တွန် အင်ဒရူး ဘာတွေ ပြောလဲ

by Hla Soewai - Feb 09 2024

အာဏာသိမ်း သုံးနှစ် မြောက် အဖြစ် ဗီအိုအေ နှင့် အင်တာဗျုး တွင် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ လူ့အခွင့်အရေး တာဝန်ခံ တွန် အင်ဒရူး ၏ ဝေဖန် ဆွေးနွေး သွားသည်များကို ကောက်နှုတ် တင်ပြသွားမည် ဖြစ်သည်။

 

မေး - စစ်တပ်မှ အကြမ်းဖက်သမား များကို တိုက်ဖျက်ရန် ခေါင်းစဉ်တပ်ပြီး သက်တမ်း ထပ်တိုးမှု

 

တကယ်တမ်း တော့ အကြမ်းဖက် သမား တွေ ဆိုတာ သူတို့ပါပဲ။ စစ်ရေးလေ့လာ သုံးသပ်သူ တဦး နဲ့ ကျွန်တော် မကြာခင်က ပြောဖြစ်ခဲ့ရာမှာ သူက စစ်တပ်ရဲ့ စစ်ဆင်ရေး အားလုံး၏ ၉၅ ရာနှုန်းဟာ ဆိုရင် အရပ်သား တွေကို ဦးတည် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်၊ သူတို့ သက်တမ်း တိုးတိုင်း တိုင်းပြည် တည်ငြိမ်ရေး၊ လုံခြုံရေး ဆိုပြီး အမြဲ လို အကြောင်းပြလေ့ ရှိပေမယ်၊ သူတို့ကိုယ်နှိုက်က မြန်မာပြည်သူ တွေ အေးချမ်း လုံခြုံမှု မရှိအောင် ဖန်တီးနေတဲ့လူတွေ ဖြစ်နေတာပါပဲ။

 

သူတို့ ဖက်က ဖွဲ့စည်းပုံ ရှိနေလေဟန် ကလိန်ခြုံ ဇာတ်ထုတ်ကြီး ခင်းပြနေပေမယ့် လူတိုင်းက အမှန်ကို သိနေကြပြီး သားပါ၊ ရွေးကောက်ပွဲ ဆိုတာကလည်း လက်ရှိ အနေအထားမှာ ဘယ်လို မှ လုပ်လို့ မဖြစ်တဲ့ အခြေအနေပါ။ သူတို့ရွာတွေကို ဗုံးကြဲ တိုက်ခိုက်ခံနေရတဲ့ လူတွေဆီက မဲတွေ ရဖို့ မျှော်လင့်နေတာလား။

 

မေး- စစ်တပ်၏ ရှေ့ဆက် အာဏာဆုပ်ကိုင်ထားနိုင်မည့် အလားအလာ

 

နယ်မြေတွေ လက်လွှတ်လာနေရပြီး စစ်သား တွေ လည်း လက်နက်ချသူချ၊ ဘက်ပြောင်းသူ ပြောင်းနဲ့ ၄,၀၀၀ လောက် ဆုံးရှုံးသွားပြီ၊ တပ်မှုး တွေ အပြင် စစ်စခန်း တွေ ရာပေါင်းများစွာ လည်း ပါတယ်။ စစ်ရေး ရှု့ထောင့် တခုတည်းကပဲ ကြည့်ဦး၊ သူတို့ ရှုံးနေပြီ။ နိုင်ငံတဝက်နီးပါး လောက်ပဲ ထိန်းချုပ်ထားနိုင်မှုကလည်း တနေ့တခြား လျော့ နည်းလာနေပြီ။

 

လူ့အခွင့် အရေး ဖက်က ကြည့်မယ် ဆိုရင်တော့ ဒီအဆုံးအရှုံး တွေ ထေမိအောင် အပြစ်မဲ့ ပြည်သူတွေ အပေါ် တိုးပြီး တိုက်ခိုက်လာနေတဲ့ ပြဿနာနဲ့ ကြုံလာနေရတယ်။ ဒါဟာ ရေတိုမှာ မြန်မာ ပြည်သူတွေ အတွက် ပြဿနာကြီး ဖြစ်လာနေပေမယ့် စစ်တပ်တဖြေးဖြေး အားပျော့လိုက်လာနေတာကို တွေ့နေရတာကိုက ရေရှည် အတွက် အကျိုး ရှိနေပါတယ်။

 

နိုင်ငံတကာ အထူးသဖြင့် ကုလ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လူတွေရဲ့ အသက်ကို ကယ်နိုင်ဖို့ ဘာတွေ လုပ်သင့်လဲ။

 

ပထမဆုံး လုပ်ရမှာက ၎င်းတို့ သုံးသပ်ခံယူထားတာတွေ ပြန်ပြီး စီစစ်ကြဖို့ ပါပဲ။ စစ်တပ်က “ကဲ..ငါတို့ကတော့ ရှိနေမှာပဲ။ ငါတို့ကို လက်ခံနိုင်အောင် ကြိုးစား၊ မင်းတို့ မကြိုက်ပေမယ့်လည်း ငါတို့က မဖြစ်မနေ ဆက်ရှိနေမှာ ဖြစ်လို့ ဆက်ဆံနိုင်ဖို့ လုပ်ကြပါ” ဆိုတဲ့ သဘော ပုံဖေါ်ဖို့ ကြိုးစားနေတာ။

 

ဒါပေမယ့် သူတို့ ပုံဖေါ်နေသလို ဖြစ်မလာဖူးဆိုတာ အထင်အရှား တွေ့နေရပြီ၊ သူတို့ ရဲ့ ငါတို့ကို ရှောင်လို လွှဲလို့ မရဖူး ဆိုတာ ဘယ်လိုမှ အဓိပ္ပါယ် မရှိတော့ဖူး ဆိုတာပဲ။

 

နိုင်ငံတကာ အနေနဲ့ နိုင်ငံဖက်ကနေ တရားဝင် ရပ်တည်ပေးနေတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်ပြုဖို့ ပထမဆုံး လုပ်ရမယ်၊ ဒုတိယ အနေနဲ့ အခု ဆို အလုပ်ဖြစ်လာနေတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု တွေ ဆက်လုပ်သွားဖို့ပဲ။ အခု ပိတ်ဆို့မှု တွေက သူတို့ကိုပဲ ဦးတည် ရည်ရွယ်ပြီး လုပ်နေတာ ဖြစ်တော့ အာဏာသိမ်း အဖွဲ့ အားပျော့ လာနေပြီ။ အခု ဆို မြို့တွေ ရွာတွေကို ဗုံးကြဲဖို့ လေယာဉ်ဆီတွေ တဖြေးဖြေး နဲ့ အဝယ်ရ ခက်သည်ထက် ခက်လာနေပြီ၊ လက်နက်တွေ ထပ်ထုတ်ဖို့ လိုအပ်တဲ့ အရင်းအမြစ် တွေ ဆုံးရှုံးနေပြီ။ ဘဏ္ဍာရေး ဖက်မှာလည်း လုံးပါး ပါးလာနေပြီ၊ ဒီအတွက် လက်ရှိ အရှိန်အဟုန်ကို ထပ်ပြီး မြှင့်တင်သွားဖို့ပဲ လိုတယ်။

 

ဆိုက်ဘာ လိမ်လည်မှု တွေ တိုက်ဖျက်ဖို့ တရုတ်က စစ်ကောင်စီ နဲ့ ပူးပေါင်းနေမှု

 

တရုတ်ဖက်က တော့ မြန်မာ နိုင်ငံထဲမှာ ဖြစ်ပေါ် ပြောင်းလဲ လိုက်လာနေတဲ့ အခြေအနေပေါ်မူတည်ပြီး သူရဲ့ စီးပွားရေး၊ လူမှုရေး တွေ အကျိုးရှိအောင် လုပ်ရဖို့က သူတို့တာဝန်၊ မြန်မာ မှာ အနေအထားတွေ ပြောင်းလာနေပြီ၊ စစ်တပ်ကိုလည်း မလွှဲသာ မရှောင်သာ ဆက်ပြီး ဆက်ဆံသွားစရာ မလိုတော့ဖူး ဆိုတာ သိလာတာကိုက အရေးကြီးဆုံး အချက်ပဲ။ ကျွန်တော် ပြောချင်တာက စစ်တပ်လက်အောက်မှာ မြန်မာပြည်ထဲ ဥပဒေမဲ့ လုပ်ရပ်တွေ မှိုလိုပေါက်အောင် ဆက်ဖြစ်လာနေမယ့် အရေးကိုက တရုတ်ပြည်သူတွေကို တိုက်ရိုက် ခြိမ်းခြောက်နေတာ ဖြစ်တယ်။

 

လက်ရှိမှာ တရုတ်ဟာ အင်အားကြီး နိုင်ငံ ဖြစ်နေတဲ့ အတွက် တရုတ်နဲ့ ထိတွေ့ဆက်ဆံပြီး ပူးပေါင်း ဆောင်ရွက်သွားနိုင်မှ အဖြေထွက်လာလိမ့်မယ်။

 

ကုလသမဂ္ဂ မှာ ဦးကျော်မိုးထွန်း သံအမတ်ကြီး အဖြစ် ဆက်ရှိနေတာကိုက တရုတ်ဖက်က ထောက်ခံပေးထားလို့ပဲ။ ကုလ အထွေထွေ ညီလာခံ မှာ ကန့်ကွက်ပြောဆိုနေတာ ကို မကာကွယ်တဲ့ အပြင် အသိအမှတ် ပြုတယ်၊ ဒါတွေကို ကြည့်ရင် တရုတ်ဖက်က လက်တွေ့ကျကျ ကျင့်သုံးနေတယ် ဆိုတဲ့ သဘောထားမျိုး တွေ့နေရတယ်။ တရုတ်နဲ့ တတ်နိုင်သမျှ အပြုသဘော ပူးပေါင်းသွားမယ်ဆိုရင် အကျိုးရှိဖို့ များတယ်။

 

ရုရှား၏ ပါဝင် ပတ်သက်မှု

 

ရုရှားက မြန်မာ စစ်အာဏာသိမ်း အဖွဲ့အတွက် တခုတည်းသော လက်နက် တွေ ရရာ ရကြောင်း အရင်းအမြစ်ကြီး ဖြစ်နေတယ်။ သူတို့ဆီက ရတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ် တွေနဲ့ အပြစ်မဲ့ အရပ်သား တွေကို တိုက်ခိုက် သတ်ဖြတ်နေတာ က အတော် ထိတ်လန့်စရာ ကောင်းလောက်အောင် ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ ဒီလက်နက်တွေ လွှဲပြောင်းပေးတာတွေကို ကျွန်တော့် ကုလ အစီရင်ခံစာထဲမှ ထဲ့ပြီး ဝေဖန် ရှုတ်ချထားပြီးသားပါ။ ဘယ်လိုမှ လက်မခံနိုင်စရာ ပါပဲ။ ဒီလိုလုပ်ရပ်တွေ ရပ်တန်းက ရပ်မှ ဖြစ်မယ်။

 

လူသာချင်းဆိုင်ရာ အကူအညီများ ပေးနိုင်မှု

 

မြန်မာပြည်မှာ လူဦးရေ ၁၈.၆ သန်း က အရေးတကြီး အကူအညီ တွေ လိုအပ်နေတယ်။ ပြီးခဲ့တဲ့ တနှစ်တည်း ကလေးသူငယ် ၁၀,၀၀၀ လောက် အဟာရ အတော် လေး ဆိုးဆိုးဝါးဝါး ချို့တဲ့ခဲ့ကြလို သေဆုံးခဲ့တယ်လို့ ကုလ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါပြီးသားပါ။ ဆိုလိုတာကတော့ နှစ်စဉ် ကလေးသူငယ် ထောင်ပေါင်းများစွာ အစားအစာ လုံလုံလောက်လောက် မစားရပဲ ငတ်မွတ်လာနေတဲ့ အတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ အများကြီး လိုအပ်နေပြီ။

 

စစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေ တဖြေးဖြေး နဲ့ ကျဉ်းလာနေပြီမို့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ နိုင်ငံတွင်း နဲ့ နယ်စပ်တလျောက် ရှိထားပြီး သားကို အခွင့်အရေး တရပ်အနေနဲ့ အသုံးချဖို့ လိုပါတယ်၊ သူတို့မှာ အဖွဲ့အစည်း တွေ နဲ့ လုပ်နိုင်ကိုင်နိုင် ရှိကြပေမယ့် အကူအညီတွေ ဖြန့်ဝေ‌ပေးဖို့ အရင်းအမြစ် တွေ မရှိရှာဘူး ဖြစ်နေတယ်။

 

ဒီအတွက် ကုလ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ဒီအဖွဲ့အစည်းတွေ ဆီ အကူအညီတွေ ရောက်ဖို့ ပိုပြီး အခွင့်အရေး တွေကို ကျယ်ကျယ့်ပြန့်ပြန့် အသုံးချဖို့ လိုနေပြီ ဖြစ်တယ်။ 

 

ဤသည်ကား တွန်အင်ဒရူး နှင့် ဗီအိုအေ တွေ့ဆုံ မေးမြန်းခန်း မှ ကောက်နှုတ် တင်ပြထားခြင်း ဖြစ်သည်။

 

တကမ္ဘာလုံးသည် ၎င်းတို့ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ နီးပါးက အသေအလဲ ခုခံတိုက်ခိုက်ခဲ့သော ဖက်ဆစ် တစ္ဆေ ကြီးသည် မြန်မာ ပြည်တွင် ခေါင်းထောင်ထလာနေသည့် အဖြစ်ကို မျက်ဝါးထင်ထင် တွေ့မြင်နေကြရပြီ ဖြစ်သည်။ လက်ရှိ စစ်အုပ်ချုပ်ရေး သမားများသည် တွန် အင်ဒရူး ပြောသလို ဘာပဲ ဖြစ်ဖြစ် နောက်ဆုံး တွင် မဖြစ်မနေ ဆက်၍ ဆက်ဆံ သွားရမည့် “Inevitable” မဟုတ်တော့ ဆိုသည်ကို သဘောပေါက် မှ ဖြစ်မည်။

 

မြန်မာ ပြည်သူများကတော့ ၎င်းတို့ အား လည်မြို ညှစ်သည်ထက် ညှစ်လာနေသော အဆိုပါ ဖက်ဆစ်တစ္ဆေကြီး ကို မိမိတို့ ရှိသမျှ အင်အားဖြင့် အပြီး ပိုင် ချေမှုန်းမှ ဖြစ်မည်ဟု သဘောပေါက် ထားပြီဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!