နိုင်ငံတကာ ရေးရာ မိတ်ဆက်(39)

by Hla Soewai - Feb 27 2024

သို့သော် အိန္ဒိယ နှင့် ပါကစ္စတန် အကြား အနေအထားသည် အရှေ့အလယ်ပိုင်းရှိ အာရပ်-အစ္စရေး၊ အစ္စရေး-ပါလက်စတိုင်း ပြဿနာကဲ့သို့ပင် ခေတ်သစ် သမိုင်းတွင် ၁၉၄၇, ၁၉၆၅, ၁၉၇၁ နှင့် ၁၉၉၉ တွင် ရေတို စစ်ပွဲ လေးကြိမ်တိုင် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားတိုင်းလည်း ပကတိ စစ်ပွဲကြီး အသွင်သို့ အခါအားလျှော်စွာ ကူးပြောင်းသွားလုနီးနီး အခြေ ဆိုက်ခဲ့သည်။

 

အများအားဖြင့် ကက်ရှ်မီယား ဒေသနှင့် ပတ်သက်၍ ဖြစ်သည်။ သို့သော် ၁၉၇၁ တွင် ဖြစ်ပွားသော စစ်ပွဲသည် အရှေ့ ပါကစ္စတန် နှင့် သက်ဆိုင်နေသည်။ အရှေ့ပါကစ္စတန် အနှံ့အပြား ဖိနှိပ် အုပ်ချုပ် လာခဲ့ခြင်းကြောင့် ဒုက္ခသည် အမြောက်အမြား အိန္ဒိယ နိုင်ငံထဲ ထွက်ပြေး ဝင်ရောက်လာခဲ့ကြသည်။

 

ထိုအတွက် အိန္ဒိယ စစ်တပ် သည် ဒုက္ခသည်များ ထပ်မံ ဝင်‌ ရောက်လာမည့် အရေး ဟန့်တားရန် နှင့် အ ရှေ့ ပါကစ္စတန် အား အနောက် ပါကစ္စတန် မှ အပြီးအပိုင် ခွဲထုတ်ပစ်ရန် ရည်ရွယ်ပြီး ဝင်ရောက်စွက်ဖက်လာခဲ့သည်၊ ဤသို့ဖြင့် အရှေ့ ပါကစ္စတန် သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အဖြစ် ပေါ်ထွက်လာခဲ့သည်။

 

နောက်ဆုံး ဖြစ်ခဲ့ရသော ပဋိပက္ခသည် ကက်ရှ်မီယား နှင့် ပတ်သက်ပြီး အငြင်းပွားခဲ့ခြင်း နှင့် တဆက်တည်းလို အိန္ဒိယ နိုင်ငံတွင်း အကြမ်းဖက်မှုများကို ပါကစ္စတန် မှ ထောက်ခံမှု ပေးခဲ့ခြင်းများ ကြောင့် ဖြစ်သည်။

 

တောင်အာရှသည်လည်း စစ်အေး တိုက်ပွဲကြီး မှ လွတ်ကင်းခဲ့ခြင်း မရှိပေ။ အမေရိကန် ပြည်ထောင်စုသည် တရုတ် ပုံစံ အတုခိုးလို‌ သော နိုင်ငံများအား ပြယုဒ် အဖြစ် အိန္ဒိယ အား ကွန်မြူနစ် မဟုတ်သည့် နိုင်ငံ တနိုင်ငံသည် ဖွံ့ဖြိုး တိုးတက်လာသည်ဟု ဖြစ်စေချင်လာသည်။

 

ဤသို့ဖြင့် အိန္ဒိယသည် အမေရိကန် အကူအညီ အများဆုံး လက်ခံ ရရှိသည့် နိုင်ငံများ စာရင်း ဝင်လာခဲ့သည်။ သို့သော် အိန္ဒိယ သည် အမေရိကန်၏ ပိုစတာ အဖြစ် စိုက်ထူ ခံယူရမည့် အရေးကို စိတ်မဝင်စားခဲ့ပဲ နိုင်ငံခြားရေး တွင် ဘက်မလိုက် မူဝါဒကို ကျင့်သုံးလာပြီး အရှေ့ နှင့် အနောက်အုပ်စု နှင့်ပါ မဟာမိတ် အဖြစ် ဆက်ဆံလာခဲ့သည်။ လက်တွေ့ တွင် ဆိုဗီယက် နှင့် ပို၍ နီးကပ်လာခဲ့သည်။

 

အိန္ဒိယ သည် ဆိုဗီယက် ယူနီယံဖက် ယိမ်းလာခဲ့ခြင်းသည်လည်း အစိုးရသည် နိုင်ငံ ဖွံ့ဖြိုးရေး ကို ဦးစားပေးလိုခြင်း နှင့် အ‌မေရိကန်နှင့် ပါကစ္စတန် တို့ အကြား နီးနီးကပ်ကပ် ဆက်ဆံနေမှု ကြောင့် အမေရိကန် အပေါ် အယုံအကြည်မဲ့လာ ခဲ့မှု များကြောင့် ပင် ဖြစ်သည်။

 

အိန္ဒိယသည် ထိုအချိန် က အမေရိကန် နှင့် ပါကစ္စတန် တို့ ဆက်ဆံနေမှု ကို ကြည့်မရ ဖြစ်လာသော်လည်း တကယ်တမ်းတွင် ပါကစ္စတန် ကလည်း အမေရိကန် အပေါ် ယုံကြည်မှု ကင်းမဲ့နေသည်၊ အမေရိကန်သည် အရေးရယ် အကြောင်းရယ် ရှိလာပါက ၎င်းတို့ဖက်မှ ချွင်းခြက်မရှိ ရပ်တည်ပေးမည် မဟုတ်ဟု ယူဆနေ၍ ဖြစ်သည်။

 

ဘူမိ နိုင်ငံရေး

 

ယခုအခါ အိန္ဒိယ နှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးသည် ကမ္ဘာပေါ်တွင် နျူလက်နက်များ ပိုင်ဆိုင်ထားသည့် ကိုးနိုင်ငံ စာရင်းထဲ ဝင်လာခဲ့ပြီ ဖြစ်၍ ထိုနှစ်နိုင်ငံ အကြား ပဋိပက္ခ ကို အရင်ကထက် ပို၍ အာရုံ စိုက်စရာ ဖြစ်လာခဲ့သည်။

 

အိန္ဒိယသည် ပထမဆုံး နျူကလီယားကို ၁၉၇၄ တွင် စမ်းသပ်ဖေါက်ခွဲနိုင်ခဲ့သည်။ တရုတ်မှ ပိုင်ဆိုင်ထားပြီး ဖြစ်သည့် အတွက် အိန္ဒိယ ကလည်း ကြိုးပမ်းလာခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ နှင့် တရုတ်သည် ၁၉၆၂ တွင် ရေတို စစ်ပွဲ ဆင်နွှဲခဲ့ကြပြီး ဖြစ်သည်။ ထိုစစ်ပွဲတွင် တရုတ်မှ အလွယ်တကူပင် အနိုင်ရသွား ခဲ့သည်။ ထို့နောက်တွင်တော့ တနိုင်ငံ နှင့် တနိုင်ငံ သံသယ ဖြင့် စောင့်ကြည့်လာခဲ့ကြသည်။

 

နှစ်နိုင်ငံ နယ်နမိတ် အငြင်းပွားမှုသည်လည်း ‌အကြိမ်‌ ပေါင်းများစွာ ဆွေးနွေးနေသည့် ကြားမှ ဆက်ရှိနေခဲ့သည်။ 

 

အိန္ဒိယသည် နျူကလီယား လက်နက်ကို မည်သို့သော ရည်ရွယ်ချက်ဖြင့် ထုတ်လုပ်ခဲ့စေကာမူ ပါကစ္စတန် ကလည်း ပိုင်ဆိုင်ဖို့ ကြိုးပမ်းလာခဲ့သည်။ အိန္ဒိယ ၏ ခြိမ်းခြောက်လာမည့် အရေးကို ဟန့်တားရန် နှင့် သမာရိုးကျ စစ်အင်အား တွင် မယှဉ် နိုင် ဖြစ်နေမှု ကို ပြန်၍ ထိန်းညှိထားနိုင်ရန် အတွက် ဖြစ်သည်။

 

အထက်တွင် ဆိုခဲ့သည့် အတိုင်း နျူလက်နက်များ အသီးသီး ပိုင်ဆိုင်လာကြသည့် အတွက် နှစ်နိုင်ငံ အကြား ပွတ်တိုက်မှု များတွင် နောက်ထပ် အလွှာတခု ခံ‌ ပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။ ပါကစ္စတန်သည် စစ်အင်အား အရာတွင် အိန္ဒိယ နှင့် မယှဉ် နိုင်မှုကြောင့် ၎င်းတို့ဖက်မှ နျူလက်နက်ကို စ၍ မသုံးဟု အာမခံရန် ငြင်းပယ်လာခဲ့သည်။ တကယ်တမ်းတွင်လည်း သုံးရန် လက်မနှေး ဟု ယူဆ စရာ ဖြစ်လာသည်။ ကမ္ဘာ ပေါ်တွင်အလျင်အမြန် ကြီးထွားလာနေသော နျူလက်နက်များ ပါကစ္စတန် တွင် ရှိနေသည်ဟု ထင်ကြေးပေးလာခဲ့ကြသည်။

 

နှစ်နိုင်ငံအကြား စစ်ပွဲဖြစ်ခဲ့ပြီး အစဉ်အလာများ ရှိထားသည့်အပြင် သမိုင်းအစဉ် အဆက် မုန်းတီးနေမှုများကြောင့် နျူလက်နက်များ သုံးလာနိုင်သည့် အလားအလာများ ရှိနေသည်၊ ထို့ပြင် ၂၀၁၉ တွင် အိန္ဒိယ သည် ကက်ရှ်မီယား ဒေသအား ကိုယ်ပိုင် အုပ်ချုပ်ခွင့် အဆင့်အတန်း ပေးထားသည်ကို ပြန်လည် ရုပ်သိမ်းခဲ့မှု၊ အိန္ဒိယအား ပစ်မှတ်ထားသည့် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု များအား ပါကစ္စတန် မှ ထောက်ခံနေမှု များကြောင့် နှစ်နိုင်ငံအကြား မကျေနပ်ချက်များ တိုးပွားလာနေခဲ့သည်။

 

ပါကစ္စတန်တွင် နိုင်ငံရေး မတည်ငြိမ်မှု များ နှင့် တပ်တွင်း တွင်လည်း အုပ်စုကွဲနေမှု များ ရှိနေ၍ နျူကလီယား လက်နက်များ ပျောက်ဆုံးသွားနိုင်သည့် အရေးကို တွေး၍ စိုးရိမ်မကင်း ဖြစ်လာကြသည်၊ ပါကစ္စတန် တပ်တွင်းတွင် အချို့သည် အစွန်းရောက် အစ္စလမ် အုပ်စု များ နှင့် အကြမ်းဖက်သမားများ ‌အပေါ် စာနာစိတ် ရှိသူများဟု သံသယ ဖြစ်ခံထားရသူ များ ရှိနေသည့် အတွက်ကြောင့်လည်း ဖြစ်သည်။

 

ထို့အတွက် ပါကစ္စတန် လက်မှ နျူကလီယား ပြန့်ပွားသွားမည့် အလားအလာ ရှိနေသည်။ ထိုသို့ ယူဆနေခြင်းသည် အကြောင်းမဲ့တော့ မဟုတ်ပေ။ နျူကလီယား အစီအစဉ်ကို ဦးဆောင် အကောင်အထည် ဖေါ်ခဲ့သည့် အေ ကျု ခန်သည် နျူလက်နက် ဆိုင်ရာ သတင်းအချက် အလက်များကို မြောက်ကိုရီယား၊ လစ်ဗျား နှင့် အီရန် တို့ကို ရောင်းချခဲ့သော ကြောင့် ဖြစ်သည်။