ထိုင်းအစိုးရ ၏ အကူအညီ ပေးရေး စင်္ကြန်လမ်းမ ကြီး စတင်ရန် စီစဉ်မည်ဟု ဆို

by Hla Soewai - Feb 17 2024

ထိုင်း အစိုးရ ပြောခွင့်ရသူ မှ အကူ အညီ ပေးရေး စင်္ကြန်လမ်းမကြီး အား D4D ရည်ရွယ်ချက် ဖြင့် စတင် သွားမည်ဟု ဆိုသည်၊ ၎င်းပြောသည့် D4D ဆိုသည်က အကြမ်းဖက်မှု လျော့ချနိုင်ရေး (De-escalate)၊ အကူအညီများ ထောက်ပံ့ရေး (Deliver humanitarian aid)၊ ဖမ်းဆီးခံရသူ များ ပြန်လွှတ်ရေး (Discharge detainees) နှင့် တွေ့ဆုံ ဆွေးနွေးလာရေး (Initiate dialogue) တို့ ဖြစ်သည်ဟု ဆိုသည်။

 

အာဆီယံ ၏ ထောက်ခံမှု ဖြင့် စတင်မည့် ထိုင်း အစိုးရ၏ အစီအစဉ်သည် လက်ရှိ စစ်တပ်ကို ပိုနေမြဲ ကျားနေမြဲ ဆက်လက် ထားရှိ နိုင်ရေး အတွက် ကျားကန် ပေးရန် ရည်ရွယ်ထားလာသည် မှာ ထင်ရှားနေပေသည်။

 

ယင်းသည် မင်းအောင်လှိုင် မှ လိုက်နာပါမည်ဟု သဘောတူထားသည့် အချက် ငါးချက်ထဲမှ တခုကို သုံးနှစ်ကြာ မှ အကောင်အထည် ဖေါ်လာခြင်း ဖြစ်သည်။

 

ထိုင်း၏ အကူအညီ ပေးမည့် အစီအစဉ်သည် ထိုင်း ကြက်ခြေနီ မှ မြန်မာ ကြက်ခြေနီ အဖွဲ့သို့ ကယ်ဆယ်ရေး ပစ္စည်းများ လွှဲပြောင်းပေးသွားမည်ဟု ဆိုသည်။ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အမျိုးသား ညီညွတ်ရေး အစိုးရနှင့် ပါ ညှိနှိုင်းမှု မျိုး မတွေ့ရပေ၊ ထိုသို့ လုပ်မည်ဆိုက သဘောမတူဟု မင်းအောင်လှိုင်တို့ဖက်မှ တင်းခံနေပုံရသည်။

 

မြန်မာ ကြက်ခြေနီ အသင်း အမှုဆောင်များသည် ယခင် စစ်တပ် မှ အငြိမ်းစား ယူထားသော ဗိုလ်ချုပ်များ ပါဝင်နေပြန်သည်။ တပ်မတော်နေ့ဆိုကာ ကျင်းပသည့် စစ်ရေးပြပွဲတွင်ပင် ကြက်ခြေနီသည် စစ်ကြောင်း တကြောင်း အဖြစ် ပါဝင်ချီတက်ခဲ့ပြီး ဖြစ်သည်။

 

လက်ရှိ အစီအစဉ်အား တလ အတွင်း စတင်သွားရန် ရှိသည်ဟု ဆိုသည်။ ပစ္စည်းများသည် မဲဆောက် အကောက်ခွန် ဂိတ်သို့ ရောက်ရှိလာမည် ဖြစ်ပြီး ထိုမှ တဆင် ဒုတိယ ထိုင်း-မြန်မာ တံတားကို ဖြတ်၍ ဝင်ရောက် ဝေငှ ပေးသွားမည်ဟု သိရသည်။ ကရင်ပြည်နယ် အတွင်း တွင်လည်း နောက်ထပ် စင်တာ တခု ထားရှိသွားမည်ဟု ဆိုသည်။

 

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး နှင့် အဖွဲ့ သည် သောကြာနေ့က စင်တာ ဖွင့်မည့်နေရာများကို လာရောက် စစ်ဆေးသွားရင်းက နယ်ခြားကုန်သွယ်ရေး မှ ယခု အခါ ဝင်ငွေ ဘတ် ၃၀ ဘီလီယံ ခန့် ဆုံးရှူံးနေ၍ မြန်မာ ပြည် ငြိမ်းချမ်းရေး ရမှ နယ်ခြားကုန်သွယ်ရေး ပြန်လည် ရှင်သန် လာမည်ဟု ပြောသွားခဲ့သည်။

 

အပစ်အခတ် ရပ်စဲ နိုင်မှသာ အကူအညီများ ထိထိရောက်ရောက် ပေးနိုင်မည် ဖြစ်သည်ကို အားလုံး အသိ ဖြစ်သော်လည်း အကူအညီများ ပေးခြင်းဖြင့် အပစ်အခတ် ရပ်စဲ ပြီး ငြိမ်းချမ်းရေး ရလာလိမ့်မည်ဟု ပြောင်းပြန် ယူဆနေသူ ဖြစ်သည်။

 

အတော်ကို မြင့်မားလှသည် ရည်ရွယ်ချက်ဟုပင် ဆိုရမည် ဖြစ်သည်၊ ၎င်းတို့သည်လည်း ဖြစ်နိုင် မဖြစ်နိုင် မစဉ်းစား၊ တခုခု လုပ်ပြနိုင်လျှင် ရပြီဟု တွက်ဆနေကြသူများ သာ ဖြစ်သည်။

 

အရိုင်းအစိုင်း သာသာမျှသာ ရှိတော့သော မြန်မာ စစ်အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်များကြောင့် ပတ်သက် ဆက်နွယ်နေသူ များအဖို့ ၎င်းတို့ ကိုယ်ကျင့် တရား ခံယူချက်အား ကမ္ဘာအလယ် တွင် အလိုလို မှတ်ကျောက်တင်ခံ နေရသည့် အနေအထား မျိူး ရောက်လာနေပြီ ဖြစ်သည်။

 

ထိုင်း၏ အစီအစဉ်သည် မြန်မာ စစ်ကောင်စီအား အချက် တချက် လိုက်‌ လျောလာသည် ကို အကြောင်းပြကာ အာဆီယံ ထဲ ပြန်ဝင်လာ‌ အောင် လုပ်ပြီး ထိုမှ တဆင့် ကမ္ဘာ့စင်မြင့် ပေါ်သို့ ဆွဲတင်ပေးရန် ပင် ဖြစ်သည်ဟု မြန်မာ အရေး လေ့လာသူ အီဂေါ ဘလာစီဗစ်မှ ဧရာဝတီ တွင် ရေးသားထားသည်။

 

လက်ရှိတွင် အိမ်နီးချင်း နိုင်ငံများ အားလုံးက မင်းအောင်လှိုင် နှင့် အဖွဲ့ ဆက်ရှိနေမည်ကို မလိုလားကြသော်လည်း စစ်တပ် အရေးနိမ့်သွားမည်ဆိုက ဒုက္ခသည်များ၊ စစ်ပြေးများ အလုံးအရင်း နှင့် ဝင်ရောက်လာမည့် အရေးကိုလည်း စိုးရိမ်နေကြ၍ အထက် တွင် ဆိုခဲ့သည့် အတိုင်း ပိုနေမြဲ ကျားနေမြဲ အနေအထားဖြင့် သာ လက်ရှိ အကျပ်အတည်းကို ပြီးသွားစေချင်နေသည်။

 

ထိုသို့ ပြီးသွားအောင် လည်း စစ်ကောင်စီ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်ကောင်စီ မှ ပုံဖေါ်ပေးထားသည့် "နိုင်ငံရေး ပါတီများ" အကြား ဆွေးနွေးညှိနှိုင်းသည့် ပုံစံမျိုး ဖန်တီးရန် ဖြစ်သည်။

 

၎င်းတို့၏ လက်ရှိ လူသားချင်း စာနာ ထောက်ထားမှု ဖြင့် အကူအညီ ပေးရေး ဆိုသည်က သေနတ် ဒဏ်ရာ ကို ဆေးပလာစတာ ကပ်ပေးခြင်းမျိုးသာ ဖြစ်မည်ဟု ထိုင်းနိုင်ငံ ခြားရေး ဝန်ကြီးဟောင်း ကာဆစ် ပီရိုမြ က ဝေဖန်လိုက်သည်။

 

ပြည်သူတို့ ၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!