အမေရိကန် ကွန်ဂရက် အမတ် သုံးကျိပ် မြန်မာ အရေး လှုပ်ရှားရန် အဖွဲ့ ဖွဲ့စည်း

by Hla Soewai - Feb 09 2024

Congressional caucus ဟု ခေါ်သော ထိုအဖွဲ့အား စစ်အာဏာ သိမ်း သုံးနှစ် မြောက် နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး အမေရိကန် အောက်လွှတ်တော် ရှိ မင်နီဆိုဝာာ ပြည်နယ် ဒီမိုကရက် အမတ် ဘက်တီ မက်ကောလန် နှင့် မီချီဂန် ပြည်နယ် ရီပတ်ဘလီကင် အမတ် ဘေလ် ဟူဇင်ဂါ တို့မှ ပူးတွဲ ဥက္ကဌ များ အဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

 

၎င်းတို့မှ ပါတီ နှစ်ရပ် ပေါင်း၍ စစ်အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင် တွန်းလှန်နေသည့် မြန်မာပြည်သူများ အား အစဉ်မပြတ် ထောက်ခံမှု ပေးသွားရန် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ ကာလ အတွင်း တရုတ်နှင့် ပြဿနာ မပေါ်အောင် ကြိုးစားနေသည့် ဘိုင်ဒင် အစိုးရ အဖွဲ့ ကို အားမလို အားမရ ဖြစ်လာသည့် အတွက် ထိုသို့ ဖွဲ့စည်းလာခြင်း ဖြစ်ပုံရသည်။

 

Congressional Caucus ဆိုသည်က အကြောင်းအရာ တခု အတွက် လွှတ်တော် အတွင်းရှိ စိတ်တူ ကိုယ်တူ ချင်း ပေါင်းစည်းလာသူများ ၏ အဖွဲ့ကို ခေါ်ဆိုခြင်း ဖြစ်သည်။ 

 

အမေရိကန် တွင် နေထိုင်ကြသော မြန်မာ မိသားစု ဝင်များ အတွက် ကွန်ဂရက် နှင့် ဆက်သွယ် ပေါင်းကူး ဆောင်ရွက်သွားရန် အရေးပါသည့် လမ်းကြောင်းတခု ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဟူဇင်ဂါ က ဆိုသည်။

 

မြန်မာပြည်တွင်း ရင်ဆိုင်နေရသော အကျပ်အတည်းသည် ကွန်ဂရက် ခေါင်းဆောင်များ လျစ်လျူ ရှုနေ၍ မရတော့သည့် အဆင့်သို့ ရောက်လာပြီဟု ဆိုသည်။

 

အမေရိကန် ရှိ မြန်မာအရေး လှုပ်ရှားနေသူ များက ထိုသို့ ဖွဲ့စည်းလိုက်ခြင်းကြောင့် BURMA ACT အား အခိုင်အမာ အကောင်အထည် ပေါ်လာရေး၊ မြန်မာ အရေး အထူး သံတမန် ခန့်အပ်ရေး နှင့် အမေရိကန် တို့ ထိန်းချုပ်ထားသည့် ဒေါ်လာ တစ်ဘီလီယံ ရှိ ‌ငွေကြေးများ နှင့် စပ်လျှင်း၍ မည်သို့မည်ပုံ ကိုင်တွယ် သွားမည့် အပေါ် အထူး အကြံပေး အဖွဲ့ ထွက်ပေါ်လာရေးများ တွန်းအားပေးလာလိမ့်မည်ဟု မျှော်လင့်လျက် ရှိသည်။

 

ကွန်ဂရက် အနေဖြင့် မြန်မာတို့၏ ရုန်းကန် တိုက်ပွဲဝင်နေမှုအား အမေရိကန် အစိုးရမှ ယခုထက် ပို၍ ထောက်ခံမှု ပေးလာအောင် ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း အမေရိကန် အခြေစိုက် နယူး မြန်မာ ကမ်ပိန်း အဖွဲ့က ကြိုဆိုလိုက်သည်။

 

လောလောဆယ် တွင် ကွန်ဂရက် အမတ် ၃၀ ပါဝင်မည် ဖြစ်သည်ဟု သိရသည်။

 

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဌ ဘင် ကာဒင်သည် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ‌ဒေါ်ဇင်မာအောင် နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အာဏာသိမ်း သုံးနှစ်မြောက် ကြေငြာချက် ကို ထုတ်ပြန်လာခဲ့သည်။ (ပုံတွင် ရှု့)

 

ထိုကြေငြာချက်ထဲတွင် အတိုချုပ်အားဖြင့် မြန်မာ စစ်ခေါင်းဆောင်များသည် မြန်မာပြည်သူတို့၏ ဒီမိုကရေစီ ရည်မှန်းချက်များ နှင့် လိုအင်ဆန္ဒများကို နင်းခြေဖျက်ဆီးနိုင်ရန် ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် အသုံးချလာသည့် စာအုပ်ကြီး ပါ နည်းလမ်းများ အတိုင်း လုပ်လာနေပြီ ဖြစ်၍ မိမိတို့ဖက်မှလည်း မည်သို့ ကူညီနိုင်မည်ကို ဒေါ်ဇင်မာအောင်နှင့် ဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသည်။

 

ကာဒင်သည် BURMA ACT ၏ မူလ လက်သည်ကြီးလည်း ဖြစ်သည်။

 

ဤသည်ကို ကြည့်က အမျိုးသား ညီညွတ်ရေး အစိုးရသည် အမေရိကန် အုပ်ချုပ်ရေး အသိုက်အဝန်းသို့ ကောင်းစွာ ထိုးဖေါက်လာနိုင်ပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့ အဖို့တော့ သုံးနှစ်တာ ကာလ အတွင်း တိုင်းပြည်ကို ဇောက်ထိုးမိုးမျှော်် လုပ်ခဲ့ယုံမျှမက ကမ်းကုန်အောင် ရက်စက်ခဲ့ကြပြီး ဖြစ်၍ ရှေ့လျောက် အစိုးရ ပုံစံမျိုး အုပ်ချုပ်၍ မည်သို့မျှ မဖြစ်နိုင်တော့၍ တတိုင်းပြည်လုံးကို လည်မျိုညှစ် အုပ်ချုပ်သွား‌ရန်သာ ရှိ တော့သည်ကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ က ရှင်းလင်းစွာ သဘောပေါက်လာကြပြီ ဖြစ်သည်။

 

၎င်းတို့ အာဏာသိမ်း ခဲ့သည်ကို စိတ်ပေါ့သွပ်နေသူ များ မှ အပ၎င်းတို့၏ အလိုတော်ရိများ၊ ထောက်ခံ‌ နေသူ များ ပါ မကျန် တတိုင်းပြည်လုံး ကလေးသိ ခွေးသိ အဖြစ်ကိုလည်း မဟုတ်လေသယောင် ခြောက်လ တကြိမ် လူ‌ ရှေ့ သူ‌ ရှေ့ ထွက်ကာ တအုပ်စုလုံး အရှက်ကင်းမဲ့စွာ လိမ်ညာ ဇတ်ခင်း နေကြရသည့် အဖြစ်ကလည်း ကြည့်ရင်းနှင့် သနားဖို့ပင် ကောင်းနေရပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!