နိုင်ငံတကာ ရေးရာ မိတ်ဆက်(36)

by Hla Soewai - Feb 22 2024

ရှေ့ကို မျှော်ကြည့်သော်

 

အမေရိကန်-တရုတ် ဆက်ဆံရေး၏ ဦးတည်ရာ လမ်းကြောင်းသည် ဒေသတခုလုံး အတွက် လွန်စွာ အရေးပါနေသည်။ ထိုလမ်းကြောင်းကို အဆုံး အဖြတ် ပေးမည့် တခုတည်းသော အရာကား စီးပွားရေး နယ်ပယ် ပင် ဖြစ်ပြီး အထူးသဖြင့် နောက်ဆုံး‌ ပေါ် နည်းပညာ များနှင့် တရုတ် အစိုးရ ၏ ပါဝင်ပတ်သက်နေသည့် ကဏ္ဍ များတွင် မီးမသေ ရေမနောက် ဆက်၍ နေသွားနိုင်ခြင်း ရှိမရှိ ဆိုသည်ပင် ဖြစ်သည်။

 

ဘူမိနိုင်ငံရေး ပြဿနာများ ဖြစ်သော တောင်တရုတ် ပင်လယ်၊ တိုင်ဝမ် အရေးများ နှင့် တရုတ်မှ နိုင်ငံ တွင်းရှိ လူနည်းစုများ အပေါ် ဆက်ဆံနေပုံ နှင့် စပ်လျှင်းပြီး သဘော ကွဲလွဲချက်များ အစရှိသည်တို့သည် ဖြေရှင်းနိုင်ဦး မည် မဟုတ်သေးပေ။

 

ထိုပြဿနာများကို နိုင်ငံခြားရေး မူဝါဒများ ဖြင့် ထိန်းထိန်းသိမ်းသိမ်း စီမံ နိုင်မှသာ လက်လွတ်စပယ် ဖြစ်မသွားပဲ နှစ်နိုင်ငံ အကျိုးစီးပွားခြင်း စပ်ယှက်နေမှုများ တွင် ပူးပေါင်းဆောင်ရွက်လာနိုင်မည် ဖြစ်သည်။

 

ဒေသတွင်း ရင်ဆိုင်နေရသော စိန်ခေါ်မှု များသည် ဘူမိ နိုင်ငံရေး သက်သက်ခြည်း မဟုတ်။ လူဦးရေ ပြောင်းလဲ ဖြစ်ပေါ်နေသည့် ပြဿနာလည်း ရှိနေသည်။ အရှေ့အာရှသည် ကမ္ဘာ အခြားဒေသများထက်စာလျှင် သက်ကြီးရွယ်အိုများ ပို၍ လျှင်မြန်စွာ တိုးပွားလာနေခြင်းပင် ဖြစ်သည်။ အဓိက အကြောင်းရင်းသည် လူ့သက်တမ်း ရှည်လာခြင်း၊ ပြောင်းရွှေ့ အခြေချ သူ နည်းနေခြင်း၊ မျိုး အောင်မြင်နှုန်း ကျဆင်းလာခဲ့ခြင်း တို့ကြောင့် ဖြစ်သည်။ ထိုသို့ ဖြစ်လာရခြင်းသည် စီးပွားရေး အောင်မြင်လာခဲ့မှု များ နှင့် ဆက်စပ်နေပြန်သည်။

 

ထို နိုင်ငံများထဲတွင် အထူးသဖြင့် ဂျပန် နှင့် တရုတ်သည် အနာဂတ်တွင် အလုပ်လုပ်ကိုင် နိုင်စွမ်း အသက်အရွယ် ရှိ လူဦးရေ ကျဆင်းလာမှု နှင့် ရင်ဆိုင်လာရတော့မည် ဖြစ်သည်။ အလုပ်လုပ်နိုင်စွမ်း ရှိသူများသည်လည်း အလုပ်မှ အနားယူသွားကြသည့် သက်ကြီးရွယ်အိုများကို မဖြစ်မနေ ထောက်ပံ့ကြရဦးမည်လည်း ဖြစ်သည်။

 

နိုင်ငံ အများအပြားသည်လည်း ပြည်တွင်း နိုင်ငံရေး နှင့် စီးပွားရေး စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေကြရပြန်သည်။ တရုတ် ခေါင်းဆောင်များသည် သက်ကြီးရွယ်အို များပြားလာနေသည့် အရေးသာမက အမျိုးသား အရည်အတွက်သည် အမျိုးသမီးများထက် အဆမတန် များပြားနေမှု နှင့်လည်း ရင်ဆိုင်နေကြရသည်။ ဤသည်ကလည်း မိသားစု တစုသည် ကလေး တဦးသာ ယူရမည်ဟု ကာလကြာမြင့်စွာ ကန့်သတ်ထားခဲ့မှု ကြောင့် မိဘများက ‌ယောက်ျားလေး ကိုသာ ဦးစားပေး ရွေးချယ်ခဲ့ကြခြင်းကြောင့် ဖြစ်သည်။

 

ထို့အပြင် အကျင့်ပျက် ခြစားမှု များ နေရာအနှံ ရှိလာနေခြင်း၊ သဘာဝ ပတ်ဝန်းကျင် အနေအထား ဆုတ်ယုတ် ကျဆင်းလာခြင်း၊ စီးပွားရေး တွင် အခြား နိုင်ငံများ၏ ဈေးကွက် သို့ ဝင်ရောက်နိုင်ခွင့်ကို အလွန်အကျွံ အားပြုနေရသည့် အခြေအနေများ လည်း ကြုံတွေ့နေရသည်။

 

ထိုမျှသာ မကသေး၊ ကွန်မြူနစ်ပါတီ၏ ခေတ်မီ စီးပွားရေး တရပ် ဖန်တီး တည်ဆောက်လိုသည့် ဆန္ဒ နှင့် လူတဦးချင်းစီ၏ လွတ်လပ်ခွင့်ကို တင်းကျပ်စွာ ကန့်သတ်လိုမှု များ အကြား ပဋိပက္ခ အသွင် ဆောင်လာခဲ့သည်။ တရုတ်သည် ၎င်းတို့၏ လူ့အစည်းအရုံးကြီးအား နိုင်ငံရေး အရ ပိတ်ဆို့ထားနေချိန်တွင် တံခါးဖွင့် စီးပွားရေး၏ အကျိုးကျေးဇူးများ ရရှိ နေနိုင်သည်လား ဆိုသည်ကား သဲသဲကွဲကွဲ မသိနိုင် ဖြစ်နေရဆဲပင်။

 

အရေးကြီးဆုံး ထွက်ပေါ်လာသည့် မေးခွန်းသည်ကား စီးပွားရေး တိုးတက်မှု နှုန်း သည် အနိမ့် ပိုင်း တွင် သာ ရှိနေသည့် ကြားတွင် တရုတ် အစိုးရသည် နိုင်ငံရေး တည်ငြိမ်မှု ကို ဆက်၍ ထိန်းထားနိုင်မည် လော ဆိုသည်ပင် ဖြစ်သည်။ အကယ်၍ မထိန်းသိမ်း နိုင် ဖြစ်လာမည် ဆိုလျှင် ၎င်းတို့၏ နိုင်ငံခြားရေး ပေါ်လစီ အား အမျိုးသားရေး ဆေးခါးကြီး ထည့်သွင်းလာမည်သာ ဖြစ်သည်။ သို့မှသာ ပြည်တွင်း ရေး အဆင်မပြေ ဖြစ်လာနေမှု မှ အာရုံ လွှဲနိုင်မည် ဖြစ်သည်။

 

အာရှအတွက် နောက်ထပ် မေးခွန်းတရပ် သဘာဝ ကျစွာ ပေါ်ထွက်လာပြန်သည်က လက်ရှိ အံ့မခန်း အောင်မြင်နေမှု များ ဖြစ်သည့် စီးပွားရေး တိုးတက်‌ နေမှု၊ နိုင်ငံရေး တည်ငြိမ်နေမှု နှင့် ငြိမ်းချမ်းရေး ကို ဆက်၍ ထိန်းထားနိုင်မည်လား ဆိုသည်ပင် ဖြစ်သည်။

 

ထိန်းထားနိုင်လိမ့်မည် ဆိုသည်ကား ဖြစ်နိုင်ခြေ ရှိနေသည်။ သို့သော် အင်အား ချိန်ခွင်လျှာ အမြဲတစေ ရွေ့ရှားနေမှု၊ ခေတ်မီ ဆန်းပြားသော လက်နက်များ ဝယ်ယူ တပ်ဆင်နေမှု၊ နိုင်ထက် စီးနင်း လုပ်နိုင်စွမ်း ရှိနေသည့် တရုတ်ပြည် ထကြွလာနေမှု၊ မဖြေရှင်း နိုင်ဆဲ ဖြစ်နေသော နယ်မြေ ဆိုင်ရာ အငြင်းပွားမှု များ ဆက်ရှိနေမှု၊ လူ့အဖွဲ့အစည်း အတွင်း ‌အပြောင်းအလဲများ ဖြစ်ပေါ်လာဦးမည်ဟု မျှော်လင့် ထားမှု၊ နှင့် အမေရိကန် ပြည်ထောင်စုသည် ဒေသတွင်း တည်ငြိမ် မှု ကို ထိန်းသိမ်းနိုင်ရန် မည်မျှ အတိုင်းအတာ အထိ လိုလိုလားလား ရှိနေမည်လော ဆိုသည့် မေးခွန်း အား အဖြေ မထုတ်နိုင်မှု အစရှိသည် တို့ကြောင့် မည်သည့်နည်း နှင့် မျှ အတိအကျ အာမခံ နိုင်စွမ်း ရှိလိမ့်မည် မဟုတ် ဟု ဆိုရမည် ဖြစ်သည်။