နိုင်ငံတကာ ရေးရာ မိတ်ဆက်(45)

by Hla Soewai - Mar 12 2024

ခြောက်ရက် စစ်ပွဲကြီး အပြီး ခြောက်နှစ်အကြာ ၁၉၇၃ အောက်တိုဘာလ တွင် ယွန်ကစ်ပူး စစ်ပွဲဟု ထင်ရှားလာမည့် နောက်ထပ် စစ်ပွဲကြီး တခု အစ္စရေး နှင့် အိမ်နီးချင်း နိုင်ငံများ အကြား ဖြစ်ပွားလာခဲ့သည်။ ဂျုးဘာသာဝင် တို့၏ အပြစ်မှ ပြေရာပြေကြောင်း ပြုလုပ်ရသည့် ဘာသာရေး နေ့တွင် ဖြစ်ပွားခဲ့သောကြောင့် ယွန်ကစ်ပူး ဟု အမည် တွင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

အာရပ် အိမ်နီးချင်း နိုင်ငံများ မှ စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၁၉၆၇ ခြောက်ရက် စစ်ပွဲ အတွင်း ဆုံးရှုံးခဲ့သော နယ်မြေ များကို ပြန်ရရန်၊ သို့မဟုတ်ကလည်း အနည်းဆုံး လက်ရှိ အနေအထားကို ဆက်၍ ခွင့်ပြုထားမည် ဆိုက မည်မျှအထိ အန္တရာယ် ကြီးကြောင်း အင်အားလွန် နိုင်ငံကြီးများကို လက်‌ တွေ့ ပြသရန်ကြိုးပမ်းလာခဲ့ကြခြင်း ဖြစ်သည်။

 

သို့သော် ထိုစစ်ပွဲတွင်လည်း အစ္စရေးတို့ ပထမပိုင်းတွင် အရေးနိမ့်နေသော်လည်း နောက်ဆုံးတွင် အနိုင်ရရှိသွားခဲ့သည်။ အမေရိကန် နှင့် ဆိုဗီယက်တို့ ပါဝင်ပတ်သက်လာခဲ့ပြီး သံတမန်ရေးအရ ရော၊ ၎င်းတို့၏ မိတ်ဆွေများ၊ မဟာမိတ် နိုင်ငံများကို စစ်ရေး အကူ အညီများပါ ပေးလာခဲ့ကြသည်။

 

ထိုစစ်ပွဲကြီးအပြီး အပြုသဘော ဆောင်လာမည့် သံခင်း တမန်ခင်း ပေါ်ပေါက်လာပြီး ယင်းကို အီဂျစ်သမ္မတ အန်ဝါ ဆဒတ်က ဦးဆောင် ဦးရွက် ပြုလာခဲ့သည်။ အန်ဝါဆဒတ်သည် ၁၉၇၇ တွင် အစဉ်အလာကို ချိုးဖောက်ကာ အစ္စရေးသို့ အလည်အပတ် ရောက်ရှိလာခဲ့ပြီး အစ္စရေး ပါလီမန် တွင် မိန့်ခွန်း ပြောသည်အထိ ဖြစ်လာခဲ့သည်။ ထိုမိန့်ခွန်းဖြင့် အန်ဝါဆဒတ်သည် ငြိမ်းချမ်းရေး ကို တောင်းဆိုလာခဲ့သည်။

 

ဆဒတ် ၏ ခရီးစဉ်ကြောင့် အစ္စရေး နှင့် အီဂျစ်အကြား စေ့ဆပ် ‌ဆွေးနွေးမှု များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။ ဤသို့ဖြင့် နှစ်နိုင်ငံ အကြား ငြိမ်းချမ်းရေး ရရှိလာခဲ့ပြီး ၁၉၆၇ စစ်ပွဲအတွင်း အစ္စရေး တို့ သိမ်းယူခဲ့သည့် ဆိုင်းနိုင်း ကျွန်းဆွယ်ကို အီဂျစ်သို့ ပြန်လည် ပေးအပ်ခဲ့သည်။

 

နောက်ပိုင်းတွင် အစ္စရေး နှင့် ဂျော်ဒန် အကြား ဆွေးနွေးပွဲ များ ဖြစ်ပေါ်လာခဲ့သည်၊ ဆီရီယား နှင့်လည်း အီဂျစ်ကဲ့သို့ တရားဝင် ငြိမ်းချမ်းရေး မရရှိခဲ့သော်လည်း အတိုင်းအတာ တခုအထိ တည်ငြိမ်မှု ရလာခဲ့သည်။

 

သို့သော် ၁၉၇၃ စစ်ပွဲသည် ပါလက်စတိုင်း အကျပ်အတည်းကို မည်သို့မျှ ပြောင်းလဲအောင် ပြုနိုင်စွမ်း မရှိခဲ့ပေ။ ပါလက်စတိုင်း များသည် နိုင်ငံမဲ့ဘဝ ဖြင့် အိမ်နီးချင်း နိုင်ငံများ အကြား အကွဲကွဲ အပြားပြား နေထိုင် နေကြရဆဲပင် ဖြစ်သည်။ အချို့သည် ၁၉၆၇ စစ်ပွဲ အတွင်း ‌အစ္စရေး တို့ ဂျော်ဒန်မှ သိမ်းယူခဲ့သော အနောက်ဖက် ကမ်းပါးနှင့် ၁၉၆၇ မတိုင်မီ အီဂျစ်တို့ အုပ်ချုပ်ခဲ့သည့် ဂါဇာ ကမ်းမြှောင်ဒေသတွင် နေထိုင်ကြရသည်။

 

သို့သော် ၁၉၄၈ စစ်ပွဲအတွင်း မောင်းထုတ်ခံရ၍သော်‌၎င်း၊ မိမိတို့သဘောအလျောက် ထွက်လာကြသော ပါလက်စတိုင်းများသည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော လက်ဘနွန် နှင့် ဂျော်ဒန် တို့ တွင် ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခသည်များ အဖြစ် ရပ်တည်ခဲ့ကြရသည်။

 

အမေရိကန် သည် ငြိမ်းချမ်းရေး ကြိုးပမ်းမှု များစွာ ကို ဦးဆောင်‌ဦးရွက် ပြုလာခဲ့ရာ မှ ၁၉၉၃တွင် အော်စလိုတွင် အရေးပါသော ဖြစ်စဉ် တခု ပေါ်ထွက်လာခဲ့သည်။ နော်ဝေး နိုင်ငံ မြို့တော် အော်စလို တွင် ပြုလုပ်‌သော ဆွေးနွေးပွဲသည် အစ္စရေး နှင့် ပါလက်စတိုင်းတို့ ကိုယ်တိုင်ကိုယ်ကျ ကြိုးပမ်းခဲ့မှု ကြောင့် ပေါ်ပေါက်လာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ထိုအော်စလို သဘောတူညီချက်ကို ပါလက်စတိုင်း ခေါင်းဆောင် ယာဆာ အာရာဖတ် က လက်မှတ် ရေးထိုးခဲ့ပြီး ငါးနှစ် အတွင်း ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်သည်ဟု ဆိုသည်။ ယင်းနှင့် အတူ ပါလက်စတိုင်း အာဏာ ပိုင် အဖွဲ့ ဖွဲ့စည်းခဲ့ပြီး အနောက်ဖက် ကမ်းပါး၏ နယ်မြေ ၁၈ ရာနှုန်းကို စတင်အုပ်ချုပ်လာခဲ့သည်။

 

သို့သော် နှစ်ဖက်စလုံး လက်ခံနိုင်မည့် ရလဒ်များ နောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။ အဆိုပါ ဆွေးနွေးပွဲအား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၄၂ ဖြစ်သည့် ၁၉၆၇ အတွင်း အစ္စရေး တို့ သိမ်းပိုက်နယ်မြေများ အားလုံး မှ ပြန်လည် ရုတ်သိမ်းပေး‌ ရေး၊ ပါလက်စတိုင်း ဒုက္ခသည်များ အား တရားမျှတစွာ နေရာချထား‌ ရေး၊ အချုပ်အခြာ အာဏာ၊ နယ်‌ မြေ တည်တံ့ ပိုင်ခွင့်ကို လေးစားလိုက်နာရေး၊ နိုင်ငံတကာ အသိအမှတ်ပြု နယ်နမိတ် အတွင်း နိုင်ငံရေး အရ လွတ်လပ်ပိုင်ခွင့် ရှိပြီး ခြိမ်းခြောက်မှု၊ အင်အား အသုံးပြုမှု မှ လွတ်ကင်းသည့် ငြိမ်းချမ်းစွာ နေထိုင်ပိုင်ခွင့် အပေါ် အခြေပြု ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

 

သို့သော် အဆိုပါ ဆုံးဖြတ်ချက် နှင့် အတူ နောက်ပိုင်း ထွက်ပေါ်လာသော ကုလ ဆုံးဖြတ်ချက် များသည် မည်သို့မည်ပုံ အကောင်အထည် ဖေါ်ရမည် ဆိုသည် အပေါ် တိတိကျကျ ရေရေရာရာ ဖေါ်ပြထားခြင်းမျိုး မပါရှိခဲ့ပေ။ နောက်ဆုံး အပြီးသတ် ဖြေရှင်းရမည့် ပြဿနာ ဖြစ်သည့် အစ္စရေး နှင့် အနာဂတ် ပါလက်စတိုင်း နိုင်ငံ တို့အကြား နယ်နမိတ် သတ်မှတ်ရေး၊ လုံခြုံရေး အစီအစဉ်များ၊ အစ္စရေး ပြင်ပ တွင် ရောက်ရှိနေသော ပါလက်စတိုင်း ဒုက္ခသည်များ ကံကြမ္မာ၊ အလားတူ သိမ်းပိုက်နယ်မြေများ အတွင်း ရှိ အစ္စရေး လူနေဒေသများ အရေး၊ ဂျေရုဆလင်မြို့တော် ၏ အဆင့်အတန်း သတ်မှတ်ရေး များ အစရှိသည်တို့ကိုမူ ဆက်၍ စေ့ဆပ် ဆွေးနွေး နိုင်ရန် အတွက် ဆိုကာ ချန်လှပ်ထားခဲ့ သည်။

 

အစ္စရေး တွင်လည်း မည်မျှ အတိုင်းအတာ အထိ အလျော့ပေး စေ့ဆပ်သွားရမည်၊ ထို့အတွက် မည်သည့် အရာများကို ပြန်၍ တောင်းဆိုရမည် တို့နှင့် ပတ်သက်ပြီး အကွဲအပြဲများ နက်ရှိုင်းစွာ ထွက်ပေါ်လာခဲ့သည်။

 

တဖက်တွင်လည်း အစ္စရေးသည် သိမ်းပိုက်ထားသော နယ်မြေ များအတွင်း လူနေအိမ်ခြေများ တိုးချဲ့ဆောက်လုပ်လာနေသဖြင့် သံတမန်ရေးအရ ဖြေရှင်း နိုင်မည့် အလားအလာ များ မှေးမှိန်လာခဲ့သည်။ ထိုသို့ တိုးချဲ့ ဆောက်လုပ်နေခြင်းသည် ပြန်၍ ပေးရန် အစီအစဉ် မရှိ ဆိုသည်ကို ပေါ်လွင်သွားစေခဲ့သည်။ သိန်းနှင့် ချီသော အစ္စရေး နိုင်ငံသားများသည် ထိုဒေသများတွင် ပြောင်းရွှေ့ အခြေချ နေထိုင်ရန် ဝင်ရောက်လာနေကြ၍ တည်တံခိုင်မြဲမှု ရှိမည့် ပါလက်စတိုင်း နိုင်ငံ ထူထောင်ရေး အတွက် နယ်မြေများ ဖန်တီးပေးရန် ပို၍ ခက်ခဲလာခဲ့ရသည်။

 

ပါလက်စတိုင်းများသည် ပထဝီ အရသာ မက နိုင်ငံရေး အရလည်း အမျိုးမျိုး အဖုံဖုံ ကွဲပြားနေ၍ သဘောတူညီချက် တခု ရဖို့ ခက်ခဲနေပြန်သည်။ ပါလက်စတိုင်း ခေါင်းဆောင်များသည် ၎င်းတို့ လိုချင်သမျှ မဟုတ်‌သည့်တိုင် အမေရိကန် နှင့် အစ္စရေး ဖက်က ပေးရန် ကမ်းလှမ်းလာသည့် နယ်မြေ အမြောက်အမြားကို လက်ခံရန် လိုလိုလားလား မရှိ ဖြစ်နေကြသည်။

 

ဤသို့ဖြင့် အင်တီဖါဒါ ခေါ်သည့် အကြမ်းဖက် ဆန့်ကျင်မှု များ နေရာအနှံ့တွင် ပေါ်ထွက်လာခဲ့သည်။ ထိုလှုပ်ရှားမှု ကြီးအား အကြမ်းဖက် မှု များ နှင့် အတူ အာဏာ ဖီဆန်ရေး နှင့် ပါ ရော၍ ရေရှည် ဆင်နွှဲလာခဲ့သော်လည်း အခြေခံကျကျ ပြောင်းလဲ အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

 

နှစ်နိုင်ငံ အတူ ရပ်တည်သွားနိုင်ရေး ဖြေရှင်းချက်မျိုး ရဖို့ လေ့လာသူ အချို က စိတ်ကုန်လာကြသည်။ ယခု အခါ အချိန်လွန်သွားပြီ ဖြစ်သော အစ္စရေး ၏ ကမ်းလှမ်းချက်ကိုသာ လက်ခံဖို့ ရှိတော့သည်ဟု ပြောလာကြသည်။ အချို့ကလည်း နှစ်နိုင်ငံ ရပ်တည်သွားရေး သည် ယခင်ကထက် အခွင့်အလန်း ပို၍ နည်းပါးလာသော်လည်း ဆက်၍ ရှိနေဆဲဟု ယုံကြည်နေကြသည်။

 

အချို့ကလည်း အခြားနည်းလမ်းများကို ကြံဆလာကြသည်၊ ထိုအထဲတွင် အချို့သော ပါလက်စတိုင်း ဒေသများကို ဂျော်ဒန်မှ ထိန်းချုပ်သွားရေး ဆိုသည့် အစီအစဉ်များ ပါလာခဲ့သည်။ အချို့ကလည်း သုံးနိုင်ငံ ဖြေရှင်းချက် အဖြစ် အစ္စရေး နှင့် အတူ အနောက်ဖက် ကမ်းပါး နှင့် ဂါဇာ ကမ်းမြှောင်ဒေသတွင် ပါလက်စတိုင်း နိုင်ငံများ ထူထောင်ရေး၊ သို့မဟုတ် က ပါလက်စတိုင်းများအား အစ္စရေး နိုင်ငံ အတွင်း အမြဲတမ်း နေထိုင်ခွင့်ရသူများ၊ နိုင်ငံသား များ အဖြစ် သတ်မှတ်သွားရေး တို့ တင်ပြလာသည်၊ ယင်းသည် ဂျုးတို့၏ အမျိုးသားရေး သွင်ပြင်လက္ခဏာ နှင့် ဒီမိုကရေစီ ကို ခြိမ်းခြောက်လာနိုင်သည် ဆိုကာ စိုးရိမ်လာကြသည်။

 

တင်ပြလာသမျှ နည်းလမ်းပေါင်းစုံသည် အပြစ်အနာ အဆာ များ ရှိနေသည်။ အနာဂတ် တွင် ဖြစ်လာနိုင်ဆုံး ရှိသည်က အစ္စရေး တို့ ဆက်လက် သိမ်းပိုက်ထားခြင်း၊ အစ္စရေး သည်လည်း အခြေချ နေထိုင်မည့် လူများ အတွက် အချို့နယ်မြေများကို တိုးချဲ့လာခြင်း၊ ပါလက်စတိုင်းများသည် အနောက်ဖက် ကမ်းပါးနှင့် ဂါဇာ ကမ်းမြှောင်‌ဒေသ ရှိ ကျန်ရှိသော အစိတ်အပိုင်းများတွင်သာ ကိုယ်ပိုင် အုပ်ချုပ်ရေး ပုံစံ ဖြင့် သာ ဆက်လက် ရှိသွားမည် တို့ဖြစ်သည်။