ရွေးချယ်စရာ လမ်း ကုန်သွားပြီ ဖြစ်

by Hla Soewai - Feb 17 2024

ပြည်သူများသည် မည်သို့ပင် အပူရုပ်ကို ဟန်လုပ်၍ သွားလာ လုပ်ကိုင်နေကြရသော်လည်း ၎င်းတို့ ၏ အတွေးထဲတွင် ရှိနေသော သေရေးရှင်ရေး ပြဿနာကြီးကား မည်သို့ မျှ ဖျောက်ဖျက်၍ ရနိုင်ကြမည် မဟုတ်ပေ။

 

 ထိုအရေးကား မိမိတို့ အား တနေ့တခြား ရေနည်းငါး ပမာ လူ ပီပီ မနေနိုင်အောင် သုံးနှစ်နီးပါး သေနတ်ပြ အုပ်ချုပ်နေကြသည့် စစ်အာဏာရှင် များ သက်ဆိုးရှေနေခြင်းပင် ဖြစ်သည်။ ၎င်းတို့နှင့် အလိုက်သင့် အလျားသင့် နေထိုင်သွားဖို့ တွေးမိကြပြန်သော်လည်း တနေ့တခြား တိုး၍ တိုး၍ ဖိနှိပ်လာနေမှု များ ကြောင့် မွန်းကျပ်သည်ထက် ကျပ်လာနေကြပြီ ဖြစ်သည်။ လွတ်လပ်စွာ နေထိုင် လုပ်ကိုင်ခွင့် ရမည့် နေ့များ ကိုသာ အိမ်မက် အဖြစ် ဖက်တွယ်နေကြဆဲပင် ဖြစ်သည်။

 

 ယခု လည်း မိမိတို့ ရင်သွေးများ ကို စစ်ဝတ်စုံ နှင့် ထောင် ဝတ်စုံ ဘယ်ဟာ ရွေးမည်နည်း ဟု ဗြောင်ကျကျ ပင် မေးခွန်းထုတ်လာကြပြီ ဖြစ်သည်။

 

 ယင်းနှင့် အတူ နိုင်ငံ မှ ထွက်ခွာ နိုင်မည့် လေဆိပ် နှင့် နယ်ခြားဂိတ်များ တွင် ၎င်းတို့ ၏ ထွက်ခွင့် လက်မှတ် ပါမှ သွား၍ ရမည် ဆိုကာ တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လာနေပြီ ဖြစ်သည်။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အားလည်း လုပ်ငန်းများ ရပ်စဲရန် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်လာခဲ့သည်။

 

 ထိုင်း နိုင်ငံ အတွင်း လက်မှတ်ရ လက်မှတ်မဲ့ ရွှေ့ပြောင်း အလုပ်သမား ငါးသန်းခန့် ရှိနေပြီ ဖြစ်၍ ထပ်မံ၍ အစုလိုက် အပြုံလိုက် ရောက်ရှိလာမည့် အရေးကို စိုးရိမ်ပူပန် လာပြီ ဖြစ်သည်။

 

 စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ “အခြေအနေအရ လိုအပ်၍” ဟု ပြောလာသော်လည်း ၎င်းတို့ ၏ လုပ်ရပ်သည် ပြည်သူတော်လှန်ရေး တပ်မတော် အတွက်ပါ လူသစ် စုဆောင်းပေးသလို ဖြစ်သွားခဲ့ရသည်။

 

 စစ်မှုထမ်း သက်ရှိသူ အမျိုးသား ၆.၆ သန်း၊ အမျိုးသမီး ၇.၇ သန်း ရှိသည့် အနက် တလ လျှင် လူ ငါးထောင် နှုန်းဖြင့် တနှစ်အတွက် ခြောက်သောင်း ခေါ်ယူသွားမည် ဖြစ်ပြီး အမျိုးသမီးများကို ပဥ္စမ အသုတ် မှ စတင် ခေါ်ယူမည် ဖြစ်သည်ဟု ဆိုသည်။

 

 သို့သော် လူငယ်များ ဝင်ရောက်ရမည့် တပ်သည် မည်သို့မျှ စိတ်အား တက်ကြွဖွယ် မရှိ၊ အဖက်ဖက်မှ ကျရှုံးပြီး မြို့ရွာ များကို မီးရှို့ လုယက်၊ မုဒိမ်းကျင့်၊ ပြည်သူများကို သတ်ဖြတ် နေကြသည့်အပြင် လက်နက်ချသူချ၊ တဖက်နိုင်ငံများသို့ ထွက်ပြေး ကြ နှင့် ဖြစ်ချင်တိုင်း ဖြစ်နေသည်ကိုလည်း အတိုင်းသား တွေ့မြင်နေကြရသည်။

 

 ပုံတွင် ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေးသွားကြသော စစ်ကောင်စီ တပ်သား ၃၃၀ အား ကောက်ဘဇား ရှိ ရေတပ် ဆိပ်ကမ်း မှ တဆင့် မြစ်ကြောင်း အတိုင်း ပင်လယ်ပြင်တွင် စောင့်ဆိုင်းနေသော မြန်မာရေတပ် သင်္ဘော ထံ ပို့ဆောင်ပေးပြီး ထိုမှတဆင့် စစ်တွေသို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာသည်ကို တွေ့နိုင်ပေသည်။

 

 စစ်တပ်၏ စစ်ထဲ မဝင်မနေရ ဥပဒေသည် နဂိုကတည်းက နိုင်ငံရေး တွင် မပါဝင်ပဲ ကင်းကင်း နေခဲ့သော လူငယ်များ အတွက် ကြီးမားသော စိန်ခေါ်မှု ကြီး ဖြစ်လာခဲ့ရသည်ဟု နိုင်ငံရေး အကျဉ်းသား အကူအညီပေးရေး အဖွဲ့ ဦးဘိုကြည်က ဆိုသည်။ ထိုအရေး သည် သန်းပေါင်းများစွာသော မိသားစုဝင်များ နှင့် တိုင်းပြည် ၏ ကုန်ထုတ် လုပ်အားများ ဆုံးရှုံးသွားရမည့် အရေးလည်း ဖြစ်သည်။

 

 RFA တွင် ပါရှိသော သတင်းအရ ၎င်းတို့ ယုံကြည်ရလောက်သည်ဟု ယူဆသော ဧရာဝတီ တိုင်း အတွင်း ရှိ ကျုံပျော်၊ မြန်အောင်၊ ကြံ့ခင်း၊ ကျိုက်လတ် နှင့် မော်လမြိုင်ကျွန်း မြို့များတွင် မဲ စနစ် ဖြင့် လူခေါ်နေပြီး၊ မဲပေါက် ပြီး မဝင်လိုက ကျပ် ဆယ်သိန်း ပေးရမည်ဟု သိရသည်။

 

 အမျိုးသား ညီညွတ်‌ရေး အစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် မှ မိမိတို့ တော်လှန်ရေး မဟာမိတ် တပ်များ ထိန်းချုပ်ထားပြီးသား မြို့ပေါင်း ၄၄ မြို့ အပြင် တိုင်းရင်းသား ဒေသများလည်း ရှိပြီး ရောက်လာမည် ဆိုက ကူညီရန် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

 

 စစ်တပ်သည် လူငယ်များ နှင့် ပင် မလုံလောက်သေးပဲ အငြိမ်းစား စစ်ဝန်ထမ်း များကို ပါ အရံ တပ် အဖြစ် ခေါ်ယူ ဖွဲ့စည်းရန် ဥပဒေ ပြဋ္ဌာန်းလာပြီ ဖြစ်သည်။

 

 ၎င်းကိုယ်တိုင်ပင် ရှေ့တန်း စစ်ဌာနချုပ်များသို့ သွားရဲခြင်း မရှိပါပဲလျက် ထိုသို့ တမျိုးသားလုံး အား မီးလောင် တိုက်သွင်း လာနေသည့် လုပ်ရပ်အပေါ် တနိုင်ငံလုံးက ဒေါသ အမျက်ချောင်းချောင်း ထွက်နေကြသည်ကို ရိပ်စားမိလာ၍လည်း စစ်မှုထမ်း ဥပဒေ ထောက်ခံပွဲများ မြို့တိုင်းတွင် ပြုလုပ်ရမည်ဟု စေခိုင်းလာပြန်သည်။

 

 ယခုအခါ တိုက်စွမ်းရည် ပြည့်ဝနေ၍ မည်သို့ မျှ အောင်မြင်နိုင်မည် မဟုတ်ဟု နိုင်ငံတကာမှ ယူဆနေသည့် ကြားမှ အဆိုပါ တပ်ကြီး အား ဂျုန်းဂျုန်းကျ ဖွတ်ဖွတ်ညက်ညက်ကြေအောင် တိုက်ခိုက်ပြနိုင်ခဲ့ကြ၍လည်း မင်းအောင်လှိုင်သည် အလွန်တရာ ထိတ်လန့်ကာ သွေးရူးသွေးတန်း ဖြစ်လာနေ၍ ၎င်းအတွက် လွန်စွာ အန္တရာယ်များလှသည့် “သူမသေ၊ ကိုယ်သေ” ဆိုသော လောင်းကြေး ကို ထပ်၍ စွန့်စားလိုက်ခြင်း ဖြစ်သည်ကိုလည်း သဘောပေါက်ကြရမည် ဖြစ်သည်။

 

 ၎င်းတို့၏ အာဏာ စည်းစိမ် တည်မြဲရေး ကွက်ကွက်လောက်လေးကိုသာ မျက်မွေး တဆုံး ကြည့်၍ အတောမသတ် နိုင်သော လောဘဖြင့် မြန်မာ တမျိုးသားလုံး အကျိုးမဲ့ သေကြေ ပျက်စီးရမည့် လမ်းကို ပြောင်ပြောင်ကြီး ရွေးချယ်လိုက်ပြီ ဖြစ်၍ ပြည်သူများ အဖို့ အခြား ရွေးချယ်စရာ လမ်းမရှိတော့။

 

 လက်ရှိ ပြည်သူ့တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုကြီးတွင် ဗမာ၊ ရခိုင်၊ မွန်၊ ပအိုင့်၊ တအောင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း အစရှိသော မြန်မာ တမျိုးသားလုံး လက်တွဲ ပါဝင်လာနေကြပြီ ဖြစ်သည်။

 

 သို့ဖြစ်၍ မိမိတို့ တမျိုးသားလုံး အညှင်းဆဲ အနှိပ်ကွပ် ခံ ဘဝမှ လွတ်မြောက်ရေး အတွက် ပြည်သူတရပ်လုံး စွဲမြဲ ခိုင်မာသော ယုံကြည် မျှော်လင့်ချက် ဖြင့် အကြီးမားဆုံး ရန်သူ ကြီး ဖြစ်သည့် စစ်အာဏာရှင်များအား ဆက်လက် တိုက်ခိုက် နိုင်မှသာ ဖြစ်ပေတော့မည်။

 

 ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!