နိုင်ငံတော် အတိုင်ပင်ခံ၏ အကျဉ်းစံဘဝ အောင်မြင်ခဲ့သည့် အသံတိတ် သပိတ်

by Hla Soewai - Feb 09 2024

စစ်ခေါင်းဆောင်များ ၏ အလွဲလွဲ အချော်ချော် အာဏာ သိမ်းခဲ့မှု သည် သုံးနှစ်ပြည့်မြောက်လာပြီး နိုင်ငံသည်လည်း စုတ်ပြတ်သထက် ပြတ်လာနေပြီ ဖြစ်၍ နိုင်ငံတကာ မှ ပြစ်တင် ရှုတ်ချသည့် ကြေငြာချက်များ အသီးသီး ထုတ်ပြန်ကြေငြာလာခဲ့သည်။

 

ထိုအထဲတွင် အမေရိကန်၊ အီးယူ ၂၇ နိုင်ငံ၊ ဗြိတိန်၊ ကနေဒါ၊ တောင်ကိုရီယား၊ ဂျပန်၊ ဩစတေးလျှ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန် တို့ ပါဝင်သည်။ အိန္ဒိယ အစိုးရမှပင် အခြေအနေများ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေမှု အပေါ် စိုးရိမ် လာမိပြီ ဟု ကြေငြာချက် ထုတ်ပြန်လာခဲ့သည်။

 

အင်‌ဒိုနီရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဂျပန်၊ ပြင်သစ် အစရှိသည့် နိုင်ငံများတွင်လည်း လူထု ကန့်ကွက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

 

နိုင်ငံတော် အတိုင်ပင်ခံ ၏ သားဖြစ်သူ ကင် အဲရစ်သည် မိခင်၏ လက်ရေး နှင့် ရေးသားပေးပို့ လိုက်သော စာကို သုံးနှစ် အတွင်း ပထမဆုံးအကြိမ် လက်ခံရရှိခဲ့သည်ဟု ဗြိတိန် ၏ Sky News နှင့် အင်ဝာာဗျူး တွင် ဝမ်းပမ်းတသာ ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

ဇန်နဝါရီ လလယ် အတွင်း ဗြိတိသျှ နိုင်ငံခြား‌ ရေးရုံး မှ တဆင့် လက်ခံရရှိခဲ့သော စာထဲတွင် သွားနာ သွားကိုက် နှင့် ကျောရိုး နာနေသည် မှ အပ ကျန်းကျန်းမာမာ ရှိကြောင်း ပါရှိသည်ဟု ဆိုသည်။

 

မင်းအောင်လှိုင်သည် သူမ၏ မိသားစု မှ ပေးပို့လိုက်သော ပါဆယ်ထုတ်ကို လက်ခံခွင့် ပြုခဲ့ပြီး စာပြန်ရေးသားခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

 

မိခင်ကြီး မည်သည့် နေရာ ရောက်နေမှန်းပင် မသိရသော သားဖြစ်သူ အဲရစ် အဖို့က ထိုစာဖြင့် မိခင် အသက်ရှင်နေဆဲ ဖြစ်သည်ကို အတည်ပြု နိုင်ခဲ့ပြီ ဖြစ်သည်။

 

စာပါ အသွားအလာများကို ကြည့်က ယခင်လိုပင် စိတ်ဓါတ် မာကျော ကြံ့ခိုင်နေဆဲ ဆိုသည်ကို အကဲခတ်၍ ရသည်ဟု ဆိုသည်။ ပါဆယ်ထုတ် လက်ခံရရှိ၍ ကျေးဇူးတင်ကြောင်းမှ လွဲ၍ အခြား အကြောင်းများ မပါရှိဟု သိရသည်၊ ပါရှိမည် ဆိုကလည်း စာ သည် သားဖြစ်သူထံ ရောက်လာတော့မည် မဟုတ်ပေ။

 

မိခင် ဖြစ်သူသည် မည်သို့ မည်ပုံ ချုပ်နှောင်ခံနေရသည်ကို မသိရဟု ကင် က ပြောခဲ့သည်။ မိခင် ၏ အိမ်အား လေလံဆွဲမည့် ကိစ္စ နှင့် ပတ်သက်၍ RFA အား သူ၏ ထင်မြင်ချက်ကို ပြောပြရာတွင် ရောင်းရ ငွေများကို တ‌ယောက်တဝက် ခွဲပေးမည် ဆိုသော်လည်း ဦးလေးဖြစ်သူသာ သူ့ရသင့်သည်ကို အကုန်ရဖို့ ရှိပြီး သူမ မိခင် ရမည့် ငွေများကိုမူ စစ်တပ်က သိမ်းယူသွားမည်သာ ဖြစ်သည်ဟု ဆိုသည်။ မိခင်သည် ရောင်းရဖို့ ဖြစ်လာက သူမအတွက် ရသင့်သည်များကို လူထု အကျိုး အတွက် သုံးရန် ရည်ရွယ်ထားပြီး ဖြစ်သည်ဟုလည်း ပြောခဲ့သည်။

 

သို့သော် သူမ၏ အနေအထား နှင့် ပတ်သက်၍ နစ်ကီအေးရှား သတင်းထောက် ဒိုမိနစ် ဖောဒါ မှ ရေးသားသော ဆောင်းပါးတွင် အတန်ငယ် ပြည့်ပြည့်စုံစုံ ပါရှိလာခဲ့သည်။

 

နေပြည်တော်၏ အနောက်တောင် ယွန်းယွန်းရှိ အကျဉ်းထောင်ထဲတွင် နိုင်ငံတော်အတိုင်ပင်ခံသည် အကျဉ်းကျနေခဲ့သည်မှာ ရက်ပေါင်း ၁,၀၉၅ ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုသုံးနှစ်တာကာလ အတွင်း ပြင်ပ နှင့် ဆက်သွယ် စကားပြောခွင့် အဖြစ် ထိုစဉ်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမူဒွင်နိုင်း တဦးသာ ရှိခဲ့သည်။

 

အကျဉ်းထောင် အဖြစ် ယခင် ရွံတောများ ရှိသည့် နေရာတွင် ဆောက်လုပ်ထားခြင်း ဖြစ်၍ အခြေ အနေ အတော်ဆိုးသည်ဟု ထိုနေရာတွင်ပင် နှစ် နှစ်ကြာ အကျဉ်းချ ခံခဲ့ရသော ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင် တန်နဲလ် က ပြောပြသည်။

 

မိုးရွာသည့် အချိန်မှ လွဲ၍ ကျန် အချိန်များတွင် ခြစ်ခြစ်တောက်အောင် ပူပြင်းသည့် နေရာမျိုး ဖြစ်ပြီး ကြွက်၊ ခြင်၊ ယင် များ ပေါများ၍ အတော်လေးကို ဆိုးသည့် နေရာဟု ဆိုသည်။

 

သူမ၏ အကျဉ်းဆောင်၏ နံရံအား အပေါ့စား အုတ်တမျိုး နှင့် ဆောက်လုပ်ထားပြီး အပေါ်တွင် အပြာရောင် သွပ် မိုးပေးထားသည်။ အခန်းတခန်း၊ ရေချိုးခန်း တခန်း၊ လိုက်ကာဟူ၍ မရှိပဲ နှစ်ပတ် နှင့် အပြီး ဆောက်ခဲ့ခြင်း ဖြစ်သည်။ လေအေးပေးစက် တပ်ပေးမည် ဆိုသည်ကို လက်မခံပဲ ငြင်းပယ်ခဲ့သည်။

 

"ကျမကို တပ်ပေးမယ် ဆိုရင် အခြား အကျဉ်းသားတွေ အားလုံး အတွက် တပ်ပြီးမှပဲ လုပ်ပါ" ဟု ပြောခဲ့ကြောင်း ရှောင် တန်နဲလ်က ဆိုသည်။

 

"သူ‌ နေရတဲ့ အဆောင်ကို ကျွန်တော် အခန်းကနေ နေ့တိုင်း လိုလို လှမ်းမြင်နေရတယ် ထောင်ဝန်း အလယ်မှာ ထီးထီးကြီး၊ လူတရပ်စာ မြင့်တဲ့ အုတ်တံတိုင်း ခတ်ထားတယ်" ဟု ပြောပြခဲ့သည်။

 

ပြင်ပတွင်တော့ နိုင်ငံတဝှမ်းလုံးရှိ ပြည်သူများသည် အာဏာရှင်များ၏ နည်းမျိူးစုံ ဖြင့် ခြိမ်းခြောက်နေမှု များမှ အသံတိတ် ဆန္ဒပြပွဲ ကို အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ခဲ့ကြသဖြင့် ကမ္ဘာအလယ်တွင် စစ်ကောင်စီအဖို့ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားခဲ့ရပြန်သည်။

 

လက်ရှိတွင် စစ်အာဏာရှင် များ အဖို့ နှစ်ပေါင်း ၆၀ အတွင်း ၎င်းတို့အတွက် အကြီးမားဆုံး အန္တရာယ်ကြီး နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

သို့သော်လည်း မင်းအောင်လှိုင် သည် ၎င်း၏ အလိုတော်ရိ နိုင်ငံ ရေး ပါတီ များ နှင့် ‌အတုအ‌ ယောင် ရွေးကောက်ပွဲ ဖန်တီးနိုင်သည် အထိ တောင့်ခံထားရန် ကြံစည်နေသည်၊ ၎င်းအား ထောက်ခံသူများပင် အပြောင်းအလဲ လုပ်မှ ဖြစ်မည်ဟု သဘောပေါက် နေကြပြီ ဖြစ်၍ မည်မျှကြာကြာ ဆက်တောင့်ခံ ထားနိုင်မည်လဲ ဆိုသည် မေးခွန်းမျိုးထုတ်လာကြပြီ ဖြစ်သည်။

 

ဒုသမ္မတ မြင့်ဆွေကတော့ မင်းအောင်လှိုင် အကြောင်း သိထားသူ ပီပီ လိုအပ်လျှင် နောက်ထပ် ၆ လ သက်တမ်း တိုးဦးမည်ဟု ကြိုပြောသွားခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!