အမေရိကား ၏ ကြမ္မာငင် လာ‌ သော SUV နှင့် ပစ်ကပ် ထရပ် ထုတ်လုပ်မှု

by Hla Soewai - Mar 17 2024

အမေရိကန် တို့သည် ကျယ်ကျယ်ဝန်းဝန်း ရှိသော SUV နှင့် ပစ်ကပ် ထရပ်ကားများကို ကားသေးများထက် ပို၍ သ‌ဘောကျ နှစ်ခြိုက်ကြသည်။၂၀၂၃ တွင် ထိုသို့ အရွယ်အစား ကြီးသော ကား စုစုပေါင်း ၈.၇ သန်း လမ်းပေါ်သို့ ရောက်လာကြသည်။

 

၂၀၂၂ စာရင်းဇယားများအရ အမေရိကားတွင် ထုတ်လုပ်သော ကားများ၏ ပျမ်းမျှ အလေးချိန်သည် ၁,၈၅၇ ကီလိုဂရမ် ရှိပြီး ဥရောပ ကားများထက် ၂၀ ရာနှုန်း ပို၍ လေးလံနေသည် ကို တွေ့ရသည်။

 

အမေရိကားရှိ လမ်းမများသည် ကျယ်ပြောပြီး ကားပတ်ကင်များသည်လည်း ကျယ်ဝန်း လှသဖြင့် ကားကြီးကြီး စီးချင်သူများ အဖို့ ပြဿနာ မရှိခဲ့၊ ထိုသို့ အရွယ်အစားကြီးသော ကားများ ထုတ်လုပ်ရန် ဥပဒေကလည်း ကယ်ပေါက် ဖွင့်ပေးထားခဲ့သည်။ ယခုအခါ ယင်း ကယ်ပေါက် ကို ပိတ်ဆို့ တော့မည် ဖြစ်သည်။ ထို့အတွက် အမေရိကန် တို့ ကားအသေးစားများဖက် လှည့်လာကြမည်လော။

 

၁၉၇၃ တွင် ရေနံ ထုတ်လုပ်သော အာရပ် နိုင်ငံများသည် ယွန်ကစ်ပူး စစ်ပွဲတွင် အမေရိကန် တို့ အစ္စရေးအား ထောက်ခံခဲ့မှုအား ဒဏ်ခတ်သည့် အနေဖြင့် ရေနံ တင်ပို့မှု များ ဖြတ်တောက်ပစ်ခဲ့ကြသည်။ ယင်း၏ ရလဒ် အဖြစ် အမေရိကန်တွင် လောင်စာဆီ ဈေးနှုန်းများ တဟုန်ထိုး ခုန်တက်သွားပြီး၊ ဓါတ်ဆီ ဆိုင်များတွင် ကားတန်းရှည်ကြီး ဖြစ်လာခဲ့သည်။ စီးပွားရေးသည်လည်း အကြီးအကျယ် တုန့်နှေးသွားခဲ့ရသည်။

 

ထိုအခြေအနေကို တုန့်ပြန်ရန် အတွက် အ‌မေရိကန် အစိုးရသည် ၁၉၇၅ တွင် ဆီစား သက်သာသည့်ကားများ ထုတ်လုပ်ရန် ဥပဒေ ပြဋ္ဌာန်းလာခဲ့သည်။ ထိုဥပဒေအရ နောက်ဆယ်နှစ်အကြာ ၁၉၈၅ တွင် မော်ဒယ် အသစ် ကားမှန်သမျှ ယခင် ပျမ်းမျှ တဂါလံ လျှင် ၁၃ မိုင် နှုန်း မှ ၂၇.၅ မိုင်နှုန်း (တလီတာလျှင် ၁၁.၇ ကီလိုမီတာ နှုန်း) ရှိ ရမည်ဟု မြှင့်တင်လာခဲ့သည်။

 

ယခုအခါ တစ်ဂါလံလျှင် ၄၀ မိုင်အထိ မောင်းနိုင်ရမည် ဟု ဖြစ်လာသည်။ ထိုကဲ့သို့ အသစ်ပြဋ္ဌာန်းလာမှု ကြောင့် ကားထုတ်လုပ်သူများသည် အင်ဂျင်ကို အနုစိတ် ပြင်ဆင် ထုတ်လုပ်ရတော့မည် ဖြစ်၍ ပို၍ အကုန်အကျ များလာတော့မည် ဖြစ်သည်။

 

အစိုးရ မှ ထိုစဉ်က ဖွင့်ပေးထားသော ကယ်ပေါက် ဆိုသည်က အပေ့ါစား ထရပ်ကားများကို အမှီသဟဲပြုနေရသည့် အသေးစားလုပ်ငန်းရှင်များ အတွက် ဖြစ်သည်။ လမ်းကြမ်းများတွင်လည်း သုံးနိုင်ပြီး အလေးချိန်အားဖြင့် ၃,၈၅၅ ကီလိုဂရမ် ထက် မလေး သော ကားများကို ဆီစားနှုန်း အသစ် ပြဋ္ဌာန်းလာသည့် ဥပဒေမှ ကင်းလွတ်ခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

 

ဤသို့ဖြင့် ဆိုက်ဒ် ကြီးပြီး ဆီစားနှုန်း အများဆုံး ဖြစ်သည့် SUV ကားများ ထုတ်လုပ်လာကြသည်။ ထိုသို့ သော ကားများ ထုတ်လုပ်စရိတ်သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို အလေးထားရသည့် ကားသေးများထက် ပို၍ တွက်ခြေ ကိုက်၍ ကားကုမ္ပဏီ များသည် ကားကြီးများကို လှိမ့်၍ ထုတ်လာကြတော့သည်။

 

ထိုကားကြီးများအားလည်း စိတ်လွတ်ကိုယ်လွတ်၊ အင်နှင့် အားနှင့် မောင်းနိုင်ပြီး စွန့်စားလိုစိတ် ရှိသော အမေရိကန် များ အတွက်ဟု ပုံဖေါ် ပြောဆိုလာကြသည်။

 

၂၀၀၂ တွင် အပေါ့စား ထရပ် အမျိုးအစားဝင် ကားများသည် အခြားကားများထက် ဈေးကွက် တွင် နေရာယူလာကြသည်။ ၁၉၉၀ ကျော် နှစ်များ အရောက် တွင် အမေရိကား၏ ဓါတ်ဆီ‌ဈေးသည် အခြား ချမ်းသာသော နိုင်ငံများထက် ဈေးချိုနေသဖြင့်လည်း သုံးစွဲသူများ အဖို့ ‌ဆီစားမည့် အရေးခေါင်းထဲ ထည့် စဉ်းစားစရာ မလို ဖြစ်လာခဲ့သည်။

 

ထိုကဲ့သို့သော ကားမျိုးအား မြို့စွန် တွင် နေကြသော အမေရိကန် တို့ အဖို့ သက်တောင့်သက်သာ သွားနိုင်ပြီး အန္တရာယ် ကင်းသည်ဟုလည်း ယူဆထားကြသည်။

 

ဤသို့ဖြင့် အမေရိကား၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍသည် ကာဘွန် ဓါတ်ငွေ့ အများဆုံး ထုတ်လုပ် ရာ ဖြစ်လာခဲ့သည်။ လမ်းများ ပေါ်ရှိ အခြား ကားများ အတွက်လည်း အန္တရာယ် ရှိလာခဲ့သည်။ ယာဉ် တိုက်မှု များ တွင် ထရပ်ကားများကြောင့် ကားသေးပေါ်ရှိ လူများ၊ လမ်းဖြတ်ကူးသူများ အတွက် အသက် ဆုံးရှုံးသွားနိုင်ခြေ များနေသည်။

 

ယခု အခါ အမေရိကန် ပတ်ဝန်းကျင် စောင့်ရှောက်ရေး အေဂျင်စီ (EPA) မှ ဥပဒေ ကို တင်းကျပ်တော့မည်ဟု ၂၀၂၃ ဧပြီလ တွင် အသိပေးလာခဲ့ပြီး ၂၀၂၄ မကုန်မီ အပြီးသတ် ထုတ်ပြန်မည်ဟု ဆိုသည်။

 

လက်ရှိတွင် သတ်မှတ်ထားသော စံနှုန်းများအရ ကားများ၏ ကာဘွန် ထုတ်လုပ်မှု နှုန်းသည် တစ်ကီလိုမီတာ သွားတိုင်း ၁၆၁ ဂရမ်သာ ရှိရမည် ဖြစ်သည်၊ အပေါ့စား ထရပ် အမျိုးအစားဝင် ကားများကိုမူ ၂၇၆ ဂရမ် အထိ ခွင့်ပြုထားသည်၍ ၇၁ ရာနှုန်း ခန့် ကွာခြား‌နေသည်၊ EPA သည် ထိုသို့ ကွာဟနေမှုကို ၂၀၃၂ တွင် ၂၂ ရာနှုန်းအထိ လျော့ချရန် စီစဉ်နေသည်။

 

ထို့အတွက် ကားကြီး ထုတ်လုပ်သည့် ကုမ္ပဏီ များ အဖို့ လိုအပ်ချက် နှင့် ကိုက်ညီရန် ဆီစား သက်သာသည့် အင်ဂျင်များ ထုတ်လုပ်ရ တော့မည် ဖြစ်၍ ကားကြီးများ၏ ဈေးနှုန်း တက်လာဖို့ ရှိနေသည်။ EPA သည် ထိုသို့ တင်းကျပ်လိုက်ခြင်း ကြောင့် ကားကုမ္ပဏီ များသည် လျပ်စစ်ကားများ အလျင်အမြန် ထုတ်လုပ်လာကြပြီး ၂၀၃၂ တွင် စုစုပေါင်း ကားရောင်းရသည့် အရည်အတွက်၏ သုံးပုံ နှစ်ပုံသည် လျပ်စစ်ကားများ ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။

 

သို့သော် ကားအရွယ်အစားပိုင်း တွင်မူ ကွာခြားမှု မဆိုသလောက်သာ ရှိနိုင်ပေသည်။ အမေရိကားတွင် လူကြိုက် အများဆုံး ဖြစ်သော F-150 အား အပေါ့စား ထရပ်ကား အမျိုးအစား အဖြစ် သတ်မှတ်ထားဆဲပင် ဖြစ်သည်။ ထို့အတွက် ဆီစားနှုန်း ဆက်၍ မြင့် နေမည် ဖြစ်ပြီး ထုတ်လုပ်မှု စရိတ် နှင့် ဈေးနှုန်း ပိုင်း အပြောင်းအလဲ ရှိမည် မဟုတ်ဟု ယူဆရသည်။

 

လျပ်စစ် ကားများသည်လည်း ရိုးရိုးကားများကဲ့သို့ပင် အလေးချိန် ပြဿနာ ရှိနေသည်။ EPA သည် လျပ်စစ်ကားများမှ တဆင့်ခံ ကာဘွန် ထွက်ရှိမှုကို စည်းကမ်း သတ်မှတ်ခြင်း မရှိသော်လည်း ပို၍ လေးလံသော ကားများသည် လျပ်စစ် ပို၍ အားသွင်းဖို့ လိုလာပြီး ပိုမိုကြီးမားသော ဘက်ထရီများ တပ်ဆင် ပေးရမည် ဖြစ်သည်၊ လိုအပ်သော ဘက်ထရီ အကြီးစားများ အတွက် ရှားပါး သတ္တုများ ပို၍ အသုံးပြုရမည် ဖြစ်သည်။

 

၂၀၂၂ တွင် အမေရိကားတွင် ရောင်းချရသော လျပ်စစ် ကားအရည် အတွက်၏ ၆၀ ရာနှုန်းသည် SUV များ ဖြစ်သည်။ ဤသည်ကို ကြည့်မည်ဆို က စည်းမျဉ်း စည်းကမ်း တခုတည်းဖြင့် အမေရိကန်တို့ ကားအကြီးစားများအား နှစ်ခြိုက်နေမှု ကို ပြောင်းပစ်၍ ရနိုင်မည် မဟုတ်ပေ။

 

(၂၀၂၄ မတ်လ ၁၁ ရက်နေ့ အီကော်နောမစ် မဂ္ငဇင်းတွင် ပါရှိသော "Why American cars are so big" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)