နိုင်ငံတကာ ရေးရာ မိတ်ဆက်(48)

by Hla Soewai - Mar 14 2024

အာရပ် နွေဦး တော်လှန်ရေး

 

၂၀၁၀ ကုန်ဆုံးတော့မည့် နောက်ဆုံး ရက်များ မှ အစပြု၍ အာရပ်နိုင်ငံ များ ရှိ လူထု သည် ၎င်းတို့ အပေါ် အာဏာရှင် ဆန်ဆန် အုပ်ချုပ်လာသည့် အစိုးရများကို အုံကြွ ဆန့်ကျင်လာကြသည်။ ‌ယင်း နှင့် အတူ ဒေသတွင်း အခြေအနေများ သိသိသာသာတိုးတက်လာလိမ့်မည် ဟူသော မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။

 

၎င်းတို့၏ ဆန့်ကျင် တွန်းလှန်မှု များကို အာရပ်နွေဦးဟု ကင်ပွန်းတပ်ခဲ့ကြသည်။ ဆန့်ကျင် ကန့်ကွက်မှု အားလုံးသည် မကြာခဏ ဆိုသလို အကျင့်ပျက် ခြစားမှု များ၊ အာဏာရှင်ဆန်ဆန် တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်ခဲ့မှုများ ကြောင့် လူချင်းတူတူ သူချင်းမျှမျှ မနေခဲ့ရသည်များ အပေါ် စိတ်ပျက်လာသည့် အခြေခံ အကြောင်းရင်းများ တူညီစွာ ဖြင့် အုံကြွလာခဲ့ခြင်းလည်း ဖြစ်သည်။

 

နိုင်ငံရေး ဝေဖန် သုံးသပ်သူများကော၊ ဒေသတွင်း ရှိ တက်ကြွ လှုပ်ရှားသူ များ အားလုံးလိုလိုက တူနီရှားမှ စတင်ခဲ့သည့် လူထု လှုပ်ရှားမှု လှိုင်းလုံးကြီးသည် တရိပ်ရိပ် နှင့် အီဂျစ်၊ လစ်ဗျား၊ ဆီရီးယား၊ ဘာရိန်း၊ ယီမင် အပါအဝင် နေရာဒေသများစွာ ကို ရိုက်ခတ်လာခဲ့သဖြင့် လွတ်လပ်ခွင့် နှင့် ဒီမိုကရေစီ အရေးကို နကန်းတလုံးမျှ သိခွင့် မရခဲ့သည့် လူ့အစည်းအရုံးများ အတွင်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များ နောက်ဆုံးတွင် မလွဲမသွေ ဖြစ်ပေါ်လာတော့မည်ဟု တွက်ဆခဲ့ကြသည်။

 

နည်းပညာသစ်များ ဖြစ်သော ဆဲလ်ဖုန်း၊ အင်တာနက်၊ ဆိုရှယ် မီဒီယာများကြောင့် လူတဦးချင်းစီထံ ဆက်သွယ်ရေး နှင့် သတင်းစီး‌ မျောမှု အဆင်ပြေ ချောမွေ့လာပြီး အာဏာရှင် အစိုးရ များ လက်ထဲမှ တိုင်းပြည် အာဏာသည် လူထု ထံ ရောက်ရှိလာလိမ့်မည်ဟု လူအများက တွက်ဆခဲ့ကြသည်။

 

သို့သော် အခြေအနေများက ၎င်းတို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ အီဂျစ် နှင့် လစ်ဗျား တွင် အာဏာရှင်များ အား ဖယ်ရှားနိုင်ခဲ့သော်လည်း အီဂျစ် တွင် အာဏာရှင် ဝါဒသည် တနှစ် အကြာတွင် ပြန်လည် ခေါင်းထောင်ထလာခဲ့သည်။ ထိုတနှစ် အတွင်း ပထမဆုံးအကြိမ် အဖြစ် အာဏာရလာ‌ သော မူဆလင် ညီနောင်များ အဖွဲ့သည် နိုင်ငံရေး မျက်နှာစာတွင် ဘာသာရေး ကို ရောသမမွှေရန် တိုးမြှင့် လှုပ်ရှားလာခဲ့ခြင်းကြောင့် လူတဦးချင်းစီ၏ လွတ်လပ်ခွင့် များ လျော့ပါးလာခဲ့သည်။ ထိုလုပ်ရပ်များ အား လူထု မှ အကြီးအကျယ် ကန့်ကွက် ဆန္ဒပြလာနေသည့် ကြားမှ စစ်တပ် မှ အာဏာသိမ်းကာ မူဆလင် ညီနောင်များ အဖွဲ့ အစိုးရကို ဖြုတ်ချပစ်ခဲ့သည်။

 

အီဂျစ် တွင် လူဦးရေသည် တနှစ်လျှင် တသန်းခန့် နှုန်းဖြင့် တိုးပွားနေပြီး၊ ထိုသို့ တိုးလာနေသော လူဦးရေ အား ပံ့ပိုးပေးနိုင်သည့် စီးပွားရေး အင်အားလည်း မရှိသည့်အပြင် နိုင်ငံရေး တွင်လည်း အုပ်ချုပ်သူများ အဖို့ လူထု ကို ဖိနှိပ်ထားသည့် စနစ်အပေါ် အမှီသဟဲပြု အသက်ဆက်နေကြရပြန်သဖြင့် ရှေ့လျောက် ခက်ခဲသည့် အခြေအနေများ နှင့် ရင်ဆိုင်လာရဖို့ ရှိနေသည်။

 

လစ်ဗျား တွင် ကာလကြာမြင့်စွာ အုပ်ချုပ်လာသည့် အာဏာရှင် မွန်မာ အယ် ကဒါဖီအား ဖယ်ရှားနိုင်ခဲ့မှု နှင့် အတူ နိုင်ငံရေး အရ ကသောင်းကနင်း ဖြစ်လာခဲ့ပြီး နိုင်ငံအတွင်း ဒေသကြီး သုံးခု အဖြစ် အတိအကျ ကွဲထွက်သွားခဲ့သည်။

 

လက်ရှိတွင် နှစ်နိုင်ငံစလုံး အတွက် ဖိနှိပ်အုပ်ချုပ်နေခြင်းနှင့် ကသောင်းကနင်း ဖြစ်နေမှုများ မှ လွဲ၍ နောက်ထပ် ရွေးချယ်စရာ မရှိသည့် အဖြစ်မျိုး နှင့် ကြုံနေရသည်။ ထိုအတော အတွင်း အာရပ်နိုင်ငံ မဟုတ်သည့် အီရန်သည် လူထု ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွင်းလာခဲ့သည်။

 

ဆီရီးယားရှိ ဘာရှာ အယ် အာဆတ် အစိုးရအား ကန့်ကွက် ဆန္ဒပြမှု များသည် အကြမ်းဖက် မှု များ အဖြစ် ပြောင်းလဲသွားခဲ့ပြီး အစိုးရမှ ဆန့်ကျင်သူများကို အမှုန့်ကြိတ်ပစ်ရန် အထိ လုံးပမ်းလာခဲ့သည်။ ထို့အတွက် ဒေသ တဝှမ်းနှင့် အခြားနေရာများမှ ဘာသာရေး လွန်ကဲသူ ဆွန်နီများသည် အယ်လာဝီ မျိုးနွယ်စု များ ကြီးစိုးနေသည့် အစိုးရအား တိုက်ခိုက်ရန် စုရုံးလာခဲ့ကြသည်။ အယ်လာဝီ များသည် အစ္စလမ်မူကွဲ ရှီးယိုက် ဘာသာကို ကိုးကွယ်ကြသူများ လည်း ဖြစ်သည်။

 

ဤသို့ဖြင့် ပြည်တွင်းစစ်ပွဲ ကြီး နိုင်ငံ အနှံ့ ဖြစ်ပွားလာခဲ့သည်။ အစိုးရသည် ရုရှား နှင့် အီရန် တို့၏ အကူအညီ ပေးမှု ကြောင့် တဖြေးဖြေး အနိုင်ရလာခဲ့သည်။ အမေရိကန် နှင့် အခြား နိုင်ငံများမှလည်း အတိုက်အခံများကို အဓိပ္ပါယ် ရှိရှိ ဝင်ရောက် အကူအညီပေးရန် စိတ်မပါလက်မပါ ဖြစ်နေခဲ့သည်။

 

အဆိုပါ ပြည်တွင်းစစ်ကြီးကြောင့် ဆီရီးယား နိုင်ငံသား ၅၀၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး နိုင်ငံ လူဦးရေ စုစုပေါင်း၏ တဝက်ကျော်ကျော်သည် အိုးအိမ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

 

နိုင်ငံအား ပြန်လည် တည်ဆောက်ရမည့် စရိတ်စကသည် လွန်စွာ မှ ကြီးမားလာခဲ့သည်။ သို့‌သော် နိုင်ငံရေး နည်းဖြင့် အဖြေရှာမှု မျိုး မရှိသဖြင့် နိုင်ငံတကာ မှ အကူအညီ ပေးလာခြင်းမျိုး မရရှိခဲ့ပေ။

 

အမေရိကန်သည် ဆီရီးယားတွင် နောက်ပိုင်း စစ်ရေးအရ ပါဝင် ပတ်သက်လာခဲ့သော်လည်း အစိုးရကို ဖြုတ်ချရန် မဟုတ်ပဲ ဆီရီးယား ထဲသို့ ဝင်ရောက်လာသည့် အစ္စလမ် နိုင်ငံတော်ဟု အမည်ပေးထားသည် အိုင်းစစ် အကြမ်းဖက် အဖွဲ့ကို တိုက်ခိုက်ရန် အတွက် ဖြစ်နေသည်။

 

အမေရိကန်၏ ပျက်ကွက်ခဲ့မှု‌ ကြောင့် ၎င်းတို့၏ မူဝါဒသည် ဝေဖန်စရာများ ဖြစ်လာခဲ့ရသည်။ သမ္မတ အိုဘာမားသည် ဓါတု လက်နက်များ အသုံးပြုလာပါက အမေရိကန် တို့ အခေါ် "Red Line" စည်းကျော်ခြင်းဟု ယူဆမည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆို သတိပေးခဲ့သည်။ 

 

ထိုသို့ ပြောပြီး တနှစ်အကြာတွင် အာဆတ်သည် ၎င်းအား ဆန့်ကျင်နေသူများ အပေါ် ဓါတု လက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့သည့် အဖြစ်သည် ငြင်းမရအောင် ပေါ်ထွက် လာခဲ့သည်။ သို့သော် အိုဘာမားသည် ဆီရီးယား အား စစ်ရေး အရ အရေးယူရန် လိုလိုလားလား မရှိပေ။

 

ဤသည်ကို ကြည့်၍ ရုရှားသည် ဆီရီးယားတွင် စစ်ရေး အရ ဝင်ရောက်စွက်ဖက်လာမှု နှင့် အတူ အာဆတ် အစိုးရ အသက်ဆက်နိုင်ရေး ကို အာမခံ ပေးလိုက်သလို ဖြစ်လာခဲ့တော့သည်။

 

ထိုဖြစ်စဉ် များသည် ဒေသတခုလုံး နှင့် ကမ္ဘာတဝှမ်း သို့ပါ ထိခိုက်သွားခဲ့ရသည်။ အမေရိကန်၏ မိတ်ဆွေများ နှင့် မဟာမိတ်များ အကြား အမေရိကန် အပေါ် ယုံကြည်စိတ်ချ၍ ရပါတော့မည်လား ဟု သံသယ များ ဝင်လာခဲ့ကြသည်။ တဖြေးဖြေး နှင့် မိတ်ဆွေများရော၊ ရန်သူများပါ အမေရိကန် အကျိုးစီးပွား ဆိုသည်ကို အလေးထားရကောင်းမှန်း မသိ ဖြစ်လာခဲ့သည်။

 

အရှေ့အလယ်ပိုင်း တွင် အမေရိကန် တို့ အထက်စီးမှ လွှမ်းမိုးနေခဲ့သည့် ခေတ်သည် မည်သည့် အချိန်တွင် အဆုံးသတ် သွားခဲ့သနည်းဟု အတိအကျ ညွှန်ပြပါဆိုလျှင် ၂၀၁၃ ခုနှစ်ဟုသာ ဆိုရမည် ဖြစ်သည်။