နိုင်ငံတကာ ရေးရာ မိတ်ဆက်(44)

by Hla Soewai - Mar 05 2024

သမိုင်းကြောင်း

 

ဖြစ်‌ ပေါ် ခဲ့သော သမိုင်း ကြောင်းကို ပြန်လည် သုံးသပ်ခြင်း မပြုနိုင်က လက်ရှိ ဖြစ်ပေါ်နေမှု များကို မည်သို့ မျှ နားလည် နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ခေတ်သစ် အရှေ့အလယ်ပိုင်း သမိုင်းသည် ဆယ့်ရှစ်ရာစု နှစ် အကုန်ပိုင်း လောက်တွင် စတင်ခဲ့သည်ဟု ဆိုနိုင်သည်။

 

ထိုကာလသည် အော်တိုမန် အင်ပိုင်ယာကြီး တဖြေးဖြေး ယို့ယွင်းပျက်စီးစ ပြုလာသော ကာလ လည်း ဖြစ်သည်။ အော်တိုမန် အင်ပိုင်ယာကြီးသည် လက်ရှိ အစ္စတန်ဘူလ် ကို အခြေပြုပြီး ရာစုနှစ် ငါးစု ကျော် ကာလ အတွင်း ယခု အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ ဥရောပ အရှေ့တောင်ပိုင်း၊ အာရှ၏ အစိတ်အပိုင်း အတော်များများကို သိမ်းပိုက် တည်ထောင်ထားခြင်း ဖြစ်သည်။ 

 

နောက်ထပ် တကြောင်းက ဥရောပ နိုင်ငံများ မှ ကိုလိုနီ နယ်မြေ အသစ်များ အပြိုင်အဆိုင် ရှာဖွေလာကြချိန်လည်း ဖြစ်သည်။ 

 

ထိုအကြောင်းခြင်းရာ နှစ်ရပ်သည် ပထမ ကမ္ဘာစစ်ကြီး အတွင်း ပေါင်းဆုံလာခဲ့ရာမှ အော်တိုမန် အင်ပိုင်ယာကြီး ပျက်သုံးသွားသည် အထိ ဦးတည်လာခဲ့သည်။ အော်တိုမန် အင်ပိုင်ယာ အစား ဘာသာရေး တွင် ကြားနေသည့် တူရကီ သမ္မတ နိုင်ငံသည် အင်ကာရာ ကို မြို့တော် အဖြစ် ထား၍ ပေါ်ပေါက်လာခဲ့သည်။ ကျန် အစိတ်အပိုင်းများသည် ဥရောပ နိုင်ငံများ ၏ ကိုလိုနီ များ ဖြစ်လာခဲ့သည်။

 

ထိုသို့ အော်တိုမန် လက်အောက်ခံ ဒေသများအား ဥရောပ နိုင်ငံများမှ ဆိုက်စ်-ပီးကော့ သဘောတူညီချက် ဖြင့် အကောင်အထည် ဖေါ်ခဲ့ကြသည်။ ထိုသဘောတူညီချက်အား ပထမ ကမ္ဘာစစ်ကြီး အတွင်းမှာပင် ၎င်းတို့အချင်းချင်း လျို့ဝှက် စွာ ကြိုတင် ချုပ်ဆိုခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် ဆိုက်စ် နှင့် ပီးကော့ ဆိုသည့် ဗြိတိသျှ သံအရာရှိ နှင့် ပြင်သစ် အရာရှိ တို့သည် အော်တိုမန် အင်ပိုင်ယာ လက်အောက်ရှိ အရှေ့အလယ်ပိုင်း အား ၎င်းတို့ ဩဇာလွှမ်းမိုး နိုင်သည့် ဒေသ များအဖြစ် အသီးသီး ခွဲဝေ ယူခဲ့ကြခြင်း ပင် ဖြစ်သည်။

 

ဤသို့ဖြင့် ဥရောပ နိုင်ငံများ ၏ ကိုလိုနီ လက်အောက်သို့ နောက်ထပ် နှစ်ပေါင်း လေးဆယ်နီးပါး ကျရောက်သွားခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်လာပြီး နောက်ပိုင်းတွင် ကိုလိုနီ အရှင်သခင် များလည်း ခြေကုန်လက်ပမ်း ကျကာ အင်အားများ လျော့ပါး လာခဲ့သည်။

 

တဖက်တွင်လည်း အာရပ်တို့၏ အမျိုးသားရေး ဝါဒ သည် အရှိန်အဟုန် ကြီးမားစွာ ထွက်ပေါ်လာခဲ့သည်။ မိမိတို့ ကြမ္မာကို မိမိတို့ ဖန်တီးနိုင်ခွင့် ရှိရမည် ဟူသော စိတ်များ နိုးကြား တက်ကြွလာခဲ့သည်။

 

စစ်အေး တိုက်ပွဲကြီး ပေါ်ပေါက်လာပြီး မရှေးမနှောင်း ဟု ဆိုရမည့် ၁၉၅၆ တွင် ဆူးအက်တူးမြောင်း အရေးအခင်းကြီး ဖြစ်ပွားလာခဲ့မှု နှင့် အတူ အရှေ့အလယ်ပိုင်း၏ သမိုင်းသစ် သည် ပေါ်ထွက်လာခဲ့ပေတော့သည်။

 

အီဂျစ်၏ အမျိုးသားရေး စိတ်ဓါတ် ပြင်းထန်သော ခေါင်းဆောင် ဖြစ်သူ အက်ဘဲလ် နာဆာ သည် ဆူးအက် တူးမြောင်းအား ထိန်းချုပ်လိုက်သည်။ ဆူးအက် တူးမြောင်းသည် စီးပွားရေး အရရော၊ မဟာဗျူဟာ အရပါ လွန်စွာ အရေးပါသော ရေလမ်းကြောင်းလည်း ဖြစ်သည်။

 

ထို့အတွက် နာဆာ၏ လုပ်ရပ်ကို မခံမရပ်နိုင် ဖြစ်လာသော ဗြိတိန်၊ ပြင်သစ်၊ အစ္စရေး တို့သည် နိုင်ငံရေး နှင့် စစ်ရေး အရ ပူးပေါင်းလာပြီး နာ‌ဆာကို အားပျော့ ချိနဲ့သွား‌စေရန် ကြံစည်လာကြသည်။ ဥရောပ နိုင်ငံကြီးများသည် ၎င်းတို့၏ အကျိုးစီးပွားကို ခြိမ်းခြောက်ခံလာရပြီဟု ယူဆခဲ့ကြပြီး၊ အစ္စရေးကလည်း နာဆာအား ယခု အရေး ကို ခွင့်ပြုလိုက်ပါက နောက်ပိုင်းတွင် အာရပ်နိုင်ငံ အားလုံးက ခေါင်းဆောင်ကြီး အဖြစ် အားကိုးကာ ၎င်းတို့အား ရန်ရှာလာလိမ့်မည်ဟု မှတ်ယူလာကြသည်။

 

အမေရိကန် သမ္မတ အိုက်စင်ဟောင်ဝါသည် ဗြိတိန်၊ ပြင်သစ်၊ အစ္စရေး တို့ ဆူးအက်တူးမြောင်းအား သိမ်းယူရန် ကြံစည်လာမှု အား အလွဲလွဲ အချော်ချော် ဆုံးဖြတ်မှု အဖြစ် ယူဆခဲ့သည်။ ၎င်းတို့၏ လုပ်ရပ်ကြောင့် အာရပ် ကမ္ဘာအား ဆိုဗီယက်ဖက်သို့ တွန်းပို့သလို ဖြစ်သွားလိမ့်မည့် အပြင် လက်ရှိတွင် ဆိုဗီယက်၏ ဟန်ဂေရီ တွင် အစိုးရ နှင့် သဘောကွဲလွဲ ဆန့်ကျင်နေသူများအား အပြင်းအထန် ဝင်ရောက် နှိပ်ကွပ်နေမှု အပေါ် ကမ္ဘာမှ အာရုံစိုက် စောင့် ကြည့်နေသည့် အဖြစ်မှ လမ်းလွှဲပေးလိုက်သလို ဖြစ်သွားလိမ့်မည်ဟု လည်း တွက်ဆခဲ့သည်။

 

ဤသို့ဖြင့် အမေရိကန်သည် ထိုသုံးနိုင်ငံအား စီးပွားရေး နှင့် သံတမန်ရေးအရ အတင်းအကျပ် ဖိအားပေးကာ ဆူးအက်တူးမြောင်းအား အီဂျစ်သို့ ပြန်လွှဲခိုင်းခဲ့သည်။ ယင်းသည် နိုင်ငံရေး အကျိုး အတွက် စီးပွားရေး လက်နက်ကို ထုတ်သုံးလိုက်သည့် လုပ်ရိုး လုပ်စဉ် နည်းလမ်းတခုလည်း ဖြစ်သည်။ ယင်းအား ဘူမိစီးပွားရေး မဟာဗျူဟာဟုလည်း ခေါ်‌ ဝေါ်ကြသည်။

 

ထို့ နောက်ပိုင်းမှစ၍ ဒေသတွင်း ခေါင်းဆောင်များ နှင့် ၎င်းတို့အား ထောက်ခံသော အင်အားလွန် နိုင်ငံကြီးများ လွှမ်းမိုးထားသည့် လမ်းကြောင်း အတိုင်း ဥရောပ တိုက်သားများက ပံ့ပိုးပေးလာခဲ့ကြသည်။

 

နောက်ပိုင်း ဆယ်စုနှစ်များ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အရှေ့အလယ်ပိုင်း၏ သွားရာ လမ်းကြောင်း သည် အပြောင်းအလဲ မရှိတော့ပဲ ထိုပုံစံ အတိုင်း ဖြစ်လာခဲ့သည်။

 

၁၉၆၇ တွင် အစ္စရေး နှင့် အိမ်နီးချင်း အာရပ် နိုင်ငံများ အကြား ဖြစ်ပွားခဲ့သော စစ်ပွဲသည် အစ္စရေး သင်္ဘောများ ပင်လယ်နီ သို့ ဝင်ထွက်သွားလာ‌ နေသည့် တီရန် ရေလက်ကြားအား အီဂျစ်မှ ပိတ်ဆို့လာခဲ့ခြင်းကြောင့် အစ္စရေး သည် အီဂျစ် စစ်လေယာဉ် ကွင်း များ အား ဗုံးကြဲ တိုက်ခိုက်ပြီး လက်တုန့်ပြန်ခဲ့ရာမှ စတင်လာခဲ့ရခြင်း ဖြစ်သည်။

 

ထိုစစ်ပွဲကြီးသည် ခြောက်ရက် အကြာ တွင် ပြီးဆုံးသွားခဲ့သည်။ ထိုစစ်ပွဲ အတွင်း အစ္စရေးသည် အီဂျစ် ပိုင် ဆိုင်းနိုင်း ကျွန်းဆွယ် ဒေသတခုလုံး၊ ဂါဇာ ကမ်း‌ မြှောင်၊ ဆီရီယားပိုင် ဂိုလန် ကုန်းမြင့်၊ ဂျော်ဒန် လက်အောက်ရှိ အနောက်ဖက် ကမ်းပါးနှင့် ဂျေရုဆလင် အရှေ့ခြမ်း တို့ ကို သိမ်းယူ နိုင်ခဲ့သည်။

 

၁၉၄၈ တွင် အာရပ် နှင့် အစ္စရေး စစ်ပွဲ မှ လွဲ၍ ဖြစ်ခဲ့သမျှ စစ်ပွဲ တိုင်းတွင် ၁၉၆၇ စစ်ပွဲသည် နောက်ထပ် ရာစု နှစ်ဝက်ကြာအထိ အရှေ့အလယ်ပိုင်း သံခင်းတမန်ခင်း ကို ဘောင်ခတ်ပေးလိုက် သကဲ့သို့ ဖြစ်ပေါ် လာခဲ့တော့သည်။ 

 

ထိုနောက်ပိုင်းမှစ၍ အရှေ့အလယ်ပိုင်း ပြဿနာသည် အစ္စရေး၏ ရပ်တည်ပိုင်ခွင့်မှ သည် အစ္စရေး၏ သိမ်းပိုက်နယ်မြေများ မှ ပြန်ရုပ်သိမ်းရေးဖက် ဦးလှည့်လာခဲ့ရပေတော့သည်။