ထရန့် လွတ်ပြီ နှင့် စောင့်ကြည့်ရတော့မည့် အမေရိကန်၏ ဒီမိုကရက် သမ္မတလောင်း

by Hla Soewai - Feb 06 2020

ယမန်နေ့ည က  ဇူလိုင်လ တွင် ကျင်းပမည့် နိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်ပါတီ ညီလာခံ  တက်ရောက်မည့် ပြည်နယ် ကိုယ်စားလှယ်များ ၏ သဘောထား ခံယူပွဲ ကို အိုင်အိုဝါ ပြည်နယ်တွင် စတင် ပြုလုပ်ခဲ့ရာ အနောက်မြောက် ပြည်နယ်မှ မထင်မရှား မြို့တော်ဝန် တဦးက ထိပ်မှ ဦးဆောင် တာထွက်လာခဲ့ပါတယ်။

 

အမေရိကန်မှာတော့ အခု သဘောထား ခံယူပွဲကို Caucus လို့ ခေါ်ဝေါ် သုံးစွဲကြပါတယ်။ လက်ရှိ အိုင်အိုဝါ ကောကပ်စ် မှာ အောင်ပွဲခံခဲ့သူသည် အခြား ပြည်နယ်များတွင် ဆက်လက် အောင်ပွဲခံနိုင်မယ့် ထင်ကြေးတွေ ထွက်ပေါ်လာနေတာကြောင့် သူ၏ နာမည်ကို ဘယ်လို အသံထွက်ရမလဲ ဆိုတာ အတိအကျ သိရအောင် အမေရိကန် တွေ တကူးတက လေ့လာ ကြရပါတော့တယ်။

 

သူ၏ အမည်သည် Peter[Pete] Buttigieg ဖြစ်ပါတယ်။ သူ၏ တရားဝင် အသံထွက်ကိုတော့ ဘူတက်ဂျက်ရှ်  ဖြစ်တယ်လို့ CNN ရဲ့ The Late Show With Stephen Colbert နဲ့ တွေ့ဆုံခန်း မှာ သူ့ကိုယ်သူ မိတ်ဆက်သွားပေမယ့် မသိတဲ့လူများကတော့ boot-a-judge ဒါမှမဟုတ် Buddha-judge လို့ ဆိုနေကြပါတယ်။ သူရဲ့ ကမ်ပိန်း တီရှပ်များကို ရောင်းချနေသူများကတော့ Boot-edge-edge လို့ ပြောပြီး ရောင်းနေကြပါတယ်။ အင်္ဂလိပ် အသံထွက် စည်းမျဉ်းအရ consonant ဖြစ်တဲ့ t နဲ့ vowel  e ကို တဆက်တည်း အသံထွက် ရတဲ့ အတွက် ဘူတက်ဂျက်ရှ် က အမှန် ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံခြား သတင်းပြောသူတွေ က Barak Obama ဘာရက်ကို ဘာမား အား နာမည်နှစ်လုံးဆက် ပြောတိုင်း အသံထွက်လေ့ရှိတာ မှတ်မိကြပါလိမ့်မယ်။

 

နောက်ထပ် အမေရိကန် တွေ ဇဝေဇဝါ နဲ့ ဆက်လက် ရင်ဆိုင်သွားရဖို့ ရှိနေတဲ့ အချက်ကတော့ ဘူတက်ဂျက်ရှ် သည် လိင်စိတ်ပြောင်းလဲသူ ဖြစ်နေပြီး ယခုပင်လျှင် သူရဲ့ ပတ်တနာ ဖြစ်သူအား သတင်းတွေမှာ his husband လို့ သုံးနှုံး ကုန်ကြပြီ ဖြစ်ပါတယ်။

 

သူသည် အင်ဒီယာနာ ပြည်နယ်ရှိ South Bend လို့ ခေါ်တဲ့ မြို့သေးသေး တခုက မြို့တော်ဝန် ဖြစ်ပါတယ်။ အသက် ၃၈ နှစ်သာ ရှိသေးတဲ့ ဘူတက်ဂျက်ရှ် ကတော့ သမ္မတ လောင်းအဖြစ် အရွေးကောက်ခံဖို့ သူ့အနေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဖူးလို့ အားလုံးက ဝိုင်းပြောနေတဲ့ ကြားက ငွေလည်း မရှိ၊ သူ့ကိုယ် ဝိုင်းကူညီပေးမယ့် လူ လေးယောက်နဲ့ စတင်ခဲ့ပြီး အခုလို နေရာကို ရောက်လာရတာ ဖြစ်တယ်လို့ မနေ့ညက အိုင်အိုဝါမှာ ပြောသွားခဲ့ပါတယ်။

 

သူပြောတာ လည်း မှန်နေပါတယ်။ သူဟာ ထိတ်ထိတ်ကျဲ ပြိုင်ဖက် ဖြစ်တဲ့ အသက် ၇၈ နှစ်ရှိပြီ ဖြစ်ပြီး ဒီမိုကရက် ဆိုရှယ်လစ် လို့ ကြွေးကြော်နေတဲ့ ဘာနီ ဆင်ဒါးကို ၂၆.၉% ဖြင့် ပွတ်ကာသီကာ အနိုင်ရသွားခဲ့ပြီး ထိပ်မှ ဦးဆောင်နေပြီ ဖြစ်ပါတယ်။ အိုင်အိုဝါ ကော့ကပ်စ် မှာတော့ ဘာနီ ဆင်ဒါးက ၂၅.၂ % နဲ့  ဒုတိယ၊ အဲလိဇဘက် ဝါရင်း က ၁၈.၂ % နဲ့ တတိယ၊ ဒုသမ္မတဟောင်း ဂျိုး  ဘိုင်ဒင်ကတော့ ၁၅.၆ % နဲ့ စတုတ္ထ နေရာ ကို ရောက်ရှိသွားခဲ့ပါတယ်။

 

သို့သော်လည်း အပြီးသတ် ရွေးချယ်မှုကို စောစောက ပြောခဲ့သလို ဇူလိုင်လ ပါတီ ညီလာခံကြီးမှာ ပြည်နယ် အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်များ က ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။ အခု လူဖြူ အများစု နေထိုင်ရာ အိုင်အိုဝါ ပြည်နယ် ကိုယ်စားလှယ်များက သူတို့ ရဲ့ သဘောထားကို တရားဝင် မဲ နဲ့ ထုတ်ဖေါ်ပြသခဲ့ကြပြီး ဖြစ်ပါတယ်။ ပြည်နယ် ကိုယ်စားလှယ်များကို တော့ မှတ်ပုံတင်ထားပြီး ဖြစ်တဲ့ ဒီမိုကရက် ပါတီဝင်များက ရွေးချယ် စေလွှတ်ကြရတာ ဖြစ်ပါတယ်။

 

ပြည်နယ် ၅၀ မှာ ဆက်လက်ယှဉ်ပြိုင်ရဖို့ ရှိနေပေမယ့် သမ္မတလောင်း ရွေးချယ်ရာမှာ အဓိက အဆုံးအဖြတ် ပေးမှာကတော့ အိုင်အိုဝါ နဲ့ နယူး ဟမ်ရှိုင်းယား ပြည်နယ် ကော့ကပ်စ်များပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြီးသတ် ရွေးချယ်ပေးရမယ့် ပါတီညီလာခံကို တက်ရောက်ရန် ရှိနေတဲ့ ကိုယ်စားလှယ်လောင်းများ ကို အများဆုံး သတ်မှတ်ပြီး ရွေးချယ် စေလွှတ်ဖို့ လျာထားခံရတဲ့ ပြည်နယ်များ ဖြစ်နေတာကြောင့် ပဲ ဖြစ်ပါတယ်။ အိုင်အိုဝါမှာ ပထမဆုံး စတင်ကျင်းပခဲ့တာမို့ ဒီပြည်နယ်ရဲ့ အဆုံးအဖြတ်က အဓိက တွန်းအား ဖြစ်သွားခဲ့ပါတယ်။ ဒီပြည်နယ်နှစ်ခုရဲ့ အဆုံးအဖြတ်ကိုပဲ တနိုင်ငံလုံးရှိ မီဒီယာများက အလေးပေး စောင့်ကြည့်ခဲ့ကြပါတယ်။ သို့သော်လည်း ၁၉၅၂, ၁၉၆၈ နဲ့ ၂၀၀၈ တွေမှာ ထင်သလို ဖြစ်မလာခဲ့တဲ့ သာဓက များ ရှိတယ်လို့ ဆိုပါတယ်။

 

နယူး ဟမ်ရှိုင်းယား ပြည်နယ် ကော့ကပ်စ်ကိုတော့ နောက် ၆ ရက် အကြာ မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

 

 

ဒေါ်နယ် ထရမ့် လွတ်ပြီ

 

အမှု နှစ်မှု နဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါ်နယ် ထရန့် က ဒီနေ့ အထက်လွှတ်တော် ဆီးနိတ်ရဲ့ မဲခွဲ ဆုံးဖြတ်မှု နဲ့ လွတ်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ အားလုံး ယူဆထားသလိုပဲ ၅၂-၄၈ မဲ နဲ့ အပြစ်မရှိဖူးလို့ ဆုံးဖြတ်ပေးလိုက်တာ ဖြစ်ပြီး အားလုံး က အမှန်တရားထက် ပါတီ ကိုယ် သာ ကြည့်ပြီး မဲထည့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

 

ဒီနေရာမှာ ပါတီ ကို ကျော်ပြီး ဒီမိုကရက်တွေ နဲ့ အတူ မဲထည့်ခဲ့တဲ့ တဦးတည်းသော ရီပတ်ဘလီကင် ဆီနိတ်တာ ကတော့ မစ် ရွန်မီ ပဲ ဖြစ်ပါတယ်။

 

ဒီမိုကရက်တွေ အတွက် ဖြေသိမ့်စရာ ဖြစ်လာခဲ့ရတာတော့ အမှုကြားနာပွဲမှာ နောက်ထပ် သက်သေ ခေါ်ဖို့ ရီပတ်ဘလီကင်ဖက်က ပိတ်ဆို့ ခဲ့ကြလို့ အမေရိကန် ပြည်သူတွေ ကို အမှန်တရား သိခွင့်မရအောင် အမှောင်ချခဲ့ကြသူများ ဆိုပြီး လာမယ့် အထက်လွှတ်တော် ရွေးကောက်ပွဲတွေ မှာ ပြိုင်ဖက်တွေကို အလဲထိုးနိုင်ရန်ကျိုးစားတော့ မှာလည်း ဖြစ်ပါတယ်။

 

“ခင်ဗျား တို့ အပြစ်မရှိဖူးလို့ ဆုံးဖြတ်ခဲ့ရင် ခင်ဗျားတို့ အားလုံးရဲ့ အမည်တွေဟာ သမိုင်းတလျောက် ဒီလူနဲ့ အတူ သံကြိုးကြီး နဲ့ ပူးချည်ထားသလို တောက်လျှောက်ပါသွားတော့မှာ ဖြစ်ပါတယ်” ဟု အပြီးသတ် လျှောက်လှဲ ချက် တင်သွင်းခဲ့တဲ့ ဒီမိုကရက် ခေါင်းဆောင် အဒမ် ရှရစ်ဖ် က ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

 

ရီပတ်ဘလီကင်တွေ က ဒေါ်နယ် ထရန့် ရဲ့ နိုင်ငံလုံးဆိုင်ရာ မိန့်ခွန်း State of the Union (SOTU) မတိုင်မီ ပြီးပြတ်အောင် တွန်းအားပေးခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဖူး။

 

SOTU မှာ ဒေါ်နယ် ထရန့် က နောက်ထပ် လေးနှစ် လို့ ကြွေးကြော်နေချိန်မှာ သူ့နောက်ရှိ အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ ကတော့ တကမ္ဘာလုံး ရှိ ရုပ်မြင်သံကြား ကြည့်ရှု့နေသူတွေရှေ့မှာ စာရွက်ကို ဗြောင်ကျကျ ဆုတ်ဖြဲပြသွားပါတယ်။

 

ပလိုစီသည် အမေရိကန် အစိုးရရဲ့ အင်္ဂါစဉ်မှာ တတိယ အကြီးဆုံး ဖြစ်ပြီး သူမရဲ့ လက်ကမ်းလာမှုကို မမြင်ချင်ယောင် ပြုသွားတဲ့ ထရန့်ကို ဒေါသတကြီး တုန့်ပြန်လိုက်တာ ဖြစ်နိုင်ပါတယ်။