လန်ဒန် သတင်းစာ ခေါင်းကြီးပိုင်းမှ မြန်မာ အရေး အပေါ် ရှီကျင့်ပင်၏ လုပ်ရပ်အား ဒဲ့ဝေဖန်

by Hla Soewai - Feb 09 2024

ထိုအကြောင်းကို မတင်ပြမီ နောက်ဆုံး ရရှိသော သတင်းအား တင်ပြလိုပါသည်။

 

တနင်္ဂနွေ နံနက်လင်းအားကြီး ချိန်တွင် စစ်ကောင်စီ ဖက်မှ နယ်ခြား‌ စောင့် ရဲတပ်သား ၅၈ ဦးသည် ဘင်္ဂလားဒေ့ရှ် ဖက်သို့ ထွက်ပြေး ဝင်ရောက်လာခဲ့သည် ဆိုသော သတင်းပင် ဖြစ်သည်။

 

အချို့သည် စစ်ဝတ်စုံများ နှင့် လက်နက်များ သယ်‌ ဆောင်လာပြီး အချို့က အရပ်ဝတ် နှင့် လူချည်းသာ ရောက်လာပြီး ဒဏ်ရာ ရရှိထားသူများလည်း ပါ‌၍ ‌ရိုဟင်ဂျာ စခန်းများ အပါအဝင် ဆေးရုံများ ခွဲ၍ ကုသပေးလျက် ရှိသည်ဟု ဘင်္ဂလား‌ဒေ့ရှ်ဖက်မှ သတင်းထုတ်ပြန်ခဲ့သည်။ လက်နက်များကိုမူ သိမ်းဆည်းထားသည်ဟု ဆိုသည်။

 

၎င်းတို့ဖက်ရှိ ရွာများသို့ ကျည်များ လာရောက်ထိမှန်၍ တရုတ်ထံ တိုင်တန်း အကူအညီ တောင်းထားရသည်ဟု ဆိုသည်။

 

မိမိတို့၏ ခေါင်းဆောင်ဆိုသူများသည် လက်ရှိ အကျပ်အတည်းအား နိုင်ငံရေး နည်းလမ်းဖြင့် ထွက်ပေါက်ရှာရန် မစဉ်းစားပဲ ဓါးဓါးချင်း လှံလှံချင်း ဖြေရှင်းမည်ဟု ထပ်မံ ဟစ်ကြွေးလာသည့် အခါတွင်တော့ ၎င်းတို့ အတွက် အသေခံ တိုက်ယုံမှ တပါး အခြား နည်းလမ်း မရှိတော့ ဆိုသည်ကို ကောင်းစွာ ရိပ်စားမိလာကြပြီ ဖြစ်သည်။

 

မြန်မာ အပေါ် ရှီကျင့်ပင်မှ လျှာ နှစ်ခွနှင့် အန္တရာယ်ကြီးစွာ ဖြင့် လုပ်စားနေသည် လန်ဒန် ဂါဒီးယန်း သတင်းစာ ခေါင်းကြီးပိုင်းမှ ဝေဖန်လာခဲ့သည်။

 

စစ်အာဏာသိမ်းမှုများ၊ အာဏာရှင် စနစ်ဆိုသည် တို့သည် တိုင်းပြည်ကို ကောင်းကျိုး ဖြစ်စေခဲ့သည်က အလွန်တရာမှ ရှားပါးလှသည်ဟု ဆိုရမည် ဖြစ်သည်။ ထိုအထဲတွင် ယင်း၏ အကျိုးဆက်ကို ကမ္ဘာပေါ်တွင် မြန်မာပြည်သူများလောက် မည်သူမျှ ဆိုးဆိုးရွားရွား ခံစားခဲ့ရဖူးခြင်း မရှိဟု ဆိုရမည် ဖြစ်သည်။

 

၂၀၂၁ ဖေဖေါ်ဝါရီမှစ၍ မင်းအောင်လှိုင်သည် စဉ်းစား အဆင်ခြင်ဉာဏ် ကင်းမဲ့စွာ ဖြင့် မိုက်ရူးရဲ ဆန်ဆန် ကျုးလွန် ခဲ့သည့် ရာဇဝတ်မှု မကင်းသော လုပ်ရပ်များကြောင့် ၎င်းနှင့် အတူ သွေးစွန်းခဲ့ကြသည့် အပေါင်းအပါများသည် ယခုအခါ ကောင်းကောင်းကြီး အထုအထောင်း ခံလာကြရပြီ ဖြစ်သည်။

 

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖြစ်သည့် တော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများ၊ ၏ လက်တွင် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

 

အောက်တိုဘာလ တွင် စတင်ခဲ့သော ထိုးစစ်ကြီးဖြင့် နယ်မြေ အမြောက်အမြားကို သိမ်းယူ နိုင်ခဲ့သည့် အပြင် စစ်အာဏာသိမ်း လက်အောက်ခံ တပ်များ အတွင်း အစုလိုက် အပြုံလိုက် လက်နက်ချချ၊ ထွက်ပြေးသူ ပြေး နှင့် ဖြစ်ကုန်ကြသည်။

 

ထိုသို့ မွှေနှောက်ခံခဲ့ရမှု ကြောင့် စစ်တပ် အတွင်း စိတ်ဓါတ်များ ပျက်ပြားပြီး တုန်လှုပ်သွားခဲ့ကြသည်။ ယင်းနှင့် အတူ ၎င်းတို့၏ ခေါင်းဆောင်ပိုင်းကို ဗြောင်ကျကျ ဝေဖန်လာသည်ထိ ဖြစ်လာခဲ့သည်။

 

အနောက်တိုင်း၏ ပိတ်ဆို့ဒဏ်ခတ်မှု များကို အာခံကာ ပြီးခဲ့သည့် အပတ်အတွင်း အရေးပေါ် အခြေအနေ ဆိုသည်ကို သက်တမ်းတိုးလာခဲ့သည်။ ယင်းနှင့် အတူ အရပ်သားများ အား လေကြောင်း နှင့် လက်နက်ကြီးများ ဖြင့် အရမ်းကာရော ပစ်ခတ် တိုက်ခိုက်မှုများ တိုးမြင့်လာသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့၍ စစ်တပ်၏ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှု စာရင်းကြီး ရှည်လျားသည်ထက် ရှည်လျားလာနေပြီ ဖြစ်သည်။

 

ကုလသမဂ္ဂ၏ ခန့်မှန်းချက် များအရ နိုင်ငံတွင်း နေထိုင်သူ သုံးပုံ နှစ်ပုံသည် စစ်၏ ဒဏ်ကို ခံစားနေကြရပြီး ၂.၆ သန်း ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု သိရသည်။ ယခုထိ လူပေါင်း ၄,၆၀၀ ခန့် သေဆုံးခဲ့ကြရပြီး ၂၀,၀၀၀ ခန့် ဖမ်းဆီး အကျဉ်းချ ခံနေရဆဲ ဖြစ်သည်။ ၁၈.၆ သန်း ခန့်သည် လူသားချင်း စာနာစွာ‌ ထောက်ပံ့မည့် အကူအညီများ လိုအပ်နေပြီး ထိုပမာဏာ သည် ၂၀၂၀ ထက်စာလျှင် ၁၉ ဆ ခန့် မြင့်တက်လာခဲ့သည်။ ထိုအရည်အတွက်သည် ၂၀၁၇ အတွင်း ရိုဟင်ဂျာ များ အား အစုလိုက် အပြုံလိုက် သတ်ဖြတ်၊ အဓမ္မပြုကျင့်မှုများ၊ ရွာလုံးကျွတ် မီးလောင် တိုက်သွင်း ခံရမှု များ ကြောင့် ထွက်ပြေးသွားကြရသည့် လူ ၇၅၀,၀၀၀ မပါသေးပေ။

 

ထိုသို့ မြန်မာ တို့ အတောမသတ်နိုင်လောက်အောင် ဒုက္ခကြီးစွာ ခံစားနေရမှု များ၏ လက်သည် တရားခံသည် နိုင်ငံတကာ အသိုက်အဝန်းမှ ကုလ စာချုပ်စာတမ်းများ၊ အခြေခံ လူ့အခွင့်အရေးများ အား ထိန်းသိမ်းရန် လုံးဝဥသုံ တာဝန် ပျက်ကွက်ခဲ့မှု ကြောင့်ပင် ဖြစ်သည်။ 

 

အမေရိကန်၊ ဗြိတိန် နှင့် အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများအားလည်း ထိရောက်အောင် မပြုနိုင်ခဲ့မှု အတွက် ဝေဖန်ခံခဲ့ရသော်လည်း ၎င်းတို့တွင်လည်း မြန်မာ အပေါ် ဩဇာ အရှိန်အဝါ သက်ရောက်မှု က အနည်းအကျဉ်းမျှသာ ရှိနေသည်။ ရှက်စရာ အဖြစ် ရောက်သွားခဲ့ရသည်က အာဆီယံ အဖွဲ့ကြီး၏ စွမ်းဆောင်နိုင်စွမ်း မရှိ၊ (သို့မဟုတ်က ဆောင်ရွက်ပေးရန် ငြင်းဆိုနေမှု) ပင် ဖြစ်သည်။

 

ထိုထက် ပို၍ တုန်လှုပ် ချောက်ချားစရာ ဖြစ်ခဲ့ရသည်က တရုတ်၏ ကိုယ်ကျိုးစီးပွားကိုသာ အဓိက ထားနေသည့် ရပ်တည်ချက်ပင် ဖြစ်သည်။ ဥပဒေ နှင့် တရားမျှတမှု ရှိ‌ ရေးထက် ၎င်းတို့ နိုင်ငံ အကျိုးစီးပွားကို ဦးစားပေး လာခဲ့သည်။ ဘီဂျင်းသည် တခါတရံ တွင် စစ်အုပ်ချုပ်ရေး သမားများကို ထောက်ခံလိုက်၊ တခါတရံတွင် တိုင်းရင်းသား လက်နက်ကိုင်များဖက်က ရပ်တည်လိုက် နှင့် လျှာနှစ်ခွ နှင့် ကစားနေသည်။

 

၎င်းတို့ လက်ရှိ ရည်မှန်း လုပ်ဆောင်နေသည်က ရပ်ဝန်း နှင့် လမ်း စီမံကိန်း ရင်းနှီးမြုပ်နှံမှု များအား ကာကွယ်နိုင်ရေး၊ နယ်စပ် ဖြတ်‌ ကျော်လာသည့် ရာဇဝတ်မှုများ ဟန့်တား‌ ရေး နှင့် တိုက်ပွဲများ ကူးစက်မလာရေး ပင် ဖြစ်သည်။

 

ယင်းသည် တရုတ်သမ္မတ ရှီကျင့်ပင်၏ အနောက်နိုင်ငံများအား လက်ချာရိုက်နေကျစကား များ ဖြစ်သည့် အခြား နိုင်ငံ၏ ပြည်တွင်းရေး ကို ဝင်မစွက်ဖက်ရေး ဆိုသည် အတိုင်း ကိုင်တွယ်နေခြင်းပင် ဖြစ်သည်။

 

သိုသော်လည်း တရုတ်နှင့် ၎င်း၏ အနီးကပ် မဟာမိတ် ရုရှားသည် မြန်မာ နှင် ပတ်သက်၍ မည်သူမျှ မယှဉ်နိုင်သည့် ဩဇာ သက်ရောက်မှု များ ရှိ‌နေကြသည်။ နှစ်နိုင်ငံစလုံးက လက်နက်များ ထောက်ပံ့နေကြယုံမျှ မက ၎င်းတို့ ကုန်သွယ် စီးပွား အကျိုးရှိရာ ရှိကြောင်း အမြဲလို ဝင်ရောက်စွက်ဖက်လေ့ ရှိကြသည်။

 

ထိုသို အတ္တလွန်ကဲသည့်‌ ကြောင်သူတော် ဆန်မှုများသည် ဒေသတွင်း အင်အားကြီး နိုင်ငံ ဖြစ်နေပြီး ကမ္ဘာ ဆူပါပါဝါ ဖြစ်လာနိုင်သည့် နိုင်ငံတနိုင်ငံ၏ တာဝန်သိမှု ဆိုသည်နှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်နေသည်။

 

နောက်ထပ် ဆိုးသွမ်း ဟော့ရမ်းသော နိုင်ငံ တနိုင်ငံဖြစ်သည့် မြောက်ကိုရီယား တွင်လည်း အလားတူ အနေအထား မျိုး တွေ့လာရသည်။ ဘီဂျင်းသည် မြောက်ကိုရီယား အာဏာရှင် ကင်ဂျုံ အန်း၏ သံတမန်ရေးနှင့် နိုင်ငံရေး ဖက်တွင် မဟာမိတ်တဦး ဖြစ်နေသည်။ ထို့ပြင် အဓိက ကုန်သွယ်ရေး ပါတနာ နှင့် စားနပ်ရိက္ခာ ထောက်ပံ့ပေးသည့် နိုင်ငံလည်း ဖြစ်နေသည်။ တရုတ်၏ ကျားကန်ပေးမှုသာ မရှိက မြောက်ကိုရီယားသည် အတွင်းမှ လှိုက်စားပြီး ပေါက်ကွဲ ထွက်လာမည်သာ ဖြစ်သည်။

 

ကင်ဂျုံအန်းသည် နျူကလီယား ထိပ်ဖူးတပ် ဒုံးကျည်များ အဆင်ခြင်မဲ့ ပစ်ခတ် စမ်းသပ်နေသည်ကို ရှီကျင့်ပင် သည် အေးအေးလူလူ ပင် ထိုင်ကြည့်နေသည်။ ရှီသည် ကင်ဂျုံအန်း၏ လုပ်ရပ်ကြောင့် တောင်ကိုရီယား နှင့် ဂျပန်တို့ အမြဲလို စိတ်မသက်မသာ ဖြစ်နေသည်ကို ကြိတ်ပြီး ကြည်နူးနေပုံရသည်ဟု အနောက်တိုင်း သုတေသီများက သံသယ ရှိနေကြသည်။ ထို့ပြင် ကင်၏ ဗျူဟာ ကြောင့် အမေရိကန်သည် တိုင်ဝမ် အပေါ် အာရုံစိုက်မှု လျော့ပါးသွားမည်ဟု ယုံကြည်နေခြင်းသည်လည်း အကြောင်းတကြောင်း အဖြစ် ပါဝင်နေပုံရသည်။

 

သို့သော် တကမ္ဘာလုံး အတိုင်းအတာ နှင့် ခြုံကြည့်မည် ဆိုလျှင် တရုတ်သည် ဆိုးဝါးလွန်းလှသည့် နမူနာ တခုကို ချပြနေခြင်းသာ ဖြစ်သည်။

 

နျူကလီယား လက်နက်များ ပြန့်ပွားလာခြင်းသည် လူသားမျိုးနွယ် တရပ်လုံး ခြိမ်းခြောက်ခံလာရခြင်းလည်း ဖြစ်သည်။ ကင်ဂျုံအန်းသည် တိုက်ချင်းပစ် ဒုံးကျည်များနှင့် အမေရိကန် ပြည်မကြီးနှင့် အိမ်နီးချင်းများအား ပစ်ခတ်နိုင်သည် အထိ ခြိမ်းခြောက်လာမှုများကြောင့် ဒေသတွင်း မတည်မငြိမ် ဖြစ်လာပြီး အန္တရာယ် များလာနေသည်။ ထိုသို့ဖြစ်လာက တရုတ်သည်လည်း လွတ်ကင်းတော့မည် မဟုတ်။

 

ယခင်က ဖွံ့ဖြိုးဆဲ နိုင်ငံ တနိုင်ငံ အနေဖြင့် အမေရိကန် ကမကထ ပြုထားသော လုံခြုံရေး အခင်းအကျင်း ကြောင့် လွန်စွာ အကျိုးအမြတ် ဖြစ်ထွန်းလာသော တရုတ်သည် ထိုတာဝန်ကို လက်ဆင့်ကမ်း သယ်ယူ ပြီး ရှေ့သို့ ထွက်လာသင့်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!