီ ၂ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ "Why is there so much violence in Balochistan?" ဆောင်းပါးအား ပြန်ဆိုသည်။)