အင်ဒိုနီရှား၏ သမ္မတ အသစ် ဖြစ်လာဖွယ်ရှိသော ပရာဘိုဝို ဆူဘီယန်တို

by Hla Soewai - Feb 17 2024

တစ်တော့ ပေါ်တွင်တော့ ပရာဘိုဝို ဆူဘီယန်တို အား သူ၏ ကြောင်ကလေး ဘော်ဘီ ကို အလွန်တရာ ချစ်တတ်သူ၊ မမောမပန်းလည်း က တတ်သည့် နှစ်လိုဖွယ် အဘိုး တယောက် အသွင် တွေ့မြင် ကြရလိမ့်မည် ဖြစ်သည်။ ထို့အတွက်လည်း ဆိုရှယ်မီဒီယာ ပေါ်တွင် အားပေးသူ သန်းပေါင်းများစွာ ရလာခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခု အခါ ဆိုရှယ် မီဒီယာ ပေါ်တွင်သာ မက မဲရုံများ တွင်လည်း မဲအရည်အတွက် အားဖြင့် ဆယ်သန်း ကျော် ရရှိသွားခဲ့သည်။ သူ၏ ပြိုင်ဖက်များက မတ်လ ၂၀ ရက်နေ့တွင် တရားဝင်ကြေညာလာမည့် ရွေးကောက်ပွဲ ရလဒ်ကို စောင့်ကြဖို့ လူထု အား ပန်ကြားနေခဲ့ကြသည်။ ပရာဘိုဝိုကတော့ ဖေဖေါ်ဝါရီ ၁၄ တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် သူသာ အနိုင်ရရှိခဲ့ပြီဟု ပြောဆိုနေပြီ ဖြစ်သည်။

 

အလွတ်သဘော ရေတွက် ခန့်မှန်းချက်များအရ မဲအရည်အတွက် စုစုပေါင်း၏ ၅၈ ရာနှုန်းကို ရရှိသွား၍ ၅၀ ရာနှုန်း မကျော်လျှင် နောက်တကြိမ် ယှဉ်ပြိုင်ရမည် ဆိုသော သတ်မှတ်ချက်ကို ကောင်းစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

 

သို့သော် ကမ္ဘာတွင် တတိယ အကြီးဆုံး ‌ဒီမိုကရေစီ နိုင်ငံကြီးကို ဦးဆောင်ရမည့် ပုဂ္ဂိုလ်သည် အတိတ်၏ အရိပ်မဲများ ကပ်ပါလာခဲ့သူ ဖြစ်နေပြန်သည်။

 

ပရာဘိုဝိုသည် ချမ်းသာသော မိသားစု မှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ သူ၏ လူငယ် ဘဝ ကို ပြည်ပတွင် ခိုလှုံရင်း ကုန်လွန် ဖြတ်သန်းခဲ့ရသည်။ ဖခင် ဖြစ်သူသည် အင်‌ဒိုနီရှား တွင် လွန်စွာ ထင်ရှားကျော်ကြားခဲ့သော ဘောဂဗေ‌ဒ ပညာရှင် တဦး ဖြစ်သည်။ သို့သော် နိုင်ငံ၏ ပထမ ဆုံး သမ္မတ ဖြစ်သူ ဆူကာနိုအား ဆန့်ကျင်ခဲ့မှု ကြောင့် ပြည်ပသို့ ထွက်ပြေးခဲ့ရပြီး ဗြိတိန်၊ စင်္ကာပူ၊ ဆွစ်ဇာလန် နိုင်ငံများတွင် လှည့်လည် နေထိုင်ခဲ့ရသည်။

 

၁၉၇၀ တွင် ပရာဘိုဝိုသည် နိုင်ငံသို့ ပြန်လာခဲ့ပြီး စစ်တပ်ထဲ ဝင်ခဲ့သည်။ သူသည် အင်ဒိုနီရှား၏ အထူး တပ်ဖွဲ့ ကွန်ပါဆပ် ကို ဦးစီး ကွပ်ကဲရသည့် တပ်မှုး အဖြစ် ရာထူး အဆင့်ဆင့် တက်လှမ်းလာခဲ့သည်။

 

၁၉၈၃ တွင် အာဏာရှင် ဆူဟာတို၏ သမီး နှင့် အကြောင်းပါခဲ့ရာမှ အဆက်အသွယ်များ ရရှိလာပြီး ချမ်းသာ ကြွယ်ဝလာခဲ့သည်။ ၎င်းသည် အရှေ့တီမောတွင် အင်ဒိုနီရှား စစ်တပ်ကျုးလွန်ခဲ့သော ရက်စက် ကြမ်းကြုပ်သည့် ရာဇဝတ်မှု များ နှင့် ပတ်သက်နေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ ထို့ပြင် ၁၉၉၈ တွင် ဒီမိုကရေစီ အရေး လှုပ်ရှားတက်ကြွသူ အယောက် ၂၀ အား ပြန်ပေးဆွဲရန် ညွှန်ကြားခဲ့သူ ဖြစ်သည်ဟုလည်း စွပ်စွဲ ခံလာရသည်၊ ယခုအထိ ၁၃ ဦးသည် သတင်း အစအန မရပဲ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ပရာဘိုဝိုက စွပ်စွဲလာသမျှကို ငြင်းဆိုခဲ့သည်။

 

ဆူဟာတို အစိုးရအား ဆန္ဒပြမှု များ ဖြစ်ပွားလာသည့် အခါ ပရာဘိုဝိုသည် ၎င်း၏ တပ်များကို ဦးဆောင်ကာ မြိုတော် ဂျကာတာ သို့ ရောက်ရှိလာခဲ့သော်လည်း ဆူဟာတို ၏ ကျဆုံးခန်း သည် ရှောင်လွှဲ၍ မရ ဖြစ်လာခဲ့ရသည်။ မကြာမီမှာပင် ၎င်းလည်း စစ်တပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသဖြင့် ဇနီးဖြစ်သူ နှင့် ကွာရှင်းပြီး နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။

 

သူ့ကိုယ်သူလည်း ဆူဟာတို နောက်ပိုင်း ထွက်ပေါ်လာသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု များ၏ သားကောင် ဖြစ်ခဲ့ရသည်ဟု ပြောလာခဲ့သည်။ ထို့နောက်တွင်တော့ နိုင်ငံသို့ ပြန်ရောက်လာခဲ့ပြီး ၂၀၀၈ တွင် နိုင်ငံရေး ပါတီ တခု ထူထောင်လာခဲ့သည်။

 

သမ္မတ ရာထူး အတွက် သုံးကြိမ်တိတိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။ လွန်စွာ လူကြိုက်များ‌လှသည့် ဂျိုကိုဝီအား နှစ်ကြိမ်တိုင် ရှူံးနိမ့်ခဲ့ဖူးသည်။ ၂၀၁၄ နှင့် ၂၀၁၉ နှစ်ကြိမ်စလုံး တွင် ပရာဘိုဝိုသည် မဲခိုးခံရခြင်းကြောင့် ဖြစ်သည်ဟု မဟုတ်တမ်းတရား ပြောဆိုခဲ့ဖူးသည်။ ၎င်းအား ထောက်ခံသူများ လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့သဖြင့် လူ ရှစ်ဦး အထိ သေဆုံးခဲ့ရသည့် အဓိကရုဏ်းများ ဖြစ်ပွားလာခဲ့သည်။

 

ယခုအခါ ၎င်းကိုယ်၎င်း တံဆိပ်အသစ် ပြန်ကပ်လာခဲ့သည်မှာလည်း အံ့ဩဖွယ်ရာတော့ မဟုတ်ပေ။ ၎င်းဝတ်ဆင်နေကျ အာဏာရှင် ပုံ ပေါက်နေသည့် ဆာဖာရီ ဝတ်စုံကို ချွတ်ကာ စီးပွား‌ ရေး သမား တဦး ကဲ့သို့ ဝတ်ဆင်လာပြီး အပြောအဆိုများသည်လည်း ယခင်ကလို အော်ကြီးဟစ်ကျယ် မပြောတော့ပဲ တည်ငြိမ်လာခဲ့သည်။ ဂျိုကိုဝီသည်၂၀၁၉ တွင် ၎င်းအား ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။ ယခုတကြိမ် ဆိုရှယ် မီဒီယာကို အားပြုပြီး ပုံစံသစ် ထွင်လာနိုင်မှု ကြောင့် စမတ်ဖုန်း ပိုင်ဆိုင်ထားသော နိုင်ငံ လူဦးရေ ငါးပုံ လေးပုံ အကြားတွင် လွန်စွာ ရေပန်းစားလာခဲ့သည်။

 

ပရာဘိုဝိုသည် ဂျိုကိုဝီ၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးမှု အပေါ် အခြေခံသည့် စီးပွားရေး မူဝါဒ များ၊ နိုင်ငံတွင်း ဖေါခြင်းသောခြင်း ထွက်ရှိ‌နေသည့် နီကယ် သတ္တုများ ထုတ်နှုတ် အသုံးချမည့် စက်မှုလုပ်ငန်း ဆိုင်ရာ မူဝါဒများကို ဆက်၍ ကျင့်သုံးသွားမည် ဖြစ်သည်ဟု ဆိုပြီး ဂျိုကိုဝီ၏ သားဖြစ်သူအားလည်း ဒုသမ္မတလောင်း အဖြစ် ရွေးချယ်ခဲ့သည်။

 

ဂျိုကိုဝီသည် သူ၏ အရှိန်ဖြင့် အောင်ပွဲခံခဲ့သော ပရာဘိုဝိုမှတဆင့် နိုင်ငံ အ‌ပေါ် ဆက်၍ ဩဇာ သက်ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်‌နေပုံ ရသည်။ သို့သော် ပရာဘိုဝို၏ ယခင် လက်ရာခြေရာ များကို ကြည့်ခြင်းအားဖြင့် သူ့သဘော နှင့် သူ လုပ်မည့်လူမျိုးသာ ဖြစ်သည်။

 

ပရာဘိုဝို အောင်ပွဲခံခဲ့ရသည့် အကြောင်းရင်းများထဲတွင် ရွေးကောက်ပွဲ ရံပုံငွေကို သူ၏ ပြိုင်ဖက်များထက် အဆ သုံးဆယ်ခန့် စုဆောင်းရရှိခဲ့မှုလည်း ပါဝင်နေသည်။

 

သူ၏ မူဝါဒ များ သည် စားကုန်များကို ပြည်ပအား မှီခိုနေရမှု လျော့ချရေးဖြစ်ပြီး အင်ဒိုနီရှား နိုင်ငံသားများသည် "စပါးကျီထဲ ငတ်နေရသည့် ကြက်များ" ဟု နှိုင်းယှဉ် ပြောဆိုခဲ့ဖူးသည်။ ကလေးများ အဟာရ ဓါတ် ချို့တဲ့မှု တိုက်ဖျက်ရေး အတွက် စာသင်ကျောင်း တိုင်းတွင် နွားနို့ အခမဲ့ တိုက်ကျွေးသွားမည်ဟု ဆိုသည်။ စီးပွားရေး တိုးတက်မှု နှုန်းအားလည်း နှစ်စဉ် ၅ ရာနှုန်း မှ ၆-၇ ရာနှုန်းအထိ မြှင့်တင်သွားမည်ဟု ‌ပြောထားသော်လည်း မည်သို့ မည်ပုံ လုပ်မည် ဆိုသည့် အသေးစိတ်ကိုတော့ ပြောဆိုခဲ့ခြင်း မရှိပေ။

 

အချို့က ဗိုလ်ချုပ်ကြီး ဟောင်းလည်း ဖြစ်သည့် ပရာဘိုဝိုသည် ဂျိုကိုဝီ လက်ထက်တွင်ပင် ဆုတ်ယုတ်လာနေ‌ပြီ ဖြစ်‌ သော နိုင်ငံ၏ ဒီမိုကရေစီ ကို နောက်ကြောင်းပြန်ဆုတ်သွားသည် အထိ လုပ်လာမည်ကို စိုးရိမ်မကင်း ဖြစ်လာနေကြသည်။

 

ပရာဘိုဝိုက အင်ဒိုနီရှားသည် အာဏာရှင် ဆန်ဆန် ကျင့်သုံးမည့် ခေါင်းဆောင်မျိုး လိုအပ်နေသည်ဟု ပြောခဲ့ပြီး ဖြစ်သည်။ ၎င်း၏ နိုင်ငံရေး ပြိုင်ဖက်များကတော့ လူငယ် မဲဆန္ဒ ရှင်များသည် နိုင်ငံ၏ အရေးထက် ဆိုရှယ် မီဒီယာ ပေါ်က ထွင်လုံး များကိုသာ စိတ်ဝင်စားနေကြသည်ဟု ရွေးကောက်ပွဲ မတိုင်မီက ငြည်းတွား ပြောဆိုခဲ့ကြသည်။ ဆိုရှယ် မီဒီယာ ပေါ်က နှစ်လိုဘွယ် အဘ ၏ လုပ်ရပ်များကို သာ ကြည့်ရန် သာ စိတ်‌‌စော နေကြသည့် ဖေါ်လိုဝါးများကတော့ စမတ်ဖုန်း များ ကို ပွတ်ရင်းသာ အလုပ်များ ‌‌နေကြသည်။

 

(၂၀၂၄ ဖေဖေါ်ဝါရီ ၁၄ ‌အီကောနော်မစ် မဂ္ဂဇင်းပါ "Who is Prabowo Subianto, Indonesia’s probable next president? " ကို ပြန်လည် တင်ပြသည်။)