ရုရှား၏ လျို့ဝှက် ဆန်းကြယ်သော အာကာသ လက်နက် သစ်

by Hla Soewai - Feb 22 2024

ယင်းနှင့် ပတ်သက်၍ ထွက်ပေါ်လာသော သီအိုရီများသည်ကား အာကာသ နျူ လက်နက်၊ သို့မဟုတ် နျူကလီယား စွမ်းအင်သုံး jammer တခု ဖြစ်နိုင်သည် ဟူ၍ ဖြစ်သည်။

 

ထိုသတင်း ထွက်ပေါ်လာသည့် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့တွင် ဝါရှင်တန် တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီ ဥက္ကဌ မိုက် တန်းနား မှ အစိုးရအား ၎င်းတို့၏ "အမျိုးသား လုံခြုံရေး အား ကြီးမားစွာ ခြိမ်းခြောက်လာမှု" ကြီးဟု အမည်ပေးထားသော အစီရင်ခံစာအား ထိတ်တန်း လျို့ဝှက် အဆင့်မှ ပယ်ဖျက်ပေးရန် တောင်းဆိုလိုက်သည်။ 

 

သတင်းမီဒီယာ များ အားလုံး က ထိုအစီရင်ခံစာသည် ရုရှား၏ အမျိုးအမည် မသိ အာကာသ လက်နက် ဆန်း နှင့် သက်ဆိုင်နေမည်ဟု ‌ပြောနေကြသည်။ ထိုလက်နက်အား ယခုထိ အာကာသ တွင် ဖြန့်ကျက် ချမထားသေးသော်လည်း အမေရိကန် နှင့် မဟာမိတ်များ၏ ဂြိုလ်တုများ အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ဖွယ် ရှိနေသည်။

 

ကနဦး ထွက်ပေါ်လာသော သတင်းများ ကမူ နျူကလီယား စွမ်းအင်သုံး အာကာသ ယာဉ် တမျိုး ဖြစ်နိုင်ကြောင်း၊ အချို့ကလည်း နျူကလီယား လက်နက် တပ်ဆင်ထားသော အာကာသ ယာဉ် ဖြစ်နိုင်သည်ဟု အမျိုးမျိုး အဖုံဖုံ ခန့်မှန်း ပြောဆို ‌နေကြသည်။

 

ဖြစ်နိုင် စရာ က သုံးမျိုးသာ ရှိသည်၊ ပထမ တမျိုး မှာ ဂြိုလ်တု များကို ဖျက်ဆီးပစ်နိုင်ရန် "ရုတ်ခြည်း ပေါ်လာနိုင်သည့်" နျူ လက်နက် မျိုးပင်၊ ထိုလက်နက် အား မြေပြင် တွင်သာ ထားရှ်ိပြီး သုံးရန် ရှိလာသည့် အခါမှသာ အာကာသ သို့ လွှတ်တင်မည် ဖြစ်သည်။ ဒုတိယ အမျိုးအစားသည် ဂြိုလ်တု ပတ်လမ်းကြောင်းများ တွင် အမြဲလို ထားရှိမည့် နျူလက်နက် မျိုး ဖြစ်သည်။ တတိယ တမျိူးသည် နျူကလီယား စွမ်းအင်သုံး ဂြိုလ်တု အမျိုးအစား ဖြစ်ပြီး တိုက်ခိုက် ဖျက်ဆီးရန် အတွက် မဟုတ်ဘဲ အခြားသော အာကာသ ထဲရှိ စက်ပစ္စည်း များ အား နျူကလီယား စွမ်းအင် ထုတ်လွှတ်ပေးရန် ဖြစ်မည်။

 

ရုရှားသည် အကယ်၍ နျူကလီယား လက်နက်အား ဂြိုလ် ပတ်လမ်း အတွင်း အစအဆုံး လည်ပတ်နိုင်အောင် လွှတ်တင်မည် ဆိုက ၁၉၆၇ တွင် ချုပ်ဆိုခဲ့သော ပြင်ပ အာကာသ ဆိုင်ရာ စာချုပ်ကို ချိုးဖောက်လိုက်ခြင်းသာ ဖြစ်ပေမည်။ ၁၉၆၃ တွင် နျူကလီယား အား အာကာသထဲတွင် ဖေါက်ခွဲ စမ်းသပ်ခြင်းကို ပိတ်ပင်သည့် စာချုပ်အားလည်း ရုရှားသည် ပါဝင် လက်မှတ်ထိုးထားပြီးလည်း ဖြစ်သည်။ ထိုလက်နက်မျိုးသည် လွန်စွာ ထိခိုက်ပျက်စီးစေနိုင်သည့်အပြင် လက်လွတ် စပယ် တိုက်ခိုက် နိုင်စွမ်း ရှိနေသည်။

 

အာကာသတွင်း နျူကလီယား ပေါက်ကွဲမှု ဖြာထွက်လာသော ပြင်းထန်လှသည့် ဓါတ်ရောင်ခြည်များကြောင့် ကမ္ဘာ မြေမျက်နှာပြင်တွင် ကြီးမားသော မီးတောက် မီးလျှံ ကြီး များ ဖြစ်ပေါ်လာနိုင်ပြီး ရေဒီယို သတ္တိကြွ အမှုန်များလည်း ပြန့်ကျဲသွားပေဦးမည်။

 

အာကာသ လေဟာနယ် ထဲတွင်လည်း လျပ်စစ်သံလိုက် လှိုင်းများ၏ တုန်ခါမှု ကြောင့် လွှတ်တင်ထားသော ဂြိုလ်တုများ၏ အီလက်ထရောနစ် အစိတ်အပိုင်းများ ပျက်စီးကုန်မည် ဖြစ်သည်။

 

အမေရိကား သည် ၁၉၆၂ တွင် ပင်လယ်ရေမျက်နှာပြင် အထက် လွန်စွာ မြင့်မားသော ကောင်းကင်ပြင်တွင် Starfish Prime ဟု အမည်ပေးထားသော နျူကလီယား စမ်းသပ်မှု တခု ပြုလုပ်ခဲ့ဖူးသည်၊ ထိုစမ်းသပ်မှု ကြောင့် နျူပေါက်ကွဲမှု လမ်းကြောင်းတလျောက်ရှိ ဂြိုလ်တု များ ပျက်စီးသွားသည့် အပြင် ကမ္ဘာအခြား တဖက်ခြမ်းရှိ ဂြိုလ်တုများသည်လည်း ကမ္ဘာ လျပ်စစ် သံလိုက်လှိုင်းများမှ တဆင့် ပါလာ သော အနုမြူ ရောင်ခြည် ကြောင့် ပျက်စီးသွားခဲ့ရသည်။ ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပိုင်းတွင် လှည့်ပတ်နေသော ဂြိုလ်တု သုံးပုံတပုံ ခန့် ပျက်စီးသွားသည်။

 

အကယ်၍ ရုရှားသာ အလားတူ ဖေါက်ခွဲ မှု လုပ်မည် ဆိုက ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပိုင်းရှိ အမေရိကန် ဂြိုလ်တုများသာမက ရုရှား၊ တရုတ် နှင့် အခြားနိုင်ငံများ ပါ လွှတ်တင်ထားသော ဂြိုလ်တု ၈,၃၀၀ ထဲမှ အတော်များများ ပျက်စီးသွားမည် ဖြစ်သည်။

 

လက်ရှိတွင် ရုရှား သုံးဦး လိုက်ပါနေသည့် နိုင်ငံတကာ အာကာသ စခန်း နှင့် တရုတ် အာကာသ ယာဉ်မှုး သုံးဦး ပါရှိသည့် Tiangong အာကာသ စခန်းပါ ထိခိုက်သွားနိုင်သည်။

 

အမေရိကန် စစ်ဖက် နှင့် ထောက်လှမ်းရေး မှ နျူလက်နက်များ အမိန့်ပေး ထိန်းချုပ်ရာတွင် သုံးသော ဂြိုလ်တုများရှိ အီလက်ထရောနစ် အစိတ်အပိုင်းများသည်လည်း လျပ်စစ် သံလိုက် လှိုင်းများ ဒဏ်ကို ခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။ စီးပွားရေး လုပ်ငန်းသုံး ဂြိုလ်တုများသည်လည်း အလားတူပင် ဖြစ်သည်။

 

တကယ်တမ်း ထိုကဲ့သို့ တိုက်ခိုက်မှုမျိုး ကို မြောက်ကိုရီယား နှင့် အီရန် ကဲ့သို့ လုပ်မိလုပ်ရာ လုပ်တတ်သော နိုင်ငံမျိုးများကသာ ကျုးလွန်သင့်သည်၊ အာကာသထဲတွင် ၎င်းတို့ ပိုင် ဂြိုလ်တုများက ပြောပလောက်အောင် မရှိ၍ ဆုံးရှုံးသွားနိုင်စရာ နည်းပါးလှသည်။

 

ရုရှားသည် နျူကလီယား ဗုံးကို ဒုံးကျည်သုံး၍ ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပိုင်း ကို လွှတ်တင်ရန်မဟုတ်ဘဲ၊ ကမ္ဘာမြေမျက်နှာပြင်မှ ၃၆,၀၀၀ ကီလိုမီတာ အကွာအဝေးရှိ geosynchronous orbit (GEO)ပတ်လမ်းကြောင်းထဲသို့ ပစ်လွှတ်ရန် အတွက် ဖြစ်သည်။ ကမ္ဘာပတ် လမ်းကြောင်း အနိမ့်ပိုင်းသည် ကမ္ဘာ မှ ကီလိုမီတာ ၂,၀၀၀ ခန့်သာ ဝေးသည်။ GEO ရှိ ဂြိုလ်တု များသည် တရက်လျှင် တကြိမ်နှုန်းဖြင့် ကမ္ဘာကို လှည့်ပတ်သည်။ အများအားဖြင့် တနေရာထဲတွင် ရပ်တည်နေပြီး သတင်းအချက်အလက်များ ထုတ်လွှင့်ပေးခြင်း နှင့် ဒုံးကျည် ကြိုတင် သတိပေးချက်များသာ ထုတ်လွှင့်ရန် ဖြစ်သည်။ အမေရိကန် အတွက် လွန်စွာ တန်ဖိုးရှိလှသည့် ထောက်လှမ်းရေး နှင့် စစ်ဖက် ဆိုင်ရာ ဆက်သွယ်ရေး ဂြိုလ်တုများသည် ထိုပတ်လမ်းကြောင်းထဲတွင် ရှိနေသည်။ လက်ရှိ မည်သည့် နျူကလီယား ဒုံးကျည်မျှ ထိုပတ်လမ်းကြောင်း ထဲသို့ ရောက်နိုင်စွမ်း မရှိဟု သိရသည်။

 

 

ဒုတိယ သီအိုရီ ဖြစ်သည့် အီလက်ထရောနစ် စစ်ဆင်ရေး အတွက် နျူကလီယား စွမ်းအင်သုံးဂြိုလ်တု ဖြန့်ကြက်ချထားရန် ရည်ရွယ်ခြင်း ဆိုသည်ကို PBS NewsHour မှ ထုတ်လွှင့်လာခဲ့သည်။ ထိုစစ်ဆင်ရေးသည် ပစ်မှတ်ထားသော ဂြိုလ်တု မှ လက်ခံ သို့မဟုတ် ထုတ်လွှင့်မည့် signal များကို ဖျက်ဆီးပစ်ရန် အတွက် ဖြစ်သည်။

 

အမေရိကန် နှင့် ရုရှား အပါအဝင် နိုင်ငံ အများအပြားတွင် ဂြိုလ်တု တလုံးအား ပစ်မှတ်ထား တိုက်ခိုက် နိုင်သည့် မြေပြင် အခြေစိုက် အီ‌လက်ထရောနစ် စစ်ဆင်ရေး စခန်းများ ရှိထားပြီး ဖြစ်သည်။

 

ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို အာကာသထဲမှ နေ၍ လုပ်ရန်ကား ပို၍ ခက်ခဲသည်။ သို့သော် ပစ်မှတ် နှင့် အနီးဆုံး နေရာတွင် ရှိနေမည် ဆိုက ပို၍ လွယ်ကူသည်။

 

ရုရှားသည် ထိုသို့သော စနစ်မျိုး ပိုင်ဆိုင်ရန် စူးစမ်း ရှာဖွေနေသည်မှာ ကာလကြာမြင့်စွာ ကတည်းက ဖြစ်သည်။ ရုရှား သိပ္ပံ အကယ်ဒမီ ကျောင်းတော်ကြီးမှ "အာကာသ ဆွဲယာဉ်" တစီးအား ၂၀၃၀ တွင် လွှတ်တင် နိုင်ရေး အတွက် Zeus အမည်ပေးထားသည့် စီမံချက် ကို အကောင်အထည် ဖေါ်နေသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

အမေရိကန်သည် နျူကလီယား ဓါတ်ပေါင်းဖိုပါဂြိုလ်တု ကို ၁၉၆၅ တွင် ပထမ‌ဆုံး လွှတ်တင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ဆိုဗီယက်မှလည်း အလားတူ ဂြိုလ်တု အလုံး ၄၀ ခန့် လွှတ်တင်လာခဲ့သည်။ လျပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်စွမ်း ရှိ၍ ဆိုဗီယက် မှ လွန်စွာ အင်အားကောင်းသော ရေဒါများကို သယ်ဆောင်သွားနိုင်ခဲ့သည်။ ယခုအခါ တွင် ရေဒါများသာမက အင်အားကောင်းသော jammer များ ကို အာကာသ တွင် ဓါတ်အား ပေးနိုင်ရန် အတွက် ဖြစ်လာသည်။

 

မကြာသေးမီ နှစ်များ အတွင်းက အမေရိကန် လက်နက်ကိုင် တပ်များသည် ယူကရိန်းတပ်များ တွင်တွင် ကျယ်ကျယ် သုံးနေသော SpaceX’s Starlink ကဲ့သို့ ဂြိုလ်တု မျိုး အုံနှင့် ကျင်းနှင့် တစုတဝေး တည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ချထား နိုင်ရေး ကို လွန်စွာ စိတ်ဝင်စားလာခဲ့သည်။

 

ထိုကဲ့သို့သော ဂြိုလ်တု များ ထောင်ချီ စုဝေး ချထားနိုင်မည် ဆိုက တခုချင်းစီကို ပစ်ချဖို့ မဖြစ်နိုင်တော့ဟု ယူဆလာခဲ့၍လည်း ဖြစ်သည်။

 

ယခု ရုရှားတို့က တခုချင်းစီကို ပစ်မှတ်ထားမည် မဟုတ်တော့ပဲ နယ်မြေ ဧရိယာ တခုချင်းစီ အလိုက် တိုက်ခိုက်သွားရန် ရည်ရွယ်လာခဲ့ခြင်းပင် ဖြစ်သည်။

 

(၂၀၂၄ ဖေဖေါ်ဝါရီ ၁၅ ရက် အီကောနော်မစ် မဂ္ဂဇင်းပါ "What is Russia’s mysterious new space weapon?" ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)