ဟေတီ ကို အုပ်ချုပ်နေသည့် လူဆိုးဂိုဏ်း ခေါင်းဆောင် "ဘာဘီကျု"

by Hla Soewai - Mar 17 2024

ဟေတီ ဝန်ကြီးချုပ် အေရီယယ် ဟင်နရီ ပြည်ပသို့ ခရီး ထွက်သွားသည်ကို အခွင့် ကောင်း ယူကာ ဟေတီရှိ ရာဇဝတ်ဂိုဏ်းများသည် အကျဉ်းထောင်များ နှင့် ရဲစခန်းတို့ကို ဝင်ရောက် သိမ်းပိုက်လိုက်ကြသည်။ ဝန်ကြီးချုပ် ဟင်နရီလည်း အသံမထွက်နိုင်တော့ပဲ ပြည်တော် မပြန် နိုင် ဖြစ်ကာ ပြူတိုရီကို တွင် သောင်တင်နေသည်။

 

ထိုလူဆိုးဂိုဏ်းများ အပေါ် ဗိုလ်လုပ်မင်းမူနေသူသည် ဂျင်မီ "ဘာဘီကျူ" ချဲလီဇီယာ ဆိုသူပင် ဖြစ်သည်။

 

ဟေတီ အရေးကို ဖြေရှင်းရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် အပါအဝင် ကာရစ်ဘီယံ ကျွန်း နိုင်ငံများ မှ ခေါင်းဆောင်များသည် မတ်လ ၁၂ ရက်နေ့တွင် ဂျမေကာ နိုင်ငံ တွင် တွေ့ဆုံ စည်းဝေးခဲ့ကြသည်။

 

ဟင်နရီ မှ ဟေတီ တွင် ကြားကလ အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်း ပြီးပါက ရာထူးမှ နှုတ်ထွက်ပေးမည်ဟု ပြောလာခဲ့သည်။

 

ချဲလီဇီယာသည်လည်း နိုင်ငံရေး ရည်မှန်းချက်များ ရှိထားပုံရသည်။ ပြည်ပနိုင်ငံ ခေါင်းဆောင်များက အပြင် မှ ဟေတီ နှင့် ပတ်သက်သော ဆုံးဖြတ်ချက်များ ချလာမည်ဆိုက တိုင်းပြည်သည် ယခုထက်ပို၍ ကသောင်းကနင်း ဖြစ်သွားမည်ဟု သတိပေးလာခဲ့သည်။ မိမိတို့ အဖွဲ့မှ လက်ရှိ တိုင်းပြည်တွင် ဒုက္ခသုက္ခများ ကြုံတွေ့နေရ မှု မှ လွတ်မြောက်ရာ လွတ်မြောက်အောင်း စဉ်းစားရှာကြံ လုပ်ဆောင်သွားမည်ဟု ပြောလာသည်။

 

သို့သော် တိုင်းပြည်တွင် ထိုသို့ ဒုက္ခသုက္ခများ ရောက်အောင် ၎င်းတို့ ကိုယ်တိုင် ဖန်တီးခဲ့သည် ဆိုသည်ကိုကား မေ့လျောနေပုံ ရသည်။

 

အဘယ်ကြောင့် ထိုမျှအထိ လူဆိုး ဂိုဏ်း ခေါင်းဆောင် တဦးသည် ဟေတီတွင် တန်ခိုး ထွားလာရသနည်း။

 

ချဲလဲဇီယား သည် အသက်အားဖြင့် လေးဆယ် ပတ်ဝန်းကျင် ရှိပြီး ရဲဝန်ထမ်း ဟောင်းတဦးလည်း ဖြစ်သည်။ ၎င်းသည် အကွဲကွဲ အပြားပြား ဖြစ်နေသော လူဆိုးဂိုဏ်းများကို စုစည်းနိုင်ခဲ့၍ G9 အဖွဲ့ဟု တည်ထောင်လာခဲ့ပြီး အင်အားကြီးထွားလာခဲ့သည်။

 

မြို့တော် ပို့အော် ပရင့်စ် အပါအဝင် အနီးအနားရှိ ဒေသများကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

 

ချဲလဲဇီယားသည် ၂၀၂၁ တွင် သတ်ဖြတ်ခံခဲ့ရသည့် သမ္မတ ဂျိုဗီနယ် မိုဟီစ် ၏ ကျောထောက်နောက်ခံ ပေးမှု ရထားသည်ဟု ယူဆခံခဲ့ရသူ ဖြစ်သည်။ ဟေတီတွင် လူဆိုးဂိုဏ်းများ နှင့် နိုင်ငံရေး သမားများ အပေးအယူ လုပ်ခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ ချဲလဲဇီယား၏ ဝင်ငွေ တဝက် ခန့်သည် သမ္မတ မိုဟီစ် ထံမှ ရနေသည်ဟု သတင်းများ ထွက်ရှိလာခဲ့သည်။ ယခုအခါ သမ္မတ မရှိတော့၍ အကျိုး အမြတ်များ ပိုထွက်လာခဲ့ပြီ ဖြစ်သည်။

 

ဝန်ကြီးချုပ် ဖြစ်သူ ဟင်နရီ အား မိုဟီစ် သည် ၎င်း အသတ်မခံရမီ နှစ်ရက် အလိုတွင် အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက်ပိုင်းတွင်တော့ ဟေတီသည် ပြိုလဲ လိုက်လာခဲ့သည်။ ‌ရွေးကောက်ပွဲ ပြုလုပ်ရမည်ကိုလည်း လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှု များကြောင့်ဟု ယေဘုယျ ပြောဆိုပြီး ရွှေ့ဆိုင်းထားသည်။ ထို့အတွက် နိုင်ငံ တွင် လူထု ရွေးချယ် တင်မြှောက်ခံ ကိုယ်စားလှယ်များ မရှိ ဖြစ်နေသည်။ ဟေတီ နိုင်ငံသားများက ဝန်ကြီးချုပ်အား ရာထူး မှ နှုတ်ထွက်ပေးရန် တောင်းဆိုနေကြသည်။

 

ဤသည်ကို သံယောင်လိုက်၍ ချဲလဲဇီယားသည် ၎င်းကို၎င်း ၁၁.၆ သန်း ရှိ လူထု ရှေ့မှ မားမားရပ်မည့်လူ၊ ရော်ဘင် ဟု၊ ချေဂွေဗားယား နှင့် နှိုင်းယှဉ် ပုံဖေါ် ပြောဆိုလာခဲ့သည်။

 

ချဲလဲဇီယားသည် မြို့တော် ပို့အော် ပရင့်စ်၏ ကျုးကျော် ရပ်ကွက် တခု တွင် လူဖြစ်ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး မွေးချင်း ရှစ်ယောက်တွင် အငယ်ဆုံးလည်း ဖြစ်သည်။ ဖခင် ဖြစ်သူသည် ငယ်စဉ်ကပင် ဆုံးပါးသွား၍ မိခင်သည် ၎င်းတို့အား မြို့တော် လမ်းများ ပေါ်တွင် ကြက်ကြော် လှည့်ရောင်းပြီး လုပ်ကျွေးခဲ့သည်ဟု ပြောပြခဲ့သည်။ သူ့အမည် ဘာဘီကျု သည် ငယ်နာမည် ဖြစ်ပြီး အများ ထင်နေသလို လူများကို မီးရှို့ သတ်ခဲ့ခြင်းကြောင့် မဟုတ်ဟု ဆိုသည်။ အရွယ်ရောက်လာသည့် အခါ ရဲတပ်ဖွဲ့သို့ ဝင်ရောက် အမှုထမ်းခဲ့သည်။

 

သို့သော် ချံလဲဇီယားအား အမှောင်ဖက်သို့ တွန်းပို့လိုက်သည် ကံကြမ္မာ ဖန်လာခဲ့သည်၊ ၂၀၁၈ တွင် လာ ဆာလိုင်း ကျူးကျော် ရပ်ကွက်ကြီး အတွင်း အနည်းဆုံး လူ ၇၁ ဦး သေဆုံးပြီး အိမ်အလုံး ပေါင်း ‌၄၀၀ ခန့် မီးလောင်ပျက်စီးသွားသည့် လူသတ်ပွဲကြီး တွင် ပါဝင်သည်ဟု ဆိုကာ ရဲအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသည်။

 

‌ထို့နောက်တွင်တော့ ပို့အော် ပရင့်စ် တွင် ဖြစ်ပွားသော လူဆိုးဂိုဏ်းများ နှင့် ဆက်နွယ်နေသည့် လူသတ်မှုများ တွင် ပါဝင်ပတ်သက်လာခဲ့သည်။

 

၂၀၂၀ တွင် အထက်တွင် ဖေါ်ပြခဲ့သည့် G9 အဖွဲ့အား နိုင်ငံ အတွင်း ကန့်ကွက် ဆန္ဒပြမှု များ နှင့် ရင်ဆိုင်‌ နေရသည့် သမ္မတ မိုဟီစ် အား ကျားကန်ပေးနိုင်ရန် စည်းရုံး ဖွဲ့စည်းလာခဲ့သည်။

 

အမေရိကန် နှင့် ကုလသမဂ္ဂ မှလည်း လူဆိုးဂိုဏ်း ခေါင်းဆောင်အား စီးပွားရေး အရ ဒဏ်ခတ် ပိတ်ဆို့မှု များ ပြုလုပ်ခဲ့ပြန်သည်။

 

ချဲလဲဇီယား မှ မဖြစ်၍သာ သေနတ်ကိုင် တိုက်နေရခြင်းဟု ပြောလာခဲ့သည်၊ ၎င်းသည် ဟေတီအား ၁၉၅၇ မှ ၁၉၇၁ အထိ ရက်စက်စွာ အုပ်ချုပ်သွားခဲ့သည့် အာဏာရှင် "ပါပါ‌ ဒေ့ါ့ခ်" ခေါ် ဖရန်ဆွာ ဒူဗေလီယာ ကို အားကျနေသူ လည်း ဖြစ်သည်။

 

ချဲလဲဇီယားသည် ဟင်နရီ ရာထူးမှ နှုတ်ထွက်သွားသည့်အခါ ပေါ်ပေါက်လာမည့် ကြားကာလ အစိုးရ အပြင် ကုလသမဂ္ဂ ၏ အခွင့် အာဏာဖြင့် စေလွှတ်ရန် ရှိနေသည့် ကင်ညာ နိုင်ငံမှ လုံခြုံရေး မစ်ရှင် အဖွဲ့ နှင် လည်း ရင်ဆိုင်ရတော့မည် ဖြစ်သည်။

 

သို့သော် ကင်ညာ ခေါင်းဆောင်များက ဟေတီတွင် အစိုးရ အဖွဲ့ မရှိသရွေ့ စေလွှတ်မည် မဟုတ်ဟု ပြောလာသည်။

 

အမေရိကန် မှ ဟေတီတွင် ငြိမ်ဝပ်ပိပြားရေး ပြန် လည် တည်ဆောက်နိုင်ရန် ဒေါ်လာ သန်း ၁၀၀ ကို ကင်ညာ အဖွဲ့ကို ပေးမည်ဟု ဆိုသည်။

 

မည်သို့ပင် ဆိုစေ ချဲလဲဇီယားသည် ကန့်လန့်ကာ နောက်ကွယ်သို့ ဝင်ရောက်သွားမည်ဟု ယူဆ၍ မရပေ။

 

(ဟေတီ စစ်တပ် အား ၁၉၉၅ တွင် အပြီးအပိုင် ဖျက်သိမ်းခဲ့ပြီး ၂၀၁၇ တွင် ပြန်လည် ဖွဲ့စည်းရန် စတင်ခဲ့သည်။)

 

(၂၀၂၄ မတ်လ ၁၂ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Who is Jimmy “Barbecue” Chérizier, Haiti’s most prominent gang leader?" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)