မင်းအောင်လှိုင်၏ ကိုယ့်သင်္ချိုင်း ကိုယ်တူးလာနေသော လုပ်ရပ်

by Hla Soewai - Feb 17 2024

အာဏာသိမ်း အဖွဲ့သည် လူငယ်များအား အတင်းအကျပ် စစ်မှုထမ်းရန် ဆင့်ခေါ်မည့် ပြည်သူ့ စစ်မှုထမ်း ဗဟိုအဖွဲ့ကို စတင် ဖွဲ့စည်း လာပြီး လူသစ် စုဆောင်း ခြင်းကို သင်္ကြန် ရုံးပိတ်ရက်များ အပြီး စတင်မည်ဟု ဘီဘီစီ မြန်မာပိုင်း သတင်းဌာန သို့ ပြောကြောင်း မြန်မာနောင်း သတင်း တွင် ဖေါ်ပြထားသည်။

 

အဆိုပါ အဖွဲ့ကို ကာကွယ်‌ရေး ဝန်ကြီးက ဦးဆောင်မည်ဟု သိရပြီး ရှေ့တန်းလွှတ်ရန် အတွက် အပတ်စဉ် တခု ကို လူ ၅,၀၀၀ ခန့် နှုန်း ဖြင့် စတင် ခေါ်ယူမည်ဟု ၎င်းတို့၏ အစီအစဉ်များကို တရားဝင် ထုတ်ဖေါ်ပြောဆိုလိုက်ပြီ ဖြစ်သည်။

 

လောလောဆယ်တွင်တော့ လူငယ်များ ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ပျာယာခတ် ဖြစ်နေကြပြီဟု ထိုသို့ဆင့်ခေါ်မည့် အစီအစဉ်ကို အာခံ ဆန့်ကျင်သွားမည် အလားအလာများ တွေ့နေရပြီဟု စထရိတ်တိုင်းမ် သတင်းစာတွင် ရေးသားထားသည်။

 

စိုးရိမ်စရာ အကောင်းဆုံး သတင်း အဖြစ် တောင်ဒဂုံ မြို့နယ်မှ လူငယ် ၁၇ ဦးအား စစ်မှုထမ်းရမည် ဟု ဆိုကာ တပ်၊ ရဲ နှင့် ထွေအုပ် စုပေါင်း အဖွဲ့က ယမန်နေ့ က လာရောက် ဖမ်းဆီး ‌ခေါ်ဆောင်သွားသည်ဟု ခေတ်သစ် သတင်း တွင် ဖေါ်ပြလာခြင်းပင် ဖြစ်သည်၊ ၎င်းတို့အားလုံး လက်ထဲတွင် ရပ်ကွက် အုပ်ချုပ်ရေး မှ တဆင့် ရထားသော စာရင်း ရှိနေပြီး နာမည် နှင့် မှတ်ပုံတင် တိုက်ဆိုင် စစ်ဆေးကာ အေးအေးဆေးဆေး ပင် စစ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။

 

နယူးယောက် တိုင်း သတင်းစာတွင်လည်း အင်္ဂါနေ့ ညမှ စ၍ လူငယ်များအား ညအချိန် ဖမ်းဆီး ခေါ်ဆောင်နေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ရေးသားထားသည်။ လေ့လာသူများကမူ စစ်သားသစ်များအား လက်နက်များ ထုတ်ပေးမည် မဟုတ်ပဲ အထမ်းသမားများ အဖြစ် ရှေ့မှ သွားရန် သာ သုံးနိုင်သည်ဟု ပြောနေကြသည်။

 

ထိုသတင်းအရ ဆိုက စစ်တပ်သည် စစ်မှု ထမ်း ဆင်ခေါ်စာ အား စာတိုက်က ပေးပို့ပါက ထွက်ပြေး တိမ်းရှောင်ခြင်း များ ရှိလာနိုင်၍ ယခုလို အငိုက် ဝင် ဖမ်းဆီး ခေါ်‌ဆောင်မည့် အလားအလာ များ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေခြင်းပင် ဖြစ်သည်။

 

အဆိုပါ စစ်မှုထမ်း ဥပဒေကြောင့် အနီးစပ်ဆုံး ဖြစ်ပေါ်လာနိုင်သည်က စစ်ထဲမဝင်လိုသော လူငယ်များ အနေဖြင့် နိုင်ငံမှ ထွက်ခွာမည်လော၊ ကိုယ့်အမည် မပါရန် လာဒ်ထိုး မည်လော ဆိုသည်ပင် ဖြစ်သည်ဟု အစချီကာ ဧရာဝတီမှ ယခုလို သုံးသပ်ထားသည်။

 

လောလောဆယ် တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သို့ ဝင်ရောက်စစ်မှုထမ်းနေသော လူငယ် တသိန်းခန့် အထိ ရှိနေပြီး အားလုံး အား အပြည့်အဝ လက်နက်တပ်ဆင် ပေးနိုင်ခြင်း၊ လေ့ကျင့်ပေးခြင်းများ မလုပ်နိုင်သေးပေ။

 

မိမိတို့ အနေဖြင့် သေချာပေါက် ပြောနိုင်သည်က ထိုဥပဒေ သည် အောင်မြင်ခြင်း ရှိလိမ့်မည် မဟုတ်။ ကုလသမဂ္ဂ မှ နောက်ဆုံး ကောက်ခံရရှိထားသော ၂၀၁၅ စာရင်းအရ နိုင်ငံတွင်း လူငယ်ပေါင်း ၁၀ သန်း ခန့် ရှိနေသည်ဟု သိရသည်။ ယခုအခါ ပို၍ များလာဖို့ ရှိနေသည်။

 

တကယ်တမ်း တွင် ထိုဥပဒေအား ဗိုလ်နေဝင်း အိမ်‌စောင့် အစိုးရ လက်ထက် ၁၉၅၉ တွင် စတင် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သော်လည်း အစိုးရ အဆက်ဆက် အကောင်အထည် ဖေါ်ခဲ့ခြင်း မရှိပေ။

 

ယမန်နှစ်ကစ၍ စစ်ကောင်စီ သည် ထောင်ထွက်များ၊ တပ်ပြေးများ၊ စစ်မှုထမ်းဟောင်းများအား ဆင့်ခေါ်ရန် ကြိုးစားခဲ့သော်လည်း စစ်ပြန် အနည်းငယ်သာ ရောက်ရှိလာ၍ အောင်မြင်မှု မရခဲ့ပေ။

 

စစ်ကောင်စီသည် ယခုအခါ တပ်အင်အား များ တဖြေးဖြေး လုံးပါး ပါးလာနေပြီ ဖြစ်၍ ကြံရာမရ ဖြစ်ကာ ထိုဥပဒေ ကို အသက်သွင်းလာခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းတို့ ထိန်းချုပ်ထားနိုင်သော ဒေသကြီးများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် ဧရာဝတီ တိုင်း မြို့များတွင် စတင် အကောင်အထည် ဖေါ်လာဖွယ် ရှိနေသည်။

 

၎င်းတို့အား တနိုင်ငံလုံး က မနှစ်မြို့ မှန်း သိသိကြီး နှင့် အာဏာသည် သေနတ်ပြောင်းမှ ထွက်သည် ဆိုကာ ယင်းဥပဒေ ဖြင့် စစ်တပ်သည် လူထု တရပ်လုံး အား ဗြောင် စစ်ကြေငြာလိုက်ခြင်းပင် ဖြစ်သည်။

 

ထိုဥပဒေ ထွက်ပေါ်လာခြင်းသည် ရုရှား စစ်အကြံပေးများ စနက်မကင်းဟု ဆိုရမည် ဖြစ်သည်ဟု ဧရာဝတီ က ရေးသားထားသည်။ ၎င်းတို့မှ ထိုဥပဒေ ဖြင့် လူငယ် တသိန်းခန့်အထိ စုဆောင်းနိုင်ပြီး ပြန် တိုက်၍ ဖြစ်နိုင်သည်ဟု ပြောဆိုခဲ့ကြသည်။ ၎င်းတို့ ကိုယ်တိုင်လည်း လာရောက် လေ့ကျင့်ပေးမည်ဟု ဆိုသည်။

 

လေ့လာသူများကမူ ကိုယ်လိုရာ ဆွဲတွေးနေကြခြင်းသာ ဖြစ်ပြီး ယခု ဥပဒေဖြင့် စစ်တပ်သည် ငွေကြေးချမ်းသာသူများထံ မှ ငွေညှစ်ရန် ကြံစည်လာခြင်း ဖြစ်သည်၊ သို့သော် ဆင်းရဲသားများကို လည်း ချမ်းသာ ပေးမည် မဟုတ်၊ ဆင်းရဲသည့် မိသားစုများ အနေဖြင့် အခြား ရွေးချယ်စရာ မရှိတော့ပဲ မိမိတို့ ရင်သွေး များကို အိမ်တွင် မနေကြရန် ပြောရဖို့သာ ရှိသည်။

 

မင်းအောင်လှိုင်ကတော့ ရရာ ကောက်ရိုးမျှင် များ ကို ဖမ်းဆွဲနေခြင်း ဖြစ်သည်ကို အထင်အရှား တွေ့လာနေရသည်။ ယင်းသည် သူ၏ နောက်ဆုံး အကြိမ် သူကိုယ်တိုင် နှင့် ဆွေမျိုးသားခြင်းများကို ကယ်တင်နိုင်ရန် ကြံစည်လာသည့် လုပ်ရပ်လည်း ဖြစ်သည်။

 

လူငယ်များ၏ ဘဝသည် အာဏာသိမ်းပြီး ချိန်ကစ၍ ဒုက္ခမျိုးစုံ နှင့် ရင်ဆိုင်လာခဲ့ရသည်၊ စီးပွားရေး ကျပ်တည်းလာမှုများ၊ လုပ်ငန်းများ ပိတ်ပစ်ခဲ့ရမှုများ၊ အလုပ်အကိုင် နှင့် ပညာရေးပါ ဆုံးရှုံးခဲ့ရ၍ အနာဂတ်သည် မှုန်ဝါးလာခဲ့ရသည်၊ ထို့အပြင် ကုမ္ပဏီ နှင့် စက်ရုံများလည်း လူငယ် အလုပ်သမား အင်အား ဆုံးရှုံးရတော့မည် ဖြစ်သည်။

 

လူငယ်များ အဖို့ Stay or Leave ဆိုသည် ထဲက တခုခု ကို ခက်ခဲစွာ ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

 

စစ်တပ်အဖို့က ကတုတ်ကျင်း ထဲတွင် ဆက်နေရန် တူးဆွနေပြီ ဖြစ်သည်၊ သို့သော် ဒီတကြိမ်သည် ကတုတ်ကျင်း မဟုတ်တော့ပဲ ကိုယ့်သင်္ချိုင်း ကိုယ်တူး လာနေခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

 

မင်းအောင်လှိုင်သည် လူထုအား ဒုက္ခမျိုးစုံ ပေးနေရာမှ ယခုအခါ ၎င်းအား ထောက်ခံနေသူများ ပါမကျန် မိဘများအား သားသမီး ချင်း မစာနာပဲ ပူပင် သောကရောက်စေမည့် ကြီးမားသော အကုသိုလ်ကြီးကို ကျုးလွန်လာပြီ ဖြစ်သည်။

 

ယင်းသည် တိုင်းပြည်ကို ကာကွယ်ရန် မဟုတ်ပဲ ၎င်းတို့ အကျိုး အတွက်သာ အသက် ၂၀ အရွယ်ရှိ ကိုထက်အောင်ကျော်မှ နယူးယောက်တိုင်း သတင်းစာ အား ပြောခဲ့သည်။

 

မင်နီဆိုတာ ရှိ စိန့်ပေါ ကောလိပ်တွင် ပညာသင်ကြားနေသော အသက် ၂၁ အရွယ်ရှိ ကျောင်းသူတဦးကမူ နိုင်ငံခြားမှ ပြန်လာသော လူငယ်များ ကို လေဆိပ်တွင်ပင် ဖမ်းဆီးခေါ်ဆောင်ခံရမည်ကို စိုးရိမ်မိကြောင်း နှင့် သူမ အနေဖြင့်မူ အမေရိကန်တွင်သာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်တော့မည်ဟု ဆိုသည်။

 

စစ်တပ်သည် မဆိုသလောက်သာ လေ့ကျင့်ပေးပြီး ၎င်းတို့ ၏ သစ္စာရှိမှု ကို စမ်းသပ်သည့် အနေဖြင့် ရှေ့တန်း တွင် ခိုင်းဖတ် အဖြစ် သာ အသုံးပြုရန် ရည်ရွယ်ထားပြီး လူငယ်များ၏ ဘဝကို ဖျက်ဆီးပစ်ပြီး တဦး နှင့် တဦး ရှေ့တန်း တွင် သတ်ဖြတ်ကုန်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဒိန်းမတ် နိုင်ငံတကာ လေ့လာရေး ဌာန၏ မြန်မာ သုတေသီ ဒေါက်တာ ဂျပ်စတင် ချိမ်ဘာက ဩစတေးလျှ အေဘီစီ သတင်းဌာနသို့ ပြောပြခဲ့သည်။ နောက်နှစ်ထဲတွင် အသေအပျောက် အများဆုံး ဖြစ်လာနိုင်သည်ဟုလည်း သူမက ဆိုသည်။

 

စစ်အင်အား ဖြည့်တင်းရန်သာ မဟုတ်ပဲ မြို့ကြီးပြကြီးများ တွင် ၎င်းတို့အား ဆန့်ကျင်နေသည့် လူငယ်များကို ဖယ်ရှားပစ်ရန်လည်း ရည်ရွယ်သည်ဟု ထောက်ပြခဲ့သည်။

 

‌မြန်မာ အရေး သုတေသီ ဒေးဗစ် မေသီဆန်ကမူ ထိုလုပ်ရပ်အား အကြံကုန် ဂဠုန် ဆားချက်သည့် သွေးရူးသွေးတမ်း လုပ်ရပ်မျိုး ဟု မရှုမြင်သင့်ပဲ ပြင်းထန်သော စိတ်ဝေဒနာ ဖိစီးလျက် ရှိသူတဦး ၏ ငါနှင့် အတူ တနိုင်ငံလုံး ကို ဒုက္ခရောက်စေရမည် ဟု သန္နိဋ္ဌာန် မျိုးသာ ဖြစ်သည်ဟု အေဘီစီ သတင်းဌာန အား ပြောပြခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် ပြည်သူလူထု ကြုံတွေ့လာရသည့် ဒုက္ခ များ လျော့နည်းစေရန် တိုင်းရင်းသား မဟာမိတ် အဖွဲ့များ နှင့် လက်တွဲပြီး လိုအပ်သည့် ကာကွယ်မှု၊ ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!