မင်းအောင်လှိုင်မှ ကြားဖြတ် ရွေးကောက်ပွဲ လုပ်တော့မည်ဟု ထွင်လာပြန်

by Hla Soewai - Feb 17 2024

အင်္ဂါနေက ပြုလုပ်သော ၎င်း၏ အလိုတော်ရိ နိုင်ငံရေး ပါတီများ နှင့် တွေ့ဆုံပွဲတွင် ကြားဖြတ်ရွေး ကောက်ပွဲ လုပ်ရန် လိုအပ်သည့် ဥပဒေ အချက်အလက်များ ပြင်ဆင်ပြီးနေပြီဟု ပထမဆုံးအကြိမ် ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

၎င်းမှ တနိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပပါက မည်သူမျှ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဟု အသိအမှတ် ပြုမည်မဟုတ် မှန်း သိလာသဖြင့် ဟိုနေရာ တကွက်၊ ဒီနေရာ တကွက် လစ်လပ်သည့် နေရာများကို ဖြည့်သည်ဆိုကာ သူခိုးကျင့် သူခိုးကြံ ကြံလာခြင်းပင် ဖြစ်သည်။

 

နေရာအားလုံးနီးပါး ခွဲလုပ်ပြီး၍ လူပြည့်သွားပါက လွှတ်တော် ခေါ်ကာ သမ္မတ လုပ်မည့် ကိန်း ထွင်လာခြင်းပင် ဖြစ်သည်။ ၎င်းက ဘယ်အချိန်၊ ဘယ်နေရာက စ မည် မပြောသော်လည်း လာမည့် ရွေးကောက်ပွဲသည် NLD က လုပ်ခဲ့သည့် ရွေးကောက်ပွဲမျိုး လို မဟုတ်ဟု ပြောခဲ့ကြောင်း မြန်မာ နောင်း သတင်းတွင် ပါရှိလာခဲ့သည်။

 

ယခင် ဘာသာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီး ကိုကို အား လည်း ၎င်းအတွက် ရွေးကောက်ပွဲ လုပ်ပေးမည့် ကော်မရှင် ဥက္ကဌ အဖြစ် သိန်းစိုးနေရာတွင် ခန့်အပ်လိုက်ပြန်သည်။

 

မင်းအောင်လှိုင် စိတ်ထဲတွင် ရွေးကောက်ပွဲ လုပ်ယုံ နှင့် ၎င်းအား တရားဝင် အစိုးရ အဖြစ် ကုလ အပါအဝင် နိုင်ငံတကာ က အသိအမှတ် မပြုပဲ နေ၍ မရဟု စွဲထင်နေပုံ ရသည်။

 

သို့သော် ၎င်း၏ ဂမူးရှုးထိုးဖြင့် စစ်မှုထမ်း ဥပဒေ ကို ထုတ်ပြန်လာခြင်းကြောင့် ၎င်းဖက်က ရှိခဲ့သူများ၏ ‌ထောက်ခံမှုပါ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

 

ဤသို့ဖြစ်လာနိုင်သည်ကို မင်းအောင်လှိုင်သည် မတွက်ဆပဲ နေမည် မဟုတ်၊ သို့သော် ဒီအတိုင်းဆက်သွားက သူ့အတွက် အချိန်များများစားစား မကျန်‌‌ တော့ဘဲ နောက်ဆုံးနေ့ရက်များ တစထက်တစ နီးကပ်လာနေပြီ ဆိုသည်ကိုလည်း သိလာခဲ့၍ ဖြစ်သည်။

 

၎င်းအတွက် ကာကွယ်ပေးရန် လူငယ်များ အား အတင်းအကျပ် စစ်ထဲ ခေါ်သွင်းရန် ကြံစည်လာမှု ကြောင့် အားလုံးသည် အံ့အား တသင့် မှင်သက်မိသွားရာမှ နောက်ပိုင်းတွင် ကိုယ်ရင်‌ သွေးများ အတွက် ခြေမကိုင်မိ လက်မကိုင်မိ စိုးရိမ်ပူပန် လာကြသည်။

 

တိုင်းတပါး မှ ကျုးကျော်လာမှု ကို ခုခံ ကာကွယ် ရဖို့ မဟုတ်ပဲ မိမိတို့ အပေါ် သုံးနှစ်ကျော် နည်းမျိုးစုံ နှင့် ဒုက္ခအမျိုးမျိုး ပေးလာသူများကို အသက်ပါ စွန့်၍ ကာကွယ်ရမည် ဆိုသည်ကား မည်သို့မျှပင် လက်ခံ၍ မရကြသည်မှာလည်း သဘာဝ ကျ‌ပေသည်။

 

၆၅ နှစ် သက်တမ်း ရှိနေပြီ ဖြစ်သော ဥပဒေကို ဖုတ်ဖက်ခါ ထုတ်သုံးလာပြီး နောက်တွင် အာဏာသိမ်း အဖွဲ့ ပြောခွင့်ရ ဇော်မင်းထွန်း မှ စစ်မှုထမ်းသက် ပြည့်မီသူ လူငယ် ၁၃ သန်း ရှိနေသည်ဟု ပင် ပမာမခန့် ပြောလာခဲ့သည်။

 

ထိုဥပဒေကို ပြန်၍ အသက်မသွင်းမီကပင် နိုင်ငံ အနှံ တွင် လစ်လျှင် လစ်သလို ချွေးတပ်ဆွဲနေကြပြီး ဖြစ်သည်၊ ယခု အခါ တွင်တော့ ညဖက်တွင် မြို့ကြီး ပြကြီးများ တွင် အပြင်မထွက်ရဲလောက်အောင် လူသူ ‌ကင်းမဲ့လာနေပြီ ဖြစ်သည်။

 

စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်ကစ၍ စစ်ရာဇဝတ် ပေါင်းစုံကို ပြဋ္ဌာန်းထားသည့် နိုင်ငံတကာ ဥပဒေ ပင် လိုက်၍ မမီအောင် မီးကုန်ယမ်းကုန် ကျုးလွန်နေခဲ့ပြီးလည်း ဖြစ်သည်။ ယင်းနှင့် အတူ ၎င်းတို့ အပေါ် လူထု ၏ မုန်းတီးရွံရှာမှုများ သည် လည်း တဖြေး ဖြေး နှင့် မြင့်တက်လာခဲ့သည်။

 

မိခင်များ အဖို့ သားသမီး ဇောနှင့် အိပ်၍ပင် ပျော်နိုင်ကြမည် မဟုတ်သည်ကို ကိုယ်ချင်းစာတရား ရှိသူ၊ လူစိတ် ရှိသူ တိုင်း မှန်းဆနိုင်ကြမည်သာ ဖြစ်သည်။

 

အချို့က စိတ်လိုက်မာန်ပါ ဖြင့် ငါတို့လက်ထဲ သေနတ်ရောက်ကြည့် မလွယ်ဖူး ဆိုသော အတွေးများသည် တကယ်တမ်းတွင် လက်တွေ့မကျဟု စီဒီအမ် ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်၊ စစ်တပ်သည် ၎င်းတို့အား ယုံကြည်မှု ရှိမည် မဟုတ်၍ အနီးကပ် စောင့်ကြည် နေမည်သာ ဖြစ်သည်ဟု ဆိုသည်။

 

ဆိုရှယ် မီဒီယာ များ တွင် အမျိုးသမီးများအား ချက်ခြင်း အိမ်ထောင်ပြုကြရန်၊ သာသနာ ဘောင်သို့ ဝင်ကြရန် အကြံပေးမှုများ ဒု နှင့် ဒေး ထွက်ပေါ်လာသော်လည်း ယင်းသည် ဥပ‌ဒေ ကို သေချာ မဖတ်ကြ၍သာ ဖြစ်မည်။ အလျင်စလို လက်ထပ်လိုက်သော အမျိုးသမီးများသည် ၎င်းတို့ လက်ထပ်သော လင်ယောက်ျား ချွေးတပ်ဆွဲခံရဖို့သာ ရှိသည်၊ ၎င်းတို့ ကိုယ်နှိုက်လည်း သားသမီးမရက အခေါ်ခံရမည်သာ ဖြစ်သည်။ သာသနာဘောင် ဝင်သူများအားလည်း မည်သည့် အချိန်ကဝင်သည်၊ ဘယ်နှစ်ဝါ ရှိနေပြီ အစရှိသည် တို့ကို အသေအချာ စီစစ်ကြဦးမည်သာ ဖြစ်သည်။

 

လက်ရှိ မင်းအောင်လှိုင်၏ မဆင်မခြင် လုပ်ရပ်သည် ပြည်သူ့ တော်လှန်ရေး တပ်မတော် သို့ ဝင်ကြရန် တွန်းပို့ပေးနေခြင်းပင် ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ၏ ရန်ကုန်တိုင်း စစ်ဌာနချုပ်သည် တရက် အတွင်းမှာပင် ဝင်ရောက်ရန် လျှောက်လွှာတင်သွင်းသူ ထောင်ချီ ရှိသွားခဲ့သည်ဟု သိရသည်။

 

စစ်သား ရင့်မာကြီးများပင် လက်နက် ချသူ ချ ၊ ထွက်‌ ပြေးသူ ပြေး ဖြစ်နေချိန်တွင် မိဘအုပ်ထိန်းသူများကော ကာယကံ ရှင်များကပါ မိမိတို့၏ ရင်သွေးများ အား ရှေ့မှ အသေခံခိုင်းမည့် လူသားဒိုင်း အဖြစ် အသုံးပြု ခံကြမည် မဟုတ် ဆိုသည်က သေချာနေပေသည်။ 

 

အသေချာဆုံး နည်းလမ်းကတော့ ၎င်းတို့အား မြန်မာ မြေပေါ်မှ ရှင်းလင်းပစ်မှသာ အားလုံး စိတ်အေး ချမ်းသာစွာ နေရဖို့ ရှိသည်ဟု NUG ပြောခွင့်ရ ဦးကျော်ဇောမှ ဧရာဝတီကို ပြောခဲ့သည်။ မိမိတို့ အနေဖြင့် ထိုဥပဒေအား အကောင်အထည် ဖေါ်ရန် ဝင်ရောက်ကူညီ ဆောင်ရွက်သူများအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း ဆိုသည် ဟု ဧရာဝတီ သတင်းပါ Military Conscription Sparks Furious Backlash in Myanmar ဆောင်းပါးမှ ထုတ်နှုတ်တင်ပြသည်။

 

လက်ရှိတွင် ကရင်နီ တပ်ပေါင်းစု မှ ရှားတော မြို့အား သိမ်းယူ နိုင်ခဲ့သည် ဆိုသည် နှင့် NUG မှ သိမ်းယူထားသည့် ကောလင်းမြို့အား လက်လွှတ်ခဲ့ရသည်ဟု သိရှိရသည်။

 

မိမိတို့ အနေဖြင့် စစ်ကောင်စီ မှ ၎င်းတို့ ဂုဏ်သိက္ခာ အတွက် ကျားကုတ် ကျားခဲ ခုခံမည့် မြို့များအားမိမိတို့ဖက် မှ အင်အား ကို ပြုန်း‌ စေမည့် သိမ်းပိုက်ခြင်းမျိုး မလုပ်ပဲ ရှောင်ကွင်းပြီး နေပြည်တော်သို့ ဦးတည်ချီတက်မည့် မဟာဗျူဟာ ကို ရွေးသင့်ပေသည်။

 

ထိုကဲ့သို့ မဟာဗျူဟာကို ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါသည် နော်မန်ဒီ ကမ်းတက် တိုက်ပွဲကြီး အပြီး တွင် ပဲရစ်ကို မတိုက်ခိုက်ပဲ ချန်ထားခဲ့ပြီး ကျန် ဒေသများကို ထိုးစစ်ဆင်ခဲ့ခြင်း မျိုး ဖြင့် ရွေးချယ်ခဲ့သည်။

 

ယခုအခါ မွန်ပြည်သစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး နိုင်ဇေယျ၊ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်း ထောနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်တို့ ပါတီမှ ခွဲထွက်ပြီး စစ်ကောင်စီ ကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း လက်တွဲတိုက်ခိုက်သွား‌ တော့မည် ကြေညာလာခဲ့ပြီ ဖြစ်သည်။

 

စစ်ကောင်စီနှင့် အပစ်ရပ်ကာ ဆွေးနွေးမည်ဆိုသည် ပါတီမူဝါဒကို လက်မခံနိုင်၍ ခွဲထွက်ခြင်းဖြစ်ကြောင်းနှင့် အဖွဲ့သစ်ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး – NMSP-AD) ဟု အမည်ပေးထားကြောင်းလည်း သိရသည်။

 

ပြည်သူတို၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!