နီးကပ်လာသော အိန္ဒိယ ရွေးကောက်ပွဲ

by Hla Soewai - Mar 12 2024

အိန္ဒိယ ၏ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲ ကြီးကား နီးကပ်လာနေပြီ ဖြစ်သည်။ လာမည့် ဧပြီ နှင့် မေလ ထဲတွင် အိန္ဒိယ နိုင်ငံသားများ မဲရုံများ သို့ ချီတက်ကြရတော့မည် ဖြစ်သည်။ လက်ရှိ ဝန်ကြီးချုပ် ဖြစ်သူ နာရင်ဒါ မိုဒီ သည်လည်း တတိယ အကြိမ်မြောက် ပြန်လည် ‌ရွေးချယ်ခံရရန် မျှော်လင့်လျက် ရှိနေသည်။

 

ထိုသို့ သေချာပေါက် ရွေးချယ် ခံရနိုင်ရန် ဘာသာရေးဖက်မှ တိုး၍ လှုံ့ဆော်လာနေသည်။ ဇန်နဝါရီ ၂၂ ရက်နေ့က နိုင်ငံ မြောက်ပိုင်းရှိ အယုဒ္ဓယ တွင် ရာမ ဘုရား ကျောင်းတော်ကြီးကို ဖွင့်လှစ်ပေးခဲ့သည်။

 

ရာမ နတ်ဘုရား မွေးဖွားရာဟု ယုံကြည်ထားသည့်အဆိုပါ ဘုရား ကျောင်းတော်ကြီး၏ မြေနေရာသည် ယခင် ရာစုနှစ် ပေါင်း အဆက်ဆက် ဗလီ ကြီး တည်ရှိရာ ဖြစ်သော်လည်း ၁၉၉၂ တွင် ဟိန္ဒူအမျိုးသားရေး ဝါဒီများက ဖြိုဖျက်ပစ်ခဲ့ကြသည်။

 

မိုဒီသည် ဘုရားကျောင်းတော် ဖွင့်ပွဲ အခမ်းအနား ကို ၎င်း၏ မဲဆွယ် ပွဲ အဖြစ် အသွင်ပြောင်းကာ တရားမဝင် စတင်လာခဲ့သည်။ ယခု ကျောင်းတော်ရာ အသစ် တည်ဆောက်ခဲ့ခြင်းသည် ရာမ နတ်ဘုရား အတွက်သာ မဟုတ်၊ အိန္ဒိယ နိုင်ငံ၏ ရှေ့ရေးနှင့် ပတ်သက်သော အမြင်၊ အယူဝါဒ နှင့် ဦးတည်ရာ အား ကိုယ်စားပြုသည့် ဘုရား‌ ကျောင်းလည်း ဖြစ်သည်ဟု ၎င်းအား ထောက်ခံသူ လူအုပ်ကြီးကို ပြောလာခဲ့သည်။

 

မိုဒီ ဘာကို ဆိုလိုသနည်း။

 

မိုဒီသည် ဟိန္ဒူ ဝါဒ နှင့် အိန္ဒိယ အား တသားတည်း အဖြစ် ဆွဲသွင်းလိုက်ခြင်း ဖြင့် ၎င်း၏ သဘောတရား ရေးရာ အတွေးအမြင် ဖြစ်သော ဟိန္ဓူ စစ်စစ် ဖြစ်ရမည် ဆိုသော Hindutva ကို ထုတ်‌‌ ဖေါ် လာခြင်းပင် ဖြစ်သည်။ Hindutva ဆိုသည်က ဟိန္ဒူအမျိုးသားရေး၀ါဒတစ်မျိုး ဖြစ်ပြီး မွတ်စလင်များ၊ ဟိန္ဒူဇာတ်နိမ့်များ၊ ခရစ်ယာန်များနှင့် အခြားလူမျိုးစုများအား ဟိန္ဒူဘာသာတရားနှင့် ဟိန္ဒူလူမျိုးများ အတွက် အန္တရာယ်ဟု ၎င်း၏ ၀ါဒက ရှုမြင်ထားခြင်းပင် ဖြစ်သည်။

 

Hindutva အား ထောက်ခံသူများ ထဲတွင် မိုဒီ၏ ပါတီ ဖြစ်သော ဘဟာတီရာ ဂျနာတာ BJP ပါတီဝင် အများအပြား ပါဝင်နေပြီး ၎င်းတို့အားလုံးသည် အိန္ဒိယ တွင် ဟိန္ဒူဝါဒ ကြီးစိုးရေး နှင့် ယင်းသည် အိန္ဒိယ ၏ ယဉ်ကျေးမှု အစဉ်အလာများ နှင့် တထပ်တည်း ကျသည် ဆိုသည့် အတိုင်းအတာ အထိ ယုံကြည် လက်ခံထားကြသူ များ ဖြစ်သည်။

 

ဝေဖန် သုံးသပ်သူများကမူ လူဦးရေ ၁.၄ ဘီလီယံ ရှိ သည့် အနက် ဟိန္ဓူ ဘာသာဝင် ၈၀ ရာနှုန်း ရှိသော အိန္ဓိယ အား ဘာသာရေး နှင့် မရောယှက်သည့် အနေအထားမှ ဟိန္ဒူ နိုင်ငံ အဖြစ် ပြောင်းလဲပစ်မည့် အရေးကို စိုးရိမ်တကြီး ရှူမြင်လာကြသည်။ BJP ကမူ ထိုသို့ မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြသည်။ ၎င်းတို့သည် ရာစုနှစ်ပေါင်း များစွာ တိုင်အောင် မူဆလင်များ နှင့် ဗြိတိသျှ ကိုလိုနီ သမားများ၏ ဖိနှိပ်ခြင်း ခံခဲ့ရသည့် ဟိန္ဒူ အမျိုးသား သွင်ပြင် လက္ခဏာ ကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

 

Hindutva သည် နှစ်ဆယ်ရာစု နှစ် အစောပိုင်း ကိုလိုနီ ဆန့်ကျင်ရေး အမျိုးသား လှုပ်ရှားမှု မှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ၁၉၂၂ တွင် ဗြိတိသျှ တို့အား ဆန့်ကျင်ခဲ့သည့် လုပ်ရပ်များ ကြောင့် အကျဉ်းချ ခံနေရသော ဗီနာရတ် ဒါမိုဒါ ဆာဗာကာ မှ "Essentials of Hindutva" ဟု အမည်ပေးထားသည့် လက်ကမ်းစာစောင် ကို ရေးသားခဲ့ပြီး အိန္ဒိယ၏ ယဉ်ကျေးမှုအား လူမျိုးစု အမျိုးသားရေး နှင့် ယဉ်တွဲ အဓိပ္ပါယ် ဖွင့်လာခဲ့သည်။ ၎င်းက အိန္ဒိယ အား "အဖမြေ" နှင့် မိမိအတွက် "သာသနာမြေ" ဟု သတ်မှတ်ထားသူ မည်သူမဆို ဟိန္ဒူ တဦး ဖြစ်သည်ဟု ဖွင့်ဆိုထားသည်။

 

ဆာဗာကာ သည် ၎င်းကိုယ်နှိုက်က ဘာသာမဲ့ တဦး ဖြစ်နေ၍ ဟိန္ဒူ တဦး ဟု ယူဆ နိုင်ရန် အရေးကို ‌သဘောထား ပျော့ပြောင်းစွာ စဉ်းစားပေးခဲ့ခြင်း ဖြစ်သည်။ ဂျိမ်း နှင့် ဗုဒ္ဓဘာသာဝင်များအားလည်း ဟိန္ဒူဟု ယူဆနိုင်သော်လည်း မူဆလင် များသည် အိန္ဓိယ မှ မဟုတ်သော အယူအား ကိုးကွယ်ကြသူများ ဖြစ်၍ ဟိန္ဒူ၏ တစိတ်တပိုင်း မဟုတ်၊ ၎င်းတို့အဖို့ ကိုးကွယ်နေသည့် ဘာသာကို မစွန့်လွှတ်က ဟိန္ဒူ တဦး ဖြစ်မလာနိုင်ဟု ဆိုသည်။

 

သို့သော် ခေတ်ပြိုင် ဟိန္ဒူ ဝါဒ တရားသေ သမားများကတော့ အိန္ဒိယ သည် ဘာသာ မျိုးစုံ ကိုးကွယ်မှု ကို လက်ခံသော်လည်း ဟိန္ဒူဝါဒ ဖြင့် အဓိပ္ပါယ် ဖွင့် ဆိုထားသည့် အိန္ဒိယ နိုင်ငံ အပေါ် သစ္စာစောင့်သိရမည် ဟု စွဲကိုင်ထားကြသည်။ ၎င်းတို့၏ လိုလားချက် အတွက် ဟိန္ဒူဘုရင်များ၏ ရွှေရောင်လွှမ်းခဲ့သော ခေတ်ကို မကြာခဏ ဆိုသလို မှန်းဆ ပြောဆိုလေ့ ရှိကြသည်။ ထို့ပြင် နောက်ပိုင်း မူဆလင် များ လက်အောက် ရာစုနှစ်ပေါင်းများစွာ ကျရောက်ခဲ့မှု နှင့် ခရစ်ယာန် နယ်ချဲ့ သမားများ၏ ကျုးကျော်ခံခဲ့ရမှု များ ကိုလည်း ရှုတ်ချ ပြစ်တင်ခဲ့ကြသည်။

 

၎င်းတို့ အဆိုအရ အမှောင်လွှမ်းခဲ့သော ခေတ်အတွင်း သန်းပေါင်းများစွာ သော ဟိန္ဒူများအား အတင်းအကျပ် အစ္စလမ် နှင့် ခရစ်ယာန် ဘာသာထဲသို့ သွတ်သွင်း ခံခဲ့ရသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့အား ဝေဖန်နေသူများသည် "ကိုလိုနီ ဝါဒ သူငယ်နာ မစင်" သူများဟုလည်း ဖြေရှင်းချက် ထုတ်ခဲ့ကြသည်။

 

၁၉၈၀ ကျော် နှစ်များ အတွင်း BJP သည် မထင်မရှား ပါတီလေး အဖြစ်မှ နိုင်ငံရေး စင်မြင့် တွင် အထင်ကရ ဖြစ်လာချိန်တွင် ၎င်းတို့၏ ကြိုးပမ်းခဲ့မှု များသည် အရှိန်ရလာခဲ့သည်။ မိုဒီသည် ၂၀၁၄ တွင် အာဏာစတင် ရလာခဲ့ချိန်မှ စပြီး Hindutva အား အိန္ဒိယ နိုင်ငံသားတို့၏ ကြီးမြတ်သော လက္ခဏာ အဖြစ် ခေတ်နှင့်ညီအောင် ပုံဖေါ်လာခဲ့သည်။ ထို့အပြင် ၎င်း၏ ပါတီသည်လည်း ဟိန္ဒူ အမျိုးသားရေး အား ဦးစားပေးသည့် အစီအစဉ်များကို တွန်းတွန်း တိုက်တိုက် လုပ်လာခဲ့ကြသည်။

 

၂၀၁၉ တွင် အိန္ဒိယ တွင် တခုတည်းသော မူဆလင် အများစု နေထိုင်ရာ ဂျမူး နှင့် ကက်ရှ်မီယား အား ပေးထားသော အထူး အုပ်ချုပ်ရေး အဆင့်အတန်းကို ရုတ်သိမ်းပြီး နှစ်ခု ပိုင်းခြားကာ ဒေလီမှ တိုက်ရိုက် အုပ်ချုပ်လာခဲ့သည်။ ထို့ပြင် BJP အာဏာရလာသည့် ပြည်နယ်များ တွင်လည်း နွားများ သတ်ခြင်းအား တားမြစ်သည့် ဥပဒေကိုလည်း တင်းတင်းကျပ် ကျပ် ကိုင်တွယ်လာခဲ့သည်။ ဟိန္ဒူ ဘာသာမှ အခြား ဘာသာ သို့ ပြောင်းလဲ ကိုးကွယ်ခြင်းကိုလည်း တားမြစ်ခဲ့သည်။

 

ဇတ်မြင့် ဟိန္ဒူ များ ကျင့်သုံးလေ့ရှိသည့် သတ်သတ်လွတ် စားခြင်းကိုလည်း အစိုးရမှ မြေတောင်မြှောက်ပေးလာခဲ့သည်။ နိုင်ငံသား အဖြစ် မှတ်ပုံတင်ရန် အစီအစဉ်များကို နိုင်ငံသား ဖြစ်မှု ဥပဒေ အား ပြင်ဆင်ရန် ဆိုကာ လောလောဆယ် တွင် ရပ်ဆိုင်းထားလိုက်၍ သန်းပေါင်းများစွာသော အိန္ဒိယ မူဆလင် များ အတွက် အန္တရာယ် ရှိလာခဲ့သည်။

 

BJP အား ဆန့်ကျင် ဝေဖန်နေသူများက ဟိန္ဒူမဟုတ်သည့် အိန္ဒိယ နိုင်ငံသားများ အထူးသဖြင့် မူဆလင်များကို ဒုတိယ တန်းစား နိုင်ငံသားများ အဖြစ် သတ်မှတ်ရန် ကြံရွယ်နေခြင်းဟု ပြောဆိုလာကြသည်။ အမျိုးဘာသာ ကာကွယ်ရန် စောင့်ကြည့် နေသည့် အဖွဲ့များအားလည်း လုပ်ပိုင်ခွင် အာဏာ များ ပေးလာခဲ့သည်။ ထိုအဖွဲ့များသည် ရပ်ကွက်များ အတွင်း လှည့်လည် သွားလာကာ တရားမဝင် နွားသတ်ခြင်းများ၊ မူဆလင် အမျိုးသားများက ဟိန္ဒူ အမျိုးသမီးငယ်များအား သွေးဆောင်ဖြားယောင်ခြင်း ရှိမရှိ ကို စောင့်ကြည့်လာကြသည်။ တခါတရံ တွင် ရဲများ နှင့် အတူ ဥပဒေမဲ့ ပြုကျင့်လာသည်။

 

မိုဒီမှ ရာမ နတ်ဘုရား ကျောင်း ဖွင့်လှစ်လိုက်သည့် အချိန်တွင် အစိုးရသည် နိုင်ငံသားများ အား တိုင်းပြည် ဂုဏ်သိက္ခာ မြှင့်တင် နိုင်မှု အဖြစ် အောင်ပွဲခံရန် တိုက်တွန်း ပြောဆိုခဲ့သည်။ အများစုကလည်း ထိုသို့ လုပ်ရန် စိတ်အားထက်သန် ခဲ့ကြသည်။ ထိုသို့ လုပ်ရန် စိတ်မပါကြသူများအား ရပ်ကွက် အဖွဲ့အစည်းများက အခြားနေရာသို့ ပြောင်းရွှေ့ဖို့ အထုတ်အပိုး ပြင်ထားရန် သတိပေးစာများ ပေးပို့ခဲ့ကြသည်။

 

မိုဒီ အား ထောက်ခံသူများ နှင့် ဆန့်ကျင်သူများ အကြား အယုဒ္ဓယ တွင် နတ်ဘုရားကျောင်း ဆောက်လုပ်ခဲ့ခြင်း အပေါ် အမျိုးသား ဂုဏ်သိက္ခာ အဖြစ် မှတ်ယူသင့် မသင့် သဘောထား ကွဲပြားခဲ့ကြသည်။ မည်သို့ပင် ဆိုစေကာမူ အစိုးရ မှ ထိုအရေး အား ပြောင်ပြောင်တင်းတင်း ဂုဏ်ဖေါ်လာခဲ့မှုသည် အိန္ဒိယ ဖွဲ့စည်းပုံတွင် ထည့်သွင်းထားသည့် ဘာသာ အယူဝါဒ လွှမ်းမိုးမှု မှ ကင်းရှင်း‌ ရမည် ဆိုသော သဘောတရားအား သိသာထင်ရှားစွာ ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။

 

(၂၀၂၄ မတ်လ ၇ ရက်နေ့ထုတ် အီကောနောမစ် မဂ္ဂဇင်းပါ "What is Hindutva, the ideology of India’s ruling party?" အား ပြန်လည် တင်ပြသည်။)