ယူကရိန်းသို့ တောရပ်စ် ကရုစ် ဒုံးကျည်များ ထောက်ပံ့ရေး ဂျာမန် တို့ စိတ်မပါ လက်မပါ ဖြစ်နေ

by Hla Soewai - Mar 14 2024

လက်ရှိတွင် တော့ ဂျာမဏီ ဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ် မှ မဟာမိတ်များ၏ ဖိအား ပေးမှု နှင့် ပြည်တွင်း ရှိ အတိုက်အခံများ၏ ဆန့်ကျင်နေမှု များ နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

ယူကရိန်းသည် တ‌ဖြေးဖြေး နှင့် မရှုနိုင် မကယ်နိုင် ဖြစ်လာနေသည်ကို တွေ့မြင်လာရသဖြင့် မဟာမိတ်နိုင်ငံများက ဂျာမဏီ၏ သဘောထား ပြောင်းလာရန် ပါးပါးနပ်နပ် ပြုလုပ်လာကြသည်။ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် ကင်မရွန်း က ဂျာမဏီ မှ တောရပ်စ် ဒုံးကျည်များ ဗြိတိန် သို့ ပေးပို့မည် ဆိုက မိမိတို့ရှိ Storm Shadow မုန်တိုင်းရိပ် ဒုံးကျည်များ ယူကရိန်းသို့ ပေးပို့ နိုင်မည်ဟု အလဲအလှယ် လုပ်ရန် အရိပ်အမြွက် ပြောလာခဲ့သည်။ သို့သော် ရှိုးဇ် က သူ၏ ရပ်တည်ချက်ကို ပြောင်းမည့် အလားအလာ မတွေ့ရသေးပေ။

 

ပြီးခဲ့သည့် လများ အတွင်း ယူကရိန်းသို့ လက်နက်များ တင်ပို့ မှု သည် အရှိန်ကျသွားခဲ့သည်။ ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းများထဲတွင် အမေရိကန် ၏ ဒေါ်လာ ၆၀ ဘီလီယံ တန်ကြေးရှိ အကူအညီ ပေးရေး အစီအစဉ်များ ကွန်ဂရက်တွင် အတည်ပြုချက် မရသေးပဲ၊ တန့်နေခြင်းသည်လည်း တစိတ်တပိုင်း ပါဝင်နေခဲ့သည်။

 

ဗြိတိန် မှ ၎င်းတို့ ပေးပို့မည့် မုန်တိုင်းရိပ် ဒုံးကျည် နှင့် ပြင်သစ်လုပ် Scalp ဦးရေခွံ ဒုံးကျည်များသည် ဂျာမန်၏ တောရပ်စ် နှင့် အမျိုးအစား ခြင်း အတူတူပင် ဖြစ်သည်။ သို့သော် ဗြိတိန် နှင့် ပြင်သစ်သည် ၎င်တို့ တွင် ရှိသမျှထဲမှ ခွဲပေးလို့ရသည့် အတိုင်းအတာ အထိသာ ပေးနိုင်သော်လည်း ဂျာမဏီ သည် အစင်းရေ ၁၅၀ အထိ ချက်ခြင်းလက်ငင်း ပေးနိုင်သည့် အနေအထား တွင် ရှိနေသည်။

 

တောရပ်စ်သည် လွန်စွာ ထိရောက်သော လက်နက်မျိုး ဖြစ်သည်။ မုန်တိုင်းရိပ် နှင့် ဦးရေခွံ ဒုံးကျည်များသည် ကီလိုမီတာ ၃၀၀ အထိ သာ သွားနိုင်သော်လည်း တောရပ်စ်သည် ကီလိုမီတာ ၅၀၀ အထိ ပစ်ခတ်နိုင်စွမ်း ရှိနေသည်။ မြေပြင်မှ မီတာ ၅၀ အတွင်း ပျံသန်းနိုင်၍ ရေဒါ နှင့် ဖမ်းမိနိုင်ဖို့ မလွယ်ကူလှပေ။ ချိန်ရွယ်သော ပစ်မှတ်၏ ၅ မီတာ ပတ်ပတ်လည် အတွင်း ကျရောက်နိုင်စွမ်း ရှိနေသည်။

 

တောရပ်စ် သည် ပစ်မှတ်ကို ထိမှန်ဖို့ ဂြိုလ်တု၏ အချက်ပြ ဆက်သွယ်မှု မလိုအပ်ပဲ ရရှိထားပြီးသော မြေပြင် အနေအထား ပုံရိပ်များကို ကွန်တို မြေပုံ နှင့် နှိုင်းယှဉ်ကာ လွန်စွာ တိကျမှု ရှိသည့် ရေဒါ ပရိုဂရမ် ထဲ ထည့်သွင်းကာ ပစ်မှတ်ဆီသို့ ရောက်အောင် သွားနိုင်စွမ်း ရှိနေသည်။ အီလက်ထရောနစ် ဂျမ်မာ စနစ်ဖြင့်လည်း ထိရောက်စွာ ဟန့်တား နိုင်စွမ်း မရှိသည်ကို တွေ့ရသည်။

 

စစ်မြေပြင် ကွပ်ကဲရေး ဌာနချုပ် စခန်းများ နှင့် ထောက်ပို့ ပစ္စည်း သိုလှောင်ရာ ဝင်းများကို ချေမှုန်းရန် လွန်စွာ အသုံးဝင်သည့် ကရုစ် ဒုံးကျည်မျိုး ဖြစ်သည်။ "ဘန်ကာ ဖြို" ဒုံးကျည်မျိုးဟု လည်း ပြောစမှတ် တွင်ခဲ့သည်။

 

ဂျာမန် အဓိပတိ ရှိုးဇ်ကမူ ထိုသို့ ပေးပို့လိုက်ပါက မိမိတို့ နိုင်ငံသည် စစ်ပွဲတွင် ပါဝင်လာသမျိုး ဖြစ်မည်ဆိုကာ ငြင်းဆန်နေခဲ့သည်။ သူ၏ အဆိုအရ ဂျာမန် တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ လွှတ်၍ ပစ်ခတ်ပုံ ပစ်ခတ်နည်းအား လေ့ကျင့်ပေးရန် လိုအပ်နေသည်။ ထိုအပြောကို အချို့က လက်မခံပဲ ထုတ်လုပ်သည့် ကုမ္ပဏီ မှ လေ့ကျင့်ပေး၍ ရသည်ဟု တုန့်ပြန်ခဲ့ကြသည်။ ဂျာမန် အရာရှိ အချို့က တောရပ်စ် ဒုံးကျည်များ သယ်ယူနိုင်စွမ်း ရှိသည့် ယူကရိန်း တိုက်လေယာဉ် များများစားစား မကျန်တော့ဟု လည်း အကြောင်းပြခဲ့ကြသည်။

 

ပြည်တွင်းရှိ အဓိက အတိုက်အခံ ပါတီကြီး ဖြစ်သော ခရစ်ယာန် ဒီမိုကရက် ယူနီယံ ပါတီ (CDU) အပါအဝင်အတိုက်အခံများကလည်း ရှိူးဇ် အား ဒုံးကျည်များ ယူကရိန်းသို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ပို့ပေးရန် အဆိုတင်ပြီး ဖိအား ပေးလာကြသည်။ ညွှန်ပေါင်း အစိုးရ အဖွဲ့ဝင် ဖြစ်သော Green ပါတီ မှ နိုင်ငံခြားရေး ဝန်ကြီး အင်နာလီနာ ဘဲဘော့ခ် မှ ဗြိတိန် မှ အလဲအလှယ် လုပ်ရန် ပြောလာသည့် အစီအစဉ် အား လက်ခံနိုင်သည့် နည်းလမ်းတရပ် ဟု ပြောလာခဲ့သည်။

 

CDU ၏ အဆိုကို မတ်လ ၁၄ ရက်နေ့တွင် ဂျာမန် လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ကြမည် ဖြစ်သည်။ ထိုအဆိုအား ရှိူးဇ် ၏ ဆိုရှယ် ဒီမိုကရက် ပါတီ နင့် ညွှန်ပေါင်း အစိုးရ ဖွဲ့ထားသော ဂရင်း နှင့် လွတ်လပ်သော ဒီမိုကရက် ပါတီ မှ ထောက်ခံကြမည်ဟု သိရသည်။ ထိုအဆိုအား ထောက်ခံသည့် ဖက်မှ အနိုင်ရသွားခဲ့လျှင် ရှိုးဇ် အစိုးရအဖို့ အကြီးအကျယ် အလဲထိုး ခံလိုက်ရသည် နှင့် မခြား ဖြစ်သွားပေလိမ့်မည်။

 

သို့သော် ရှိုးဇ် သည် ယခုထိ အလျော့ပေးမည့် လက္ခဏာ မတွေ့ရသေးပေ။ သူ့ဖက်တွင် လူထု၏ ထောက်ခံမှု ရထားသည်ဟု ယုံကြည်နေ၍လည်း ဖြစ်သည်။ မတ်လ ၇ ရက်နေ့က ထုတ်ပြန်သော စစ်တမ်း ကောက်ယူမှု တွင် ၆၁ ရာနှုန်းက ယူကရိန်းသို့ ဒုံးကျည်များ ပေးပို့မည်ကို ဆန့်ကျင်ခဲ့ကြသည်။ ဗြိတိသျှ အစိုးရ မှ ထိုသို့ ကြားငြပ်လာနေသော ရှိုးဇ် အတွက် ထွက်ပေါက်ပေးလာခဲ့သော်လည်း လက်ခံမည့်ပုံ မတွေ့ရသေးပေ။

 

ရှိုးဇ်သည် ယခင်က ကျားသစ် တင့်ကားများအား ယူကရိန်း သို့ ပေးပို့ရန် ဖိအားများကို အလျော့ပေးခဲ့ ရပြီး ဖြစ်သည်။

 

ယူကရိန်းသည် ထိုဒုံးကျည်များ ရရှိလာမည် ဆိုက နည်းပညာ အဆင့်နိမ့် လက်နက်ကြီးကျည် များ အရေးတကြီး လိုအပ်နေမှု ပြေလျော့သွားနိုင်သည်ဟု အချို့က တွက်ဆနေကြသည်။

 

(၂၀၂၄ မတ်လ ၁၂ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Why Germany is reluctant to send Taurus missiles to Ukraine" ဆောင်းပါးအား ကောက်နှုတ် တင်ပြသည်။)