Enter the Dragon

by Hla Soewai - Feb 17 2024

၂၀၂၄ သည် စစ်အာဏာရှင် စနစ်ဆိုး မြန်မာ့မြေပေါ် မှ အပြီး အပိုင် ကွယ်ပျောက်သွားတော့မည် ဆိုသော မျှော်လင့်ချက်များ အားလုံး စိတ်ထဲတွင် အနည်းနှင့် အများ ဆိုသလို ကိန်းအောင်းနေကြပြီ ဖြစ်သည်။

 

တော်လှန်ရေး မဟာမိတ်များသည်လည်း အာဏာသိမ်း တပ်များက ရှူံးမဲ မဲကာ လေကြောင်း နှင့် လက်နက်ကြီးများဖြင့် ၎င်း၊ လစ်လျှင် လစ်သလို ထိုးစစ် ဆင် ပြီး မီးကုန်ယမ်းကုန် ဒလစပ် တိုက်ခိုက်နေသည် ကို အမှည့်ခြွေ ခြွေ ရင်း ပြန်လည် ခုခံ နေကြပြီ ဖြစ်သည်။

 

ညီနောင်သုံးဖေါ် အဖွဲ့ကလည်း နဂါး နှစ်လည်း ဖြစ်သည့် ၂၀၂၄ တွင် စစ်အာဏာရှင် စနစ်အား အဆုံးသတ် နိုင်မည်ဟု ကြေငြာချက် ထုတ်ပြန်ထားသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ယင်းနှင့် အတူ မင်းအောင်လှိုင်တို့ ဖက်တွင်လည်း တခုခု လုပ်မှ ဖြစ်တော့မည်ကို သိလာနေပြီ ဖြစ်သည်၊ အထူးသဖြင့် စိတ်ဓါတ်များ ပြိုဆင်းလာနေသည် နှင့် အမျှ တဖက်တွင်လည်း စစ်ပန်း လာနေပြီး တိုက်ချင်ခိုက်ချင် စိတ်များ ကုန်ခမ်းလာနေသည်။ ဤသည်ကို ကောလင်း တိုက်ပွဲကြီးက ‌၎င်းအား သက်သေ ပြခဲ့ပြီ ဖြစ်သည်။

 

‌နိုင်ငံခြားငွေများ ကုန်ခမ်းလာနေသည် နှင့် အမျှ စစ်စရိတ်များ ထောင်းလာနေပြီး လေယာဉ် အသစ်များ ဝယ်ယူ ဖြည့်တင်းနိုင်ဖို့ နေနေသာသာ ပြုပြင် မွမ်းမံ ထိန်းသိမ်းနိုင်ဖို့ပင် ခက်ခဲလာနေသည်၊ အထက်တွင် ဆိုခဲ့သလို အချိန်မရွေး မီးကုန် ယမ်းကုန် ဖြစ်သွားနိုင်သည်။ ထို့အတွက် ကြည်းတပ်ကိုသာ မဖြစ်မနေ အားကိုးသွားရဖို့ ရှိနေသည်။

 

ကောလင်း ထိုးစစ်အား လက်နက်လူသူ အင်အား အပြည့်အစုံ နှင့် ထိုးစစ်ဆင်လာနိုင်သော်လည်း မြို့တွင်းကိုပင် မဝင်ရောက်နိုင်ပဲ ဝင်နိုင်သလောက် ဝင်ပြီး မီးရှို့ ပြီး တပ်လန်သွားခဲ့ရသည်။

 

‌ယင်းနှင့် ပတ်သက်၍ အောက်ခြေ အစီရင်ခံချက်များ တွင် စိတ်ဓါတ်များ ပြိုလဲကျဆင်းနေသည် ဆိုသော အချက်ကို ဖုံးဖိ၍ စစ်ပန်းနေကြ၍ ဖြစ်သည်ဟု အကြောင်းပြလာပေလိမ့်မည်။

 

ထို့အပြင် ကျောက်တော် မြို့နယ် အပေါက်ဝ ရွာ အနီး ကုလားတန် မြစ်ထဲတွင် စစ်သင်္ဘောနှစ်စီး၊ ဖယ်ရီ တစီးအား ရက္ခိုင်တပ်တော်မှ အောင်မြင်စွာ တိုက်ခိုက် နစ်မြုပ် ပစ်လိုက် နိုင်သည် ဆိုသော သတင်းလည်း ထွက်ပေါ်လာခဲ့ပြန်သည်၊ ထိုသတင်းအားလည်း ဓါတ်ပုံများ နှင့် တကွ အတည်ပြု ထုတ်ပြန် နိုင်ခဲ့သည်။ (ပုံတွင်ရှု့)

 

ညီနောင် မဟာမိတ် အဖွဲ့၏ ကြေငြာချက်၊ ကောလင်း ထိုးစစ်တွင် ထင်သလို ဖြစ်မလာခဲ့မှု၊ ကုလားတန် မြစ်ထဲ စစ်သင်္ဘောများ နစ်မြုပ်ခံခဲ့ရမှုများသည် မင်းအောင်လှိုင်အား ရုတ်ခြည်း ဆိုသလို သွေးရူးသွေးတန်း ဖြစ်သွားစေမည်ဟု ယူဆရသည်။

 

ထို့အတွက် ဒီတိုင်းလဲ စစ်သားသစ် ထပ်စုဆောင်း‌၍ မရသည့် အတူတူ ‌‌ဗိုလ်သန်းရွှေ၏ ဥပဒေ အဟောင်းကြီး ကို ဖုတ်ဖက်ခါ၍ ၎င်းတို့၏ အုပ်ချုပ်‌ ရေး အောက်တွင် ကျပ်တည်းခြင်းမက ကျပ်တည်းလာ‌ နေသော လူထု အား ဓါးမိုး၍ စစ်ထဲ ခေါ်သွင်းကာ အသေခံ ခိုင်းခြင်းပင် ဖြစ်သည်။ လူငယ်များ၏ အနာဂတ် နှင့် ပညာရေးကို လုံးဝဥပက္ခာ ပြုလိုက်သည့် လုပ်ရပ်မျိုးလည်း ဖြစ်သည်။

 

သို့သော် လက်ရှိ အချိန်တွင် တပ်တွင်း စည်းလုံးညီညွတ်ရေး အား မည်သို့မျှ အထိခိုက် မခံနိုင်၍ ၎င်းတို့အား ဆန့်ကျင်နေသော လူများ အုတ်ရောရော ကျောက်ရောရော ပါလာပြီး အခြေအနေများ ဆိုးဝါးသွားမည့် အရေးကိုလည်း အသေအချာ တွေးမိလာသည့် အခါ စိုးရိမ်နေမည်သာ ဖြစ်သည်။

 

ထို့အတွက် တကယ်တမ်း ထိုဥပဒေကို ကျင့်သုံးမည် ဆိုလျှင်ပင် ၎င်းတို့အား အဓိက ဆန့်ကျင်‌ နေသော လူငယ် စစ်သားသစ် ဆိုသူများကို ပေါ်တာများ၊ လူသား ဒိုင်းများ အဖြစ် သုံးဖို့များနေသည်။

 

ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များက "စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး အတွက် သင့်အား အလိုရှိသည်" ဆိုကာ စတင် ခေါ်ယူနေပြီ ဖြစ်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေ၏ အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် (၅) သင်တန်းကို KNU တပ်မဟာ ၆ နယ်မြေအတွင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F က ဦးဆောင်သင်ကြားပေးခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း ခေတ်သစ် သတင်းတွင် ပါရှိလာသည်။

 

ထို့ပြင် အပတ်စဥ် (၆) အထူးစစ်ဆင်ရေးသင်တန်းအတွက် သင်တန်းသားများကိုလည်း စတင်လက်ခံပြီဖြစ်ကြောင်း အသိပေးချက်ထုတ်ပြန်ထားသည်ဟု ဆိုသည်။

 

လက်ရှိ တွင် ဘင်္ဂလားဒေ့ရှ် ဖက်သို့ ထွက်ပြေး ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို ပြန်ပို့ နိုင်ခြင်း မရှိသေးသည်ဟု သိရသည်၊ ထိုကိစ္စအား ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယ လို အတတ်နိုင်ဆုံး ဖုံးဖုံးဖိဖိ မလုပ်ပဲ နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်ကာ သတင်းစာ ရှင်းလင်းပွဲလုပ်ကာ အကျယ်ချဲ့လာပြီ ဖြစ်သည်။

 

အဆိုပါ သတင်းစာ ရှင်းလင်းပွဲ တွင် ပြန်ပိုရမည့် ရက် အတွက် နှစ်ဖက် သဘောတူညီမှု ရထားပြီး ဖြစ်ကြောင်း နှင့် စစ်‌ တွေ ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် ရုံးအားလည်း လုံခြုံရေး စိတ်မချရတော့သဖြင့် ရန်ကုန်သို့ ရွှေ့ပြောင်းလိုက်ပြီဟုလည်း ပြောသွားခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!