နိုင်ငံတကာ ရေးရာ မိတ်ဆက်(41)

by Hla Soewai - Feb 27 2024

အာဖဂန်နစ္စတန် ကို ထိန်းချုပ်ထားသည့် တာလီဘန် အစိုးရသည် 9/11 စစ်ဆင်ရေး ကို ဦးဆောင်ခဲ့သည့် အယ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ကို ခိုလှုံခွင့် ပြုထားသည်။ ဂျော့ ဒဗလျု ဘွတ်ရှ် အစိုးရမှ အာဖဂန်နစ္စတန် ပြင်ပတွင် လှုပ်ရှားနေသော အယ်ကိုင်ဒါ အဖွဲ့ဝင်များကို အမေရိကန်သို့ လွှဲပြောင်းပေးရန် တောင်းဆိုလာခဲ့သည်။

 

တာလီဘန် တို့မှ အမေရိကန်၏ တောင်းဆိုချက်အား ငြင်းပယ်လိုက်သည့် အခါတွင်တော့ အမေရိကန် တပ်များသည် အာဖဂန် လူမျိုးစုများ နှင့် ပူးပေါင်းပြီး တာလီဘန်တို့အား ၂၀၀၂ ခုနှစ်တွင် ဖယ်ရှားပစ်နိုင်ခဲ့သည်။

 

သမ္မတ ဘွတ်ရှ်မှ မိမိအား နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရာထူး အပြင် အနာဂတ် အာဖဂန်နစ္စတန် အတွက် အမေရိကန်၏ မူဝါဒ အား ညှိနှိုင်း ရေးဆွဲပေးရန် တာဝန်ပေးလာခဲ့သည်။ မိမိတို့မှ အာဖဂန် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းနိုင်ရန် အကူအညီ ပေးနိုင်ခဲ့သည်။ သို့သော်လည်း အစိုးရသည် နိုင်ငံတဝှမ်းလုံးကို မအုပ်ချုပ်နိုင်သည့် အပြင် တိုက်ပွဲများကိုလည်း ရပ်တန့်သွားအောင် မလုပ်နိုင် ဖြစ်လာသည်။

 

ဤသို့ဖြင့် နောက်ပိုင်း ဆယ်စုနှစ် တလျောက်လုံး ပြည်တွင်းစစ် ကြီး ဖြစ်လာခဲ့သည်။ အမေရိကန် နှင့် အခြား နေတိုး အဖွဲ့ဝင်နိုင်ငံများမှ မည်မျှပင် ပံ့ပိုးပေးခဲ့စေကာမူ အစိုးရသည် နိုင်ငံတောင်ပိုင်းတွင် လူထု ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိလာသည့် တာလီဘန် များကြောင့် နိုင်ငံကို မထိန်းချုပ် နိုင် ဖြစ်လာသည်။ တာလီဘန်များသည် ထိုဒေသ၏ လူမျိုးစု နွယ်ဝင်များလည်း ဖြစ်သည့်အပြင် အိမ်နီးချင်း ပါကစ္စတန် တွင်လည်း ခိုလှုံခွင့် ရနေသည်။ ပါကစ္စတန်သည် အမေရိကန်၊ အိန္ဒိယ တို့နှင့် နီးကပ်စွာ ဆက်ဆံ‌နေသည့် ကဘူးလ်ရှိ အစိုးရအား ဆန့်ကျင်လျက် ရှိနေသည်။

 

နောက်ပိုင်း နှစ်များတွင်လည်း ပြည်တွင်းစစ်ကြီး ဆက်လက် ဖြစ်ပွားနေပြီး တာဘီလန်တို့သည် တဖြေးဖြေး နှင့် လူဦးရေ သုံးဆယ့်ငါးသန်း ရှိ နိုင်ငံ၏ အစိတ်အပိုင်း များကို တဖြေးဖြေး နှင့် ထိန်းချုပ်လာနိုင်ခဲ့သည်။

 

ရှေ့ အလားအလာ

 

တောင်အာရှသည် တရုတ်၏ အမြင်တွင် တိုး၍ အရေးပါလာသော ဒေသ ဖြစ်လာနေသည်။ အမေရိကန်၊ ဂျပန်၊ ဩစတေးလျှ နှင့် ပြင်သစ် သည် တရုတ် ကို ထိန်းထားနိုင်ရန် အိန္ဒိယ နှင့် ဆက်ဆံရေးကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်လာခဲ့သည်။

 

အိန္ဒိယသည် ၎င်း၏ စစ်တပ်ကို ခေတ်မီအောင် တိုးချဲ့မွမ်းမံလာနေပြီး စစ်အသုံးစရိတ် တွင်လည်း ကမ္ဘာပေါ်တွင် ဘတ်ဂျက်အားဖြင့် စတုတ္ထမြောက် အများဆုံး နိုင်ငံ ဖြစ်လာသည်။ တရုပ်တပ်များ ကျက်စားလာ‌ နေသည့် အိန္ဒိယ သမုဒ္ဒရာသို့ အင်အားဖြန့်ကျက် နိုင်ရန် တည်ဆောက်လာခြင်းလည်း ဖြစ်သည်။

 

တရုတ်သည် ပါကစ္စတန် နှင့် ပို၍ နီးကပ်စွာ ဆက်ဆံလာနေပြီး နိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှု များဖြင့် ထဲထဲဝင်ဝင် ဖြစ်လာသည်။ ထို့ပြင် ၎င်းတို့၏ ရပ်ဝန်း နှင့် လမ်း စီမံကိန်း များ ဖြင့် သီရိလင်္ကာနှင့် မော်လဒိုက် ကျွန်း နိုင်ငံများရှိ အခြေခံ အဆောက်အအုံပိုင်း နှင့် အခြား ဖွံ့ဖြိုးရေး စီမံကိန်းများတွင် လည်း ရင်းနှီးမြုပ်နှံလာခဲ့သည်၊ ရလဒ် အဖြစ် ထိုနိုင်ငံ များ အပေါ် ဩဇာ လွှမ်းမိုး နိုင်လာပြီး ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများကိုလည်း မြှင့်တင်ပေးနိုင်ခဲ့သည်။

 

အထက်ပါ အကြောင်းများကြောင့် တောင်အာရှ သည် ကမ္ဘာ၏ မရေမရာ နှင့် စိတ်သက်သာ ဖွယ် မရှိသည့် ဒေသ အဖြစ် ဆက်ရှိနေခဲ့သည်။

 

ဒေသတွင်းရှိ အင်အားကြီးဆုံး နိုင်ငံကြီး နှစ်နိုင်ငံသည် နျူကလီယား လက်နက်များကို ပိုင်ဆိုင်ထားသည့် အပြင် အချင်းချင်းလည်း ရန်စောင်နေကြသည်။ နှစ်နိုင်ငံ အကြား နယ်ခြားဒေသ အငြင်းပွားမှု များ ရှိနေသည့် အပြင် ပါကစ္စတန်သည် အိန္ဒိယ အား အကြမ်းဖက် တိုက်ခိုက်မှု များ ကို ထောက်ခံ အားပေးနေသည်။

 

အိန္ဒိယသည် ဒီမိုကရေစီ နိုင်ငံလည်း ဖြစ်ပြီး စီးပွားရေး အနေအထားလည်း အတော်သင့် ကောင်းမွန်နေသော်လည်း ကြီးထွားလာနေသော လူဦးရေ ပမာဏ နှင့် ဆင်းရဲနွမ်းပါးသူ များပြား‌ နေခြင်းကြောင့် တိုးတက်သင့်သလောက် မတိုးတက်ပဲ နောက်မှ ဆွဲခံထားရသလို ဖြစ်နေသည်။

 

ယခုအခါ နိုင်ငံတွင်းရှိ လူနည်းစု မူဆလင်များ အပေါ် ယခင်ကထက် ပို၍ ခွဲခြား ဆက်ဆံလာမှု များကြောင့် နိုင်ငံ၏ အနာဂတ် အပေါ် အရိပ်မည်းကြီး မိုးလာနေပြီ ဖြစ်သည်။ 

 

ပါကစ္စတန်သည်လည်း လူဦးရေ များပြားနေသည့် အပြင် စစ်တပ်၏ လွှမ်းမိုး ချုပ်ကိုင်မှု အောက်တွင် အရပ်သား အစိုးရသည် အားပျော့ ချိနဲ့နေသည်။ နိုင်ငံ၏ ရေရှည် တည်ငြိမ်ရေး အတွက် ကံသေကံမ မပြောနိုင်ပဲ အခြေအနေ ဆိုးလာမည်ဆိုက ဒေသတွင်း ပဋိပက္ခကြီး အဖြစ် အလွယ်တကူ ကျယ်ပြန့်သွားနိုင်ပေသည်။

 

အာဖဂန်နစ္စတန်၏ အနာဂတ် အရေးသည် ဆက်၍ ရုန်းကန် နေရသည့် အနေအထားတွင် ရှိနေသည်။

 

ဘင်္ဂလားဒေ့ရှ်သည်လည်း ရာသီဥတု ‌ဖေါက်ပြန် ခြင်း ခံနေရမှု များ နှင့် ရုန်းကန်နေရပြီး ကမ်းရိုးတန်း နှင့် ထိစပ်နေသော ဒေသများ သည် ရေလွှမ်းမိုး ခံရမည် ဆိုက လူ သန်းပေါင်းများစွာသည် ဒုက္ခသည်များ အဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားနိုင်သည်။

 

တောင်အာရှသည် တည်ငြိမ်အေးချမ်းမှု ရှိနေအောင် ဆက်လက် ရုန်းကန်နေရဦးမည့် ကမ္ဘာ၏ တစိတ်တပိုင်းလည်း ဖြစ်နေသည်။ ထို့ပြင် အဆမတန် တိုးပွားလာနေသော လူဦးရေ အတွက် သင့်တင့် လျောက်ပတ်သော လူနေမှု အဆင့်အတန်း ဖြင့် နေနိုင်အောင်လည်း ပံ့ပိုးပေးရပေဦးမည်။