ညီမလေးရယ် စိုးရိမ်မိတယ်

by Hla Soewai - Feb 12 2020

ဆရာ တက္ကသိုလ် ဘုန်းနိုင်၏  ဝတ္ထုရှည်ကြီးမှ ကောက်နှုတ်တင်ပြသည်။

 

(၁)

"စိတ်တော့မရှိပါနဲ့ မောင်သက်တင် ငါသာ ချန်စလာ ဆိုရင် မင်းတို့လို ပြုတ်မနူး စိတ်ကူးယဉ် အောက်ခြေလွတ် ကြက်တူရွေး ဆန်ကုန်
မြေလေး နိုင်ငံရေးသမားတွေကို ကျောတရာ ရင်တရာ ဒဏ်နှစ်ရာ ခတ်ပြီး မြိုင်ရပ်ကို နှင်ပြစ်လိုက်မှာဘဲ...."

သမဂ္ဂ ကျောင်းသား ကိုသက်တင် ဆိုသူက သူ၏ အဖေါ်များအား...

"ခင်ဗျားတို့ အဲ့ဒီလိုသာ ကျောင်းသားအရေးကို ဆောင်ရွက်မယ့်လူတွေ မရှိရင် အကုန်ဒုက္ခရောက်ကုန်မှာပေါ့..."

"ဘုရားရေ....ကလူ ကလူ"

"အင်း...ဒီပုဂ္ဂိုလ်ကြီးတွေ မရှိရင် ဒို့ စာမတတ်တော့ဖူး ထင်ပါရဲ့ "

"ကျွန်တော် ပြောတာ ကျောင်းသား အခွင့်အရေးတွေ ကာကွယ်ဖို့ ပြောတာ"

"ဟ ကောင်ရ....ကျောင်းသား အခွင့်အရေး ကာကွယ်ပေးဘို့ ဆိုတာက ဒို့ အထက်လူတွေက ဒို့ရန်သူတွေမို့လို့ ဒို့ကို တမင်ချုပ်ချယ်နေ
တာ မို့လား၊ ဒို့ အထက်က ဆိုတာက ဒို့ဆရာတွေပဲ မဟုတ်လား၊ အစိုးရက ချုပ်ချယ်ရအောင် ဆိုတာလည်း နိုင်ငံခြား အစိုးရလည်း
မဟုတ်၊ တော်ပါကွာ...မင်းတို့ဟာက တော်တော်ကြာ သားသမီး အခွင့်အရေး ကာကွယ်ရေး၊ မိဘ ဆန့်ကျင်ရေး အဖွဲ့များ ဖွဲ့အုံးမလား မသိဖူး"

"မင်းတို့က ဘာပဲပြောပြော ဒို့ကတော့ ဒို့တက္ကသိုလ်ကို သိတ်လွတ်လပ်တယ် ထင်တယ်၊ လွတ်လပ်လွန်းလို့တောင် ခက်နေသေးတယ်၊
ကျောင်းတက်ချင်တက် မတက်ချင်နေ၊ ဟော က ထွက်ချင်တဲ့ အချိန်ထွက် ဝင်ချင်တဲ့အချိန်ဝင်၊ ဖတ်ချင်တဲ့ စာအုပ်ဖတ်၊ မဖတ်ချင်တဲ့
စာအုပ် လွှင့်ပြစ်၊ ကျောင်းက မှန်တံခါးတွေရိုက်ခွဲချင်ခွဲ မခွဲချင်နေ၊ စာမေးပွဲ ဖြေချင်ဖြေ မဖြေချင်နေ၊ ကျောင်းသူတွေ အဆောင်ရှေ့
သီချင်းအော်ဆိုချင်ဆို ကချင်က၊ ပျင်းသေးလို့ပေါ်ပြုလာ ဖြစ်ချင်သေးတယ်ဆိုရင် အစိုးရကို ကော်ဆဲချင်‌ဆဲ၊ ကော်ဆဲရင်းက ဒီတိုင်း
ပြည်မှာ လွတ်လပ်စွာ ဟောပြောခွင့် မရှိပါဖူးလို့ ပြက်လုံးထုတ်ချင်ထုတ်၊ အေး....အဲ့ဒီ လွတ်လပ်ခွင့်တွေကို တင်းပြည့်ကျပ်ပြေ့ ခံစား
နေကြရတာလဲ မင်းတို့ နိုင်ငံရေး ကျောင်းသား တွေပါ၊ အဲ့ဒီလို လုပ်ချင်ရာ လုပ်ပြီး အချိန်တန် ဘွဲ့မရဘဲ ထမင်းငတ်တော့
မင်း အဘ ဘယ်နိုင်ငံရေးသမားကမှ ထမင်းလာမကျွေးဖူး..."

 

(၂)

 

“ခင်ဗျားမှာ သူငယ်နာ ရောဂါ မစင်သေးဘူး....”

“ဗျာ...”

“ကျောင်းသား တော်တော်များများက ခင်ဗျားလို သူငယ်နာ မစင်တဲ့ ရောဂါ ရတတ်ကြတယ်”

ကိုလှဝေ က မျက်မှောင်တချက် ကြုပ်လိုက်သည်၊ ဘာမှ ပြန်မပြော၊ ကိုမြင့်သူကသာ အေးချမ်းတည်ငြိမ်စွာ ဆက်ပြောနေသည်။

“ခင်ဗျား တို့ ကျွန်တော်တို့လို့ပဲ လူငယ်တွေဟာ တက္ကသိုလ် ရောက်တဲ့ အချိန်နဲ့ လူလားမြောက်တဲ့ အချိန်နဲ့ လာကြုံကြိုက်နေတယ်၊ ခလေးဘဝဟာ စိတ်သဘောအရာရော၊ ရုပ်သဘောအရာရော မျှတညီညွတ်နေတဲ့ အချိန်ဖြစ်တယ်၊ အင်္ဂလိပ်လိုတော့ period of equilibrium လို့ ခေါ်တယ်၊ ကြီးကောင်ဝင် လူလားမြောက်တဲ့ အခိုက်အတန့်မှာ အဲ့ဒီ မျှတညီညွတ်ခြင်း သဘောတရားက ပျက်ယွင်းသွားတယ်၊ လူသစ်စိတ်သစ် ဖြစ်သလို အကြံသစ် ညဏ်သစ် အမြင်သစ်တွေ ဝင်လာတယ်၊ ဒီအချိန်မှာ စိတ်ကူး အယဉ်တတ်ဆုံး၊ စိတ်အပြောင်းအလဲ အမြန်ဆုံး၊ ကိုယ်စွမ်းကိုယ်စကို အပြချင်ဆုံး အချိန် ဖြစ်တယ်၊ လူကြီး ဖြစ်လာမယ့် အချိန်မှာ တသက်စွဲမြဲတော့မယ့် အကျင့် စာရိတ္တနဲ့ စိတ်သဘောထားတွေ စတင်ဖွဲ့စည်း အခြေပြုတဲ့ စပ်ကူးမတ်ကူး အချိန်လည်း ဖြစ်တယ်၊ ကံဆိုးတာက ကျွန်တော်တို့ နိုင်ငံရဲ့ ဟိုက်စကူးကျောင်းနဲ့ တက္ကသိုလ်ကျောင်းတွေမှာ ဒီလို ပုံသွင်းတိုင်းရမယ့် လူငယ်တွေအတွက် အထူး ရွယ်စူးပြီးထားတဲ့အတွက် ညွှန်ကြားပဲ့ပြင်မှု စနစ် မရှိဘူး...”
ကိုမြင့်သူက ရှည်လျားစွာ ရှင်းပြသည်။

“အဲ့ဒါနဲ့ ဘာဆိုင်လို့တုန်း...”

“ဆိုင်တာ ကျွန်တော် ပြောပြပါမယ်၊ ဒီလို လူငယ်တွေကို ပညာပိုင်းဆိုင်ရာ တွေက ခေါင်းဆောင်မှု ပေးဘို့ မေ့လျော့နေတဲ့ အခါမှာ လစ်လပ်နေတဲ့ ခေါင်းဆောင်မှုကို တာဝန်မဲ့ နိုင်ငံရေး သမားတွေက ဝင်ယူလိုက်တယ်၊ ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးသမား အတော်များများဟာ ပါးစပ်က ဘယ်လို အသံကောင်းကောင်းတွေ ဟစ်နေကြပေမယ့် ကျွန်ခေတ်က အမြစ်တွယ်ခဲ့တဲ့ ကျွန်စိတ် ကျွန်ကျင့်တွေ မကုန်ကြသေးဘူး၊ အင်္ဂလိပ်ကို ကော်ဆဲဖို့က လွယ်တယ်၊ နယ်ချဲ့ စနစ်ကြီးကို ရှုတ်ချဘို့က လူတိုင်း လုပ်နိုင်တယ်၊ နိုင်ငံသစ် တည်ထောင်ဖို့ အမြင်သစ် အကျင့်သစ် ရဘို့က သိတ်ခက်တယ်၊ ကျွန်ခေတ် နိုင်ငံရေး ရဲ့ အဓိက ရည်ရွယ်ချက်က မိမိပါတီ အာဏာရရေးသည် ပထမ၊ နိုင်ငံ သို့မဟုတ် ပြည်သူလူထုသည် ဒုတိယ၊ ဒါဟာ ကျွန်စိတ် ကျွန်ကျင့်ရဲ့ အသွင်လက္ခဏာ တခု ဖြစ်တယ်၊ ရှေးတုန်းက လူတွေဟာ အင်္ဂလန်မှာ လုပ်သည်ဆိုတဲ့ အရာမှန်သမျှ အထင်ကြီးကြတယ်၊ အခု လူတော်တော်များကတော့ ရုရှားပြည်မှာ လုပ်သည်ဆိုတဲ့ ကုန်အမှတ်တံဆိပ်ကို ဈေးကြီးပေး ဝယ်နေကြပြန်ပါတယ်၊ နေရာတကာမှာ နိုင်ငံခြားကလာတာကို ဖုံးကွယ်ချင်မှု ဟာလဲ ကျွန်စိတ် ကျွန်ကျင့်ရဲ့ အသွင် လက္ခဏာ တခုဘဲ ဖြစ်တယ်..”

ကိုမြင့်သူက ခေတ္တ စကားကို ခဏ ရပ်နားလိုက်သည်၊ မကျေနပ်သော ကိုလှဝေကသာ မေးခွန်းထပ်မေးလိုက်သည်။

“ခင်ဗျား ပြောနေတာတွေနဲ့ ကျွန်တော်ကို သူငယ်နာ မစင်သေဘူးလို့ စွပ်စွဲတာက ဘာဆိုင်လဲ"

“ဆိုင်တဲ့ အခန်းကို ရောက်ပါတော့မယ်၊ ခုနက ပြောသလို တက္ကသိုလ်ရောက်စ လူငယ်တွေဟာ စိတ်သစ်အမြင်သစ်နဲ့ မိမိတို့ရဲ့ လူမှုပတ်ဝန်းကျင်ကို လှမ်းမြှော် ဆန်းစစ်ကြည့်ကြတယ်။ ဆန်းစစ်ကြည့်တယ် ဆိုပေမယ့် အသက်အရွယ် နဲ့ အတွေ့အကြုံက နုနယ်ကြသေးတော့ နှိုင်းနှိုင်းချိန်ချိန် သုခမိန် ဆိုတဲ့ ပညာရှိရဲ့ မျှတသော ဆန်းစစ်ကြည့်ပုံမျိုးနဲ့တော့ မဟုတ်ဖူး၊ ဝေဖန်မှုလို့ ခပ်ယဉ်ယဉ် အမည်တပ်ထားတဲ့ ဆီလို အပေါက်ရှာ အပြစ်ရှာမှုကိုသာ ပြုကြတယ်၊ ဒီတော့ အဆင်မပြေမှုတွေ၊ မပြည့်ဝမှုတွေ၊ မအောင်မြင်မှုတွေ ဒါတွေကိုပဲ တွေ့ကြတယ်၊ ဒါတွေဟာ ကျွန်တော်တို့ နိုင်ငံမှာ မရှိဖူး မဟုတ်ဖူး ရှိတယ်၊ ဒါပေမယ့် ဒီမနှစ်မြို့မှုတွေဟာ စစ်ပြီးခေတ် နိုင်ငံတွေ၊ အထူးသဖြင့် ‘ထွက်ဟဲ့...ထွက်ဟဲ့ ...ဆိုလို့သာ ထွက်ခဲ့ရ ငါဘာကောင်မှန်းမသိ” ဆိုတဲ့ အခြေမှာ ရှိနေတဲ့ ကိုလိုနီစနစ်က လွတ်မြောက်စနိုင်ငံတိုင်းမှာ မလွှဲမရှောင်သာအောင် ပေါ်ပေါက်နေကြတယ်၊ ဒါတွေ ပေါ်ပေါက်လာတဲ့ အကြောင်းက တကြောင်းမဟုတ်ဖူး၊ အကြောင်းတွေ အများကြီး ရှိတယ်၊ ဖြေရှင်းစရာ နည်းကလည်း တနည်းထဲ လှေနံဓါးထစ် မရှိဘူး၊ အဖုံဖုံ အသွယ်သွယ် ရှိတယ်၊ ဒီအထိ ခင်ဗျား နားလည်တယ်နော်..”

“ဆက်ပါအုန်းလေ..”

“တက္ကသိုလ်က ပညာတတ် လူငယ်လေးတွေဟာ လူငယ်ပီပီ စိတ်မြန်တော့ အမြန် အဖြေဆုံးရမယ့် တခုတည်းသော အချက်အခြာ အကြောင်းကိုသာ ရှာကြည့်ကြတယ်၊ ရောဂါတခုရဲ့ အခြေအမြစ် အသွယ်သွယ်ကို နှိုင်းချိန်စီစစ် ပိုင်းခြားပြတဲ့ ဆရာဝန်ရဲ့ အစီရင်ခံစာထက် မျက်စိတမှိတ် လျှပ်တပြက် အတွင်း ရောဂါစွဲကို ဒက်ကနဲ အမည်ပေးတတ်တဲ့ ပယောဂဆရာရဲ့ စကားကို ပိုမို ယုံကြည်ချင်တဲ့ သဘောပေါ့၊ ဖြေရှင်းဘို့ အတွက် နည်းလမ်းကိုလဲ အရင်လို လမ်းအိုလိုက်တဲ့ တစတစ ပြုပြင်မှုနည်းထက် ဖြတ်လမ်း ဆေးမြီတို သဘောကို နှစ်သက်ကြတယ်၊ ဒီအခါမှာ တာဝန်မဲ့ နိုင်ငံရေးသမားတွေ ဝင်လာတယ်၊ သူတို့တွေက ဗမာပြည်ရဲ့ ဒုက္ခအသွယ်သွယ် ပျောက်ချင်ရင် အကြမ်းဖက် လူတန်းစား တိုက်ပွဲနည်းနဲ့ တော်လှန်ပစ်ရမယ်လို့ ဟောကြားကြတယ်။ သူတို့ရဲ့ ဟောပြောချက်တွေကို တက္ကသိုလ်က လူငယ်တွေဟာ တော်တော်များများ လက်ခံလာကြတယ်၊ အကြောင်းကလဲ ရှိနေတယ်၊ ဒီနေရာမှာ လူငယ် စိတ်ပညာဟာ ဖြေရှင်းဘို့ ဝင်လာတယ်”

ကိုမြင့်သူက စီးကရက်တလိပ်ကို ထုတ်ယူ၍ ကိုလှဝေအား လှမ်းပေးလိုက်သည်၊ ကိုလှဝေက လက်ကာ၍ ငြင်းဆန်သော အခါ မိမိဘာသာ ဖွာညှိသောက်ပြီး စကားကို ဆက်သည်။

“ဒီဆရာကြီးတွေရဲ့ ဆေးမြီးတိုတွေကို လူငယ်တွေ လက်ခံတဲ့ အကြောင်းက ၃ ချက် ရှိတယ်၊ ပထမအချက်က ဘယ်တိုင်းပြည်မှာမဆို ဘယ်ခေတ်မှာမဆို လူငယ်တွေဟာ သူပုန်ဆန်ချင်တဲ့ သဘောရှိတယ်၊ ဒီသဘောကြောင့် တော်လှန်ရေး အမည်တပ်ထားတဲ့ ဝါဒတွေ တော်လှန်ရေး ဘက်တော်သားလို့ အမည်ခံထားတဲ့ လူတွေကို အထင်ကြီး ကိုးကွယ်ချင်တဲ့ အကျင့် ရလာတတ်တယ်။ ဒီအကျင့်ဟာဘဲ လူငယ်တွေရဲ့ ဖက်ရှင် ဖြစ်လာတတ်တယ်၊ ဒုတိယ အချက်က ပညာတတ်တဲ့ လူငယ်တွေမှာ တနည်းအားဖြင့် ကြည်ညိုဖွယ်ကောင်းတဲ့ စိတ်ဓာတ် တခုရှိတယ်၊ သူတို့ဟာ အာဏာရနေတဲ့ အုပ်ချုပ်နေသူတွေရဲ့ စကားတွေ ဝါဒတွေဟာ ဘယ်လောက်ပဲ မှန်နေပစေ လိုက်နာဘို့ ထောက်ခံဘို့အတွက် လိပ်ပြာမသန့် ဖြစ်တတ်တယ်၊ လိုက်နာထောက်ခံခြင်းဟာ အချောင်သမားဆန်တယ်၊ မျက်နှာလို အားရပြုတယ်လို့ ထင်တတ်ကြတယ် သူရဲကောင်းဆန်နည်း တမျိုးပေါ့၊ အဲ့ဒီ ၂ ချက်ကို ကျွန်တော်က သူငယ်နာရောဂါလို့ ခေါ်တယ်”

ကိုလှဝေက ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏၊ နောက် “အဲ့ဒီ နှစ်ချက်ဟာ ကျွန်တော် ကိုယ်တွေ့ နဲ့ ကိုက်လွန်းသဗျို့”

“နောက်ဆုံး အချက်ကတော့ ဗမာပြည်က ကျောင်းသားတွေနဲ့ ပိုဆိုင်တယ်၊ ဒီတဇောက်ကန်းဝါဒကို လက်ခံကြတဲ့ ကျောင်းသား အများဟာ နယ်က ကျောင်းသားတွေ များတယ်၊ သူတို့တွေဟာ နယ်မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ အထွေထွေမှာ မကျေနပ်စရာ အဆင်မပြေတာတွေ၊ အမှုထမ်းတွေ၊ အာဏာရ အဖွဲ့ရဲ့ ဘက်တော်သားတွေရဲ့ အောက်ခြေလွတ်မှုတွေကို ခံစားခဲ့ကြရတယ်၊ သူတို့မှာ မခံချင်စိတ်တွေ၊ ဒေါသတရားတွေဟာ အပြည့်ပါလာကြတယ်၊ စိတ်ပညာသဘောကတော့ သူတို့တတွေကို ဆောက်တည်ရာ မရ ဖြစ်နေသူတွေကို ခေါ်တယ်၊ ဆောက်တည်ရာ မရ ဖြစ်နေသူတွေ အတွက် တဇောက်ကန်းဝါဒ အမြစ်တွယ်ဘို့ဟာ အင်မတန် လွယ်တယ်၊ လူငယ်တော်တော်များများ ဆူပူနေကြတာတွေဟာ ဝါဒသဘောတရား ရေးရာတွေကြောင့်ထက် အစိုးရနဲ့ အာဏာပိုင်တွေကို ဆဲဆိုနေရတာ အရသာကို တွေ့နေကြလို့ ဖြစ်တယ်”

“ခင်ဗျား ဒါတွေကို ဘယ်နှယ်လုပ် ဖြေရှင်းမလဲ”

“ဖြေရှင်းဘို့က မလွယ်ဘူး၊ ဒါပေမယ့် နည်းလမ်းရှိပါတယ်၊ တလမ်းက ပညာပေးဘို့၊ တလမ်းက စည်းကမ်းကိုင်ပေးဘို့၊ ပညာဆိုတာ သင်ရိုးမာတိကာတွေထဲက ဟာတွေချည်းပဲ ဆရာတွေဟာ သင်မနေဘဲ လူငယ်တွေနဲ့ လက်ပွန်းတတီး ပေါင်းရမယ်၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမယ်၊ မုန်းမှာကို မကြောက်ပဲ အမှန်ကို ပြောရဲရမယ်၊ စည်းကမ်းကိုင်ပေးဖို့ ဆိုတာကလဲ ချူတ်ချယ်ဘို့ မဟုတ်ဖူး၊ ဥပဒေဘောင်အတွင်းကနေ ထိန်းသိမ်းကြပ်မတ်ပေးဘို့ပဲ၊ နိုင်ငံရေးသမားတွေကလဲ တခါက တက္ကသိုလ် အဓိပတိကြီး ပြောသလို လက်ရှောင်ပေးဘို့ ကောင်းတယ်၊ လူငယ်တွေကို ဆူနည်းပူနည်း စည်းကမ်းဖျက်နည်းတွေကို သင်ပေးနေတာတွေကို ရပ်တန်းက ရပ်ပစ်သင့်ပြီ၊ လက်ရှိ အစိုးရဘဲ မြဲနေနေ၊ အတိုက်အခံဘဲ တက်တက်၊ဘယ်ဝါဒတွေနဲ့ပဲ တိုင်းပြည်ပြုပြု၊ ဒီလူငယ်တွေလေးတွေကိုဘဲ အားကိုးရမှာဘဲ၊ ဒီလူငယ်လေးတွေကို နိုင်ငံရေးစကားလုံးကြီးကြီး သုံးတတ်ဖို့၊ နိုင်ငံရေး လှုံ့ဆော် စည်းရုံးနည်းတွေ တတ်ဖို့ကိုချည်း အားပေးနေရင် အနာဂတ် ဗမာပြည်မှာ လေလုံးသာ ထွားတတ်ပြီး တိုင်းပြည်ပြု လုပ်ငန်း ဘာမှ မတတ်တဲ့ ခေါင်းဆောင်တွေနဲ့သာ ပြည့်နေမှာပဲ၊ ဒါဟာ အခုခေတ်ရဲ့ အခက်အခဲတွင် မဟုတ်ဖူး၊ အနာဂတ် အန္တရာယ် လဲ ဖြစ်တယ်။ လူငယ်တွေကိုယ်နှိုက်ကလဲ ပြုပြင်လွယ်သော စိတ်မွေးမြူပြီး တဖက်သတ် ဝါဒစွဲတွေကို မျက်စိကန်း လက်မခံဘဲ အခြေအနေ အတွေ့အကြုံ စသည်တွေနဲ့ နှိုင်းချိန် သုံးသပ်ကြည့်ဖို့ လိုနေတယ်၊ ဒီမှာ ကိုလှဝေ အဲ့ဒီလို နှိုင်းချိန် သုံးသပ်မှု မရှိရင် လူငယ်တွေဟာ ဘာဖြစ်သွားမလဲ”

ကိုလှဝေက ဒုတိယအကြိမ် မျက်မှောင်ကြုတ်ကာ သူ့အား လှမ်းကြည့်လိုက်ပြန်သည်။

“ဘာဖြစ်သွားမလဲ”

“ဘာဖြစ်သွားမလဲ ဆိုတော ခင်ဗျားလို ရှင်ရက်နဲ့ သေသွားနိုင်တယ်”

 

(၃)

 

“မောင်သက်တင်၊ ဘာတွေတွေးနေသလဲ...”

သူက အသာပြုံးရင်း မောင်သက်တင်အား လှည့်ကြည့်မေးလိုက်သည်။

မောင်သက်တင်က မရယ်မပြုံးနှင့် သူ့အား တချက်ပြန်ကြည့်လိုက်ပြီး ဖြေသည်။

“ဖက်ဆစ်နှိပ်ကွပ်မှုကြီး တက္ကသိုလ်နယ်ထဲဝင်လာတာကို တွေးနေတာဆရာ..”

မေရီက မောင်သက်တင်အား လှမ်းကြည့်လိုက်သည်။ ကိုမြင့်သူမှာလည်း မျက်လုံးပြူးသွား၏။

“ဒီအစိုးရဟာ ပြည်သူလူထုကို ဖိနှိပ်ခဲ့ တယ်။ အခု သူတို့ ရဲ့ ဖိနှိပ်မှုမြားဦးဟာ ကျောင်းသားတွေဘက် လှဲ့ လာဘီ။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ သပိတ်မှောက်နိုင်ခွင့်ရှိတယ်။ နယ်ချဲ့အင်္ဂလိပ်တောင် သပိတ် မှောက်ကျောင်းသားတွေကို ဒီလောက် မရက်စက်ခဲ့ဘူး...”

မောင်သက်တင်၏အသံမှာ ပြောရင်း မာလာသည်။ နံနက်ကထဲက အုံကြွပေါက်ကွဲခဲ့ သော ဒေါသ အရှိန်မှာ မပြေသေး။ သူက သူ့စိတ်တွင်ရှိသမျှကို ဖွင့်ဟအန်ချချင်နေသည်။ တတ်နိုင်လျှင် မော်တော်ကားခေါင်မိုးပေါ် တက်လျက်၊ တမြို့လုံးအား တိုင်တည်လိုက်ချင်သည်။ ။

“အခု လက်နက်ကိုင် ရဲသားတွေနဲ့ မောင်သက်တင်တို့ကို အရေးယူတာ သပိတ်မှောက်လို့ လို့ မောင်သက်တင်က ယူဆသလား..”

ကိုမြင့်သူက တည်ငြိမ်စွာမေးလိုက်သဖြင့် မောင်သက်တင်မှာ အံ့သြသွားသည်။

“ခင်ဗျာ...”

“ဆရာ့အမြင်ကတော့ အခုလို အစိုးရဝင်စွက်ရတာဟာ သပိတ်မှောက်လို့ မဟုတ်ဖူး။ ဥပဒေကို ထိန်းသိမ်းဘို့ သာ ဖြစ်တယ်ထင်တယ်”

“ကျွန်တော်တို့က ဘယ်လိုများ ဥပဒေတွေကို ချိုးဖေါက်နေလို့ လဲ ဆရာ...”

“ဆရာထင်တဲ့ အတိုင်းပါဘဲ၊ မောင်သက်တင်တို့ ဟာ မောင်သက်တင်တို့ ဘာလုပ်ခဲ့တယ်ဆိုတာ မသိဘူး။ ဒီနေ့ အထိ ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားကြည့်စမ်း။ ဆူပူမှုတွေ၊ လှုံ့ဆော်မှုတွေ၊ ရန်စောင်မှု တွေ ချည်းဘဲ။ အဆိုးဆုံးကတော့ မဲပုံရိုက်ခွဲပြီး ရွေးကောက်ပွဲကို ပျက်စေလိုက်တာဘဲ။ ဒီလောက် ဥပဒေမဲ့ အကြမ်းဖက်ချင်တိုင်း ဖက်နေတာကို တာဝန်ရှိတဲ့ ဘယ်အစိုးရမဆို လက်ပိုက်ကြည့်မနေ နိုင်ဘူး။ မောင်သက်တင်လဲ စဉ်းစားကြည့်လေ”

“မဲပုံးကို ခွဲရတာပေါ့ ဆရာ။ သူတို့ဘက်က မဲခိုးတာကိုး”

“မဲခိုးတဲ့ လူကို ဆရာ ခွင့်မလွှတ်ပါဘူး။ မဲခိုးတဲ့ လူဟာလဲ ဒီမိုကရေစီကို လုပ်ကြံတဲ့ လူဘဲ။ သူတို့ က မဲခိုးရမလားဆိုပြီး ကိုယ်က မဲပုံရိုက်ခွဲတာဟာလဲ ဒီမိုကရေစီကို ဖျက်ဆီးတာပါဘဲ။ သူသတ်ရင် ကိုယ်ပြန်သတ်မယ်၊ သူမိုက်ရင် ကိုယ်ပြန်မိုက်မယ်ဆိုတာဟာ ဥပဒေနိုင်ငံသားတို့ ရဲ့ အပြုအမူ မဟုတ် ဖူး။ တောတွင်းလူရိုင်းတွေရဲ့ စရိုက်သာ ဖြစ်တယ်”

“ဆရာ ကျွန်တော်တို့ ကို အပြစ်တင်နေသလား”

“ကျွန်တော်တို့ ကိုဆိုတာ မောင်သက်တင် ဘယ်သူတွေကို ဆိုလိုသလဲ။ ဟုတ်တယ်၊ ဆရာ အပြစ်တင် နေတယ်၊ အပြစ်တင်ရုံမကဘူး ရှုတ်ချ နေတာ။ ဒါပေမယ့် ကျောင်းသားတွေကိုမဟုတ်ဖူး၊ ကျောင်းသား အရေခြုံထားတဲ့ မင်းတို့ အဖွဲ့ ကရော၊ မင်းတို့ အဖွဲ့ ရဲ့ အတိုက်အခံကရော နိုင်ငံရေးသမားတွေကိုပါ။
အပြုသဘော လုံးဝနားမလည်တဲ့ ဖျက်ဖို့ သာနားလယ်တဲ့ ပင်ဒိုရာဘောက်(စ်) (Pandora’s Box) နိုင်ငံရေးသမား လေးတွေကို ရှုတ်ချနေတာ”

မောင်သက်တင်၏ မျက်နှာလေးမှာ ပျက်သွားသည်။

“ပင်ဒိုရာဘောက်(စ်) ဆိုတာ မောင်သက်တင်ကြားဘူးလား။ မကြားဘူးရင် ဆရာပြောပြမယ်။ ဒါ... ခေါမပုံပြင်ကလာတဲ့ စကားတခုဘဲ။ တခါက ဘုရားမေ့ တရားမေ့နဲ့ စည်းစိမ်ယစ်မူး အပျော်ကြူးပြီး မတရားမှုတွေပြုနေတဲ့ ဘုရင်တပါးကိုဆုံးမဘို့ ဂျူပီတာဆိုတဲ့ နတ်ဘုရင်ကြီးက ပင်ဒိုရာဆိုတဲ့ မိန်းမတဦးကို သေတ္တာလေးတလုံး အဲဒီဘုရင်မိုက်ကို ဆက်ခိုင်းလိုက်တယ်။ ဘုရင်ဟာ အဲဒီသေတ္တာလေးကို ဖွင့်လဲဖွင့်လိုက်ရော သေတ္တာထဲကနေ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ မကောင်း တဲ့ အမင်္ဂလာသဘောတွေဟာ တကမ္ဘာလုံး ပြန်နှံသွားရသတဲ့။ ဒီနေ့ တက္ကသိုလ်မှာရှိတဲ့ နိုင်ငံရေး ဟာ ပင်ဒိုရာဘောက်စ် နိုင်ငံရေးဘဲ။ ဒီနိုင်ငံရေးဝင်လာကထဲက အေးချမ်းသာယာတဲ့ တက္ကသိုလ် နယ်မြေဟာ ဆူပူမှုတွေ၊ ရိုင်းစိုင်းမှုတွေ၊ အကြမ်းဖက်မှုတွေ စည်းကမ်းမဲ့ မှုတွေရဲ့ လွှမ်းမိုးခြင်းကို ခံရ တာဘဲ”

မေရီမှာ မောင်သက်တင်အားတလှည့် ကိုမြင့်သူအားတလှည့် မျက်လုံးလေး အကြောင်သားနှင့် ကြည့် နေမိသည်။ တယောထိုးစဉ် ပျော့ပျောင်းသမျှ ယခုမူ ခက်ထန်နေသော မောင်သက်တင်ကို၄င်း၊ အခါ တိုင်း၌ စကားကို အေးအေးနှင့်ပျော့ပျော့ ပြောလေ့ရှိရာမှ ယခုမူ ပြတ်ပြတ်သားသားနှင့် အားမနာတမ်း ပြောနေသော ကိုမြင့်သူကို၄င်း မေရီမှာ အထူးပင်အံ့သြနေမိ၏။

“ဒီမှာမောင်သက်တင်၊ တက္ကသိုလ်ပညာရေးရဲ့ ရယ်ရွည်ချက်ဟာ ကျောင်းသားတွေကို စာသင်ပေးဘို့ ၊ အသက်မွေးဝမ်းကျောင်း ပညာပေးဘို့ တင်မကဘူး။ ကျောင်းသားတွေကို ဒီမိုကရေစီအခွင့်အရေးနဲ့ ဒီမိုကရေစီစည်းကမ်းတွေကို မျှမျှတတ ခံစားတတ်ကြဘို့၊ လိုက်နာတတ်ကြဘို့ လက်တွေ့ သွန်သင် ပေးရေးလဲ ပါတယ်၊ ဒီမိုကရေစီကို အောင်မြင်စွာ ကျင့်သုံးနိုင်ဘို့ က သည်းခံမှု နားလည်မှု ခွင့်လွှတ်မှု ဆိုတဲ့ အကျင့်သဘောတွေကို မွေးမြူလက်ခံနိုင်ရမယ်”

မောင်သက်တင်က ယဲ့ယဲ့ ပြုံးလိုက်သည်။ “ဆရာပြောနေတဲ့ ဒီမိုကရေစီက စိတ်ကူးယဉ် ဒီမိုကရေစီဘဲ၊ လက်တွေ့မှာက ဓနရှင်တွေ စိတ်ကြိုက် ချယ်လှယ်နေတဲ့ ဒီမိုကရေစီသာရှိတယ်။ ကျွန်တော်က ဒီ ဒီမိုကရေစီမျိုးကို မယုံဘူး”

“ဘယ်ဒီမိုကရေစီမျိုးကို ယုံလဲ”

“ပြည်သူ့ ဒီမိုကရေစီ”

“ပြည်သူ့ ဒီမိုကရေစီဆိုတာ ဘာလဲ”

မောင်သက်တင်မှာ တွေသွားသည်။ ရုတ်တရက် အဖြေမပေးနိုင်ဘဲ ငိုင်နေ၏။ ကိုမြင့်သူက မောင်သက်တင်အား စူးစိုက်ကြည့်ရင်းမှ မောင်သက်တင်၏ အခက်အခဲကို ရိပ်မိသည်။ ထို့ ကြောင့်ပင် စကားကို ဆက်ပြောရာ၌ သူ့အသံမှာ အပြန်အလှန် ဝေဖန်ဆွေးနွေးသော ဝတ်လုံတော်ရ၏ လေသံထက် သွန်သင်ဆုံးမသော ဆရာသမား၏ လေသံနှင့် တူညီလာကာ ပျော့ပြောင်းနေ၏။

“မောင်သက်တင်အစား ဆရာကဘဲ အဖြေပေးပါ့မယ်။ ကွန်မြူနစ်တွေတွေးခေါ်ပုံက အရင်းရှင်တွေဟာ စီးပွားရေးအာဏာကို ချုပ်ကိုင်ထားတယ်။ ဒီလို စီးပွားရေးအာဏာကို ချုပ်ကိုင်နိုင်တဲ့ အရင်းရှင် တွေဟာ အစိုးရနဲ့ နိုင်ငံတော်ကိုလဲ ထင်သလို ချယ်လှယ်နိုင်ကြတယ်။ ပြီးတော့ သူတို့ ဟာ သတင်းစာ၊ ရေဒီယိုနဲ့ တကွ အခြား ဝါဒဖြန့်ချီရေးလက်နက်တွေကိုလဲ လက်ထဲဆုပ်ထားနိုင်တာမို့ ရွေးကောက်ပွဲတွေမှာ အနိုင်ရဘို့ ပြည်သူလူထုကို မိမိတို့ အလိုကျ မှိုင်းတိုက်အငိုက်ဖမ်းနိုင်တယ်။ ဒီလို အထက်စီးရထားတာမို့ အစိုးရအာဏာနဲ့ နိုင်ငံတော်အာဏာကို အရင်းရှင်တွေ အပိုင်စီးနိုင်တယ်။ ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေးလို့ အမည်ပေးထားပေမယ့် အရင်းရှင်နိုင်ငံတွေကို စတော့ အိတ်စ်ချိန်း နဲ့ ဘဏ်တိုက်ကြီးတွေက လက်တွေ့ အုပ်ချုပ်နေတယ်။ ဒါကြောင့်မို့ ပါလီမန်ဒီမိုကရေစီဟာ အရင်းရှင်ဘူဗျာတွေရဲ့ အတုအယောင် ဒီမိုကရေစီမျှသာဖြစ်တယ်။ ဟုတ်တယ်မဟုတ်လား...”

မောင်သက်တင်သည် အံ့ဩသယောင်နှင့် ကိုမြင့်သူအား မော်ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“တနည်းအားဖြင့် မာ့က်စ်ဝါဒီတွေဟာ နိုင်ငံရေးအဖွဲ့ အစည်းမှန်သမျှဟာ စီးပွားရေးရာ လူတန်းစား အသီးသီးကို ကိုယ်စားပြုထားတယ်လို့ ယုံကြည်တယ်။ တခါ စီးပွားရေးရာ လူတန်းစားဟာ နှစ်မျိုးဘဲ ရှိတာမို့ နိုင်ငံရေးအဖွဲ့ အစည်းဟာလဲ နှစ်မျိုးဘဲရှိရမယ်လို့ တွက်ကြပြန်တယ်။ ကွန်မြူနစ်ပါတီက ပစ္စည်းမဲ့ လူတန်းစားကို ကိုယ်စားပြုတယ်။ ကျန်ပါတီမှန်သမျှဟာ အရင်းရှင်ဘူဇွာတွေရဲ့ လက်ကိုင် တုတ် မျှသာဖြစ်တယ်။ ဒါကြောင့်မို့ တော်လှန်ရေးနည်းနဲ့ အာဏာသိမ်းပြီး ကွန်မြူနစ်ပါတီဟာ တခြားပါတီတွေကို ကျူပင်ခုတ် ကျူငုတ်မကျန်အောင် သုတ်သင်ပြီး တိုင်းပြည်ကို တပါတီစံနစ်နဲ့ အုပ်ချုပ်မယ်၊ အဲဒီလို ကွန်မြူနစ်တပါတီထဲ ကြီးစိုးအုပ်ချုပ်တဲ့ နိုင်ငံကိုမှ တကယ့် ပြည်သူ့ ဒီမိုကရေစီ နိုင်ငံခေါ်တယ်၊ ဟုတ်တယ်မဟုတ်လား...”

မောင်သက်တင်မှာ ခေါင်းညိတ်လိုက်ရပြန်သည်။

“ဆရာ့အနေနဲ့ ကွန်မြူနစ်ဆိုတဲ့ လူတွေနဲ့ ကွန်မြူနစ်နောက်လိုက် ရောယောင်လေးတွေရဲ့ ခေါင်းထဲ မှာ ဦးနှောက်မှ ရှိပါသေးရဲ့ လားလို့ အံ့သြမိတယ်။ ကမ္ဘာ့သမိုင်းမှာ တပါတီအုပ်ချုပ်မှုကို အာဏာရှင် စနစ်မို့လို့ အကြိမ်ကြိမ်တော်လှန်ပြီး အတိုက်အခံရှိတဲ့ ပါလီမာန်ဒီမိုကရေစီစံနစ်ကို သွေးတွေ အသက်တွေနဲ့ ရင်းပြီး တည်ထောင်ခဲ့ကြရတယ်။ လူမှန်ရင် ဘုရားအလောင်း သူတော်ကောင်းတွေ
မဟုတ်လို့ လူတဦးထဲ တဖွဲ့ ထဲလက်ထဲမှာ ဘယ်သူမှ အာဏာကို ပုံမအပ်ရဲဘူး။ ဒီအစဉ်အလာကို ပြောင်းပြန်ပြန်ပြီး တပါတီအုပ်ချုပ်ရေးကို ထောင်ချင်တာဟာ ရာဇဝင်ခရီးကို နောက်ပြန်ပြန်ရောက် တာနဲ့ အတူတူဘဲ..”

ဤအကြိမ်တွင်မူ မောင်သက်တင်မှာ ခေါင်းမညိတ်နိုင်၊ ငိုင်၍သာနေသည်။ ကိုမြင့်သူကသာ မေးခွန်း တခု ဆက်ထုတ်လိုက်သည်။

“ဒီမိုကရေစီဆိုတာ ဘာလဲ မောင်သက်တင်”

“ပြည်သူလူထုထံက ဆင်းသက်လာတဲ့ အာဏာအရ အုပ်ချုပ်တာပေါ့...”

“ဒါတွင်ဘဲလား.....” မောင်သက်တင်က တကြိမ် ကိုမြင့်သူအား မော့ကြည့်လိုက်ပြန်သည်။

သူ့မျက်နှာလေးမှာ မတင်းမာ တော့ဘဲ စိတ်အားပျော့ညံ့သည့်သဏ္ဍာန် ပေါ်နေသည်။ မောင်သက်တင် မဖြေနိုင်မှန်းသိသဖြင့် ကိုမြင့်သူက ဆက်ရှင်းပြသည်။

 

 

(၄)

 

သူ့မျက်နှာလေးမှာ မတင်းမာ တော့ဘဲ စိတ်အားပျော့ညံ့သည့်သဏ္ဍာန် ပေါ်နေသည်။ မောင်သက်တင် မဖြေနိုင်မှန်းသိသဖြင့် ကိုမြင့်သူက ဆက်ရှင်းပြသည်။

“ဒီမိုကရေစီကို သုံးမျိုးသုံးစား ယူဆနိုင်တယ်။ ခုနက မောင်သက်တင်ဖြေခဲ့ တာက နိုင်ငံရေးရာ ဒီမိုကရေစီဘဲ။ လူမှုရေးရာ ဒီမိုကရေစီလဲ ရှိသေးတယ်။ တရားမျှတမှု၊ လုံခြုံပြည့်ဝမှု၊ လူချင်းတူညီမှု စတဲ့ သဘောတွေပေါ့။ တခါ ဒီမိုကရေစီ ဆိုတာကို လူတွေရဲ့ စိတ်နေသဘောထားအဖြစ်လဲ ပြဆိုသေးတယ်။ စိတ်ရှည်မှု၊ သည်းခံမှု၊ ခွင့်လွှတ်မှုသဘောတွေ အကျုံးဝင်တယ်။ လူများစုမို့ ထင်တာ လုပ်မယ် ဆိုတာဟာလဲ ဒီမိုကရေစီမဟုတ်ဖူး၊ အကြမ်းဖက်တဲ့ လူနည်းစုဟာလဲ ဒီမိုကရေစီကို လုပ်ကြံသူတွေဘဲ။ မောင်သက်တင် မြန်မာပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဖတ်ဖူးလား”

မောင်သက်တင်က မဖြေ။ သူသည် နိုင်ငံခြားမှတင်ပို့သော စာအုပ်စာတမ်းများကို ဖတ်ဖူးသော်လည်း နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား တကြိမ်မျှ မလေ့လာဘူး။ ကိုမြင့်သူက မေးသော အခါမှ မိမိချွတ်ယွင်းချက်ကို ရိပ်မိကာ ရှက်စိတ်ဝင်မိ၍ ခေါင်းမဖေါ်ချေ။

“တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများကို အခြေပြုကာ လူသတ္တဝါခပ်သိမ်းတို့ ၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင် ထိန်းသိမ်းရန် သန္နိဌာန် ချ၍၄င်း..... ဆိုတဲ့ စာပိုဒ်ဟာ ဆရာတို့ ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နိဒါန်းမှာ ပါတယ်။ အဲဒီ ဖေါ်ပြထားတဲ့ လောကပါလတရား၊ ဗြဟ္မစိုရ်တရားတွေဟာသာ ဒီမိုကရေစီ မြတ်ပန်းပင် ရှင်လန်း သန်စွမ်းနိုင်တဲ့ မြေကောင်းမြေသန့်ဖြစ်တယ်။ ဒေါသအာဃာတတရား ပြင်းထန်တဲ့ အကြမ်းဖက်
ကွန်မြူနစ်ဝါဒနဲ့ ဒီမိုကရေစီဟာ ပြဒါးတလမ်း သံတလမ်းဘဲ။ အီးအင်မ်ဖောစတား ဆိုတဲ့ ပညာရှင်ကြီးက ဒီမိုကရေစီဝါဒမှာ အဓိက မြတ်နိုးဘယ်နှစ်ချက် ရှိတယ်လို့ ဆိုတယ်။ တချက်က ဒီမိုကရေစီဟာ ကွဲပြားခြားနားခြင်းကို ခွင့်ပြုသည်းခံတယ်။ နောက်တချက်က ဒီမိုကရေစီဟာ ဝေဖန်မှုကို အားပေးလက်ခံတယ်။ ဒီလိုသဘောရှိတဲ့ ဒီမိုကရေစီဟာ တပါတီစိုးမိုးမှုကိုသာ လက်ခံတဲ့ ကွန်မြူနစ်နိုင်ငံတွေမှာ ရှိတယ်လို့ ယုံနေသူဟာ သွက်သွက်ခါရူးနေတဲ့ လူရင်လဲဖြစ်ရမယ်။ စဉ်းစားဉာဏ်မရှိတဲ့ ဦးနှောက်မဲ့သူသာ ဖြစ်ရမယ်။ ဘယ့်နှယ်လဲ”

“ဒါဖြင့် ဆရာက အရင်းရှင်နိုင်ငံတွေက ဒီမိုကရေစီကိုမှ အစစ်လို့ ဆိုလိုသလား”

ကိုမြင့်သူက အသာပြုံးရင်း ခေါင်းခါလိုက်သည်။

“အရင်းရှင် စီးပွားရေးဝါဒဟာ ခေတ်ကုန်နေသလို အရင်းရှင်နိုင်ငံတွေက ဒီမိုကရေစီတွေဟာလဲ မပြည့်စုံတော့ ဘူး။ ကမ္ဘာ့ သမိုင်းကို လေ့လာဘူးရင် အခု ဆရာပြောမယ် စကားတွေကို မောင်သက်တင် ပိုနားလယ်လိမ့်မယ်။ ရောမမြို့တော်ဟာ တနေ့ထဲနဲ့ ဆောက်ခဲ့ တာမဟုတ်... ဆိုတဲ့ စကားပုံကို ကြားဘူးတယ်မဟုတ်လား။ သာယာပြည့်ဝတဲ့ လူ့လောကကို ရာဇဝင်အဆက်ဆက်သာ တည်ဆောက်လို့ ရမယ်။ ၁၈-ရာစု ၁၉-ရာစုနှစ်တွေမှာ လူသားတွေဟာ သက်ဦးဆံပိုင် ဘုရင်တွေ မှူးမတ် အာဏာရှင်တွေရဲ့ လက်အောက်ကနေ တော်လှန်ထွက်ခဲ့ကြတယ်။ ဒီခေတ်တွေတုန်းက လူသားကို နိုင်ငံရေးရာသတ္တဝါအဖြစ်ပဲ မြင်ကြတယ်။ နိုင်ငံရေးရာ ချုပ်ချယ်မှုတွေ ပြင်းထန်ဆဲမို့ နိုင်ငံရေးလွတ်လပ်မှုကိုသာ အာသာငမ်းငမ်း တိုက်ယူကြပြီး အိတ်က်စ်ပရက်ရှင်နစ်တ် စတိတ် ဆိုတဲ့ ပြည်သူပြည်သားတွေရဲ့ လွတ်လပ်ခွင့်ကို နှစ်သက်ရာအစိုးရကို မဲနဲ့ ရွေးချယ် တင်မြှောက်ခြင်းဖြင့် ဖေါ်ပြနိုင်စွမ်းရှိတဲ့ နိုင်ငံမျိုးတွေကိုသာ တည်ဆောက်ကြတယ်။ မောင်သက်တင် နားလယ်ရဲ့ လား..”

“နားလယ်ပါတယ်ဆရာ..”

“ဒါပေမယ့် လူသားဟာ နိုင်ငံရေးသတ္တဝါဖြစ်သလို စီးပွားရေးသတ္တဝါလဲ ဖြစ်သေးတယ်။ သာယာသောလူ့ဘောင် တည်ဆောက်နိုင်ဘို့ က လူသားတို့ ရဲ့ နိုင်ငံရေးလွတ်လပ်ခွင့် သာမက စီးပွားရေး တရားမျှတမှုကိုပါ ပေးစွမ်းနိုင်ရမယ်၊ ဒီသဘောကို ၁၉-ရာစုနှစ်တွေမှာ ထိုက်သင့် သလောက် အလေးမပြုခဲ့ ကြဘူး။ ရှေးအခါတွေက ပြည်ပိုင်အစိုးရတွေရဲ့ ချုပ်ချယ်မှုကို တော်လှန်ခဲ့ ကြတဲ့ လူတွေဟာ ပြည်သူလူထုရဲ့ အရေးကိစ္စမှန်သမျှမှာ အစိုးရဝင်စွက်မှာ အလွန်ရွံ့မုန်းကြတယ်။ ဥပမာ အမေရိကန်တွေအနေနဲ့ ဂျက်ဖာဆင်ပြောခဲ့တဲ့ “အကောင်းဆုံးအစိုးရဟာ အစိုးမရဆုံးသော အစိုးရသာတည်း” ဆိုတဲ့ ဆောင်ပုဒ်ကို အသဲစွဲမှတ်ထားကြတယ်။ ဒါကြောင့်မို့ အမေရိကန်တွေနဲ့ အနောက်ဥရောပ နိုင်ငံသားတွေဟာ စီးပွားရေးကို အစိုးရက ဝင်စွက်ချယ်လှယ်တာထက် “လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သော ဈေး” သဘောက ဒါဟာ အရင်းရှင်ဝါဒရဲ့ သဘောတခုဘဲ။ မောင်သက်တင် သဘောပေါက်တယ်နော်...”

 

“ပေါက်ပါတယ်ဆရာ...”

“လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သောဈေး... သဘောဟာ စာတွေ့မှာ ဘယ်လိုကောင်းခဲ့ပေမယ့် လက်တွေ့ မှာ ပထမနဲ့ ဒုတိယကမ္ဘာစစ်ကြီးတွေလို လက်နက်ကိုင်ယှဉ်ပြိုင်မှုကြီးတွေ ၁၉၃၀-ခု ကမ္ဘာ့စီးပွားရေး ကပ်ကြီးလို ထိန်းမနိုင်သိမ်းမရ ဖြစ်မှုတွေကို ပေါ်ပေါက်စေခဲ့ တယ်။ ဒါကြောင့်မို့ ပြည်တွင်းစီးပွား ရေး ကိုသာမက ကမ္ဘာ့ စီးပွားရေးကိုပါ မျှတညီညွတ်အောင် စိတ်ကောင်းစေတနာနဲ့ အာဏာပိုင်တဲ့ အဖွဲ့ တဖွဲ့ က ထိန်းသိမ်းပဲပြင် စီမံခန့် ခွဲရမယ်ဆိုတဲ့ အယူအဆဟာ ပေါ်လာခဲ့တယ်။ ဒီလို ထိန်းသိမ်းပဲ ပြင် စီမံခန့် ခွဲတဲ့ အာဏာပိုင်အဖွဲ့ ဟာလဲ ပြည်တွင်းစီးပွားရေး၊ ကမ္ဘာ့ စီပွားရေးကို လုပ်အားဉာဏ်အားနဲ့ တကယ်လက်တွေ့ ဖန်တီးအကျိုးပြုပေးနေတဲ့ အလုပ်သမားများကိုသာ ကိုယ်စားပြု ရမယ်။ လက်တဆုပ်စာလူနဲစု ကိုယ်ကျိုးရှာသမားတွေ မဖြစ်ရဘူး။ ဒီအယူအဆဟာ ဆိုရှယ်လစ်ဝါဒရဲ့ အခြေခံဖြစ်တယ်၊ ရှင်းရဲ့ လား...”

“ရှင်းပါတယ်ဆရာ...”

“အဲဒီရည်ရွယ်ချက် အောင်ဘို့က ဒီအလုပ်သမားတွေဟာ နိုင်ငံတိုင်းမှာ နိုင်ငံရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြဌာန်းနိုင်ခွင့်အာဏာတွေ ရရမယ်၊ ဘယ်လိုနည်းနဲ့ အာဏာယူမလဲ။ ဒီနေရာမှာ ကားလ်မက်စ်က အကြမ်းဖက်တော်လှန်ရေးနည်းကို ပြခဲ့ တယ်၊ လီနင်က လက်တွေ့ အောင်မြင်ခဲ့ တယ်၊ လီနင်လဲအောင်ရော ဆိုရှယ်လစ်ဝါဒရဲ့ မူလ ရည်ရွယ်ချက်တွေလဲ ပျက်တော့ တာဘဲ...”

“ဘာကြောင့်လဲဆရာ...”

“ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တပြည်ရဲ့ လူမှုစံနစ်ပြုပြင် ပြောင်းလဲတဲ့ နေရာမှာ ဒီတိုင်းပြည်ရဲ့ အစဉ်အလာ နောက်ကြောင်းရာဇဝင်၊ လူတွေရဲ့ အသိဉာဏ်ပညာအဆင့်အတန်း ဒါတွေကလဲ အရေးကြီးတယ်။ ရုရှပြည်ရဲ့ ရာဇဝင်ဟာဆိုရင် ထာဝစဉ် ကံဆိုးမိုးမှောင်ကြခဲ့ တာဘဲ၊ ရာဇဝင် တည်တဲ့ ဆိုကထဲက ‘တာတာ” လူမျိုးတွေရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှုအောက်က ရုရှတွေ မရှုမလှ ရောက်ခဲ့ရတယ်။ တာတာတွေလက်အောက်က လွန်ပြန်တော့ မော်စကို ဆက်ဇာဘုရင်တွေရဲ့ သက်ဦးဆံပိုင်စံနစ်အောက်မှာ ပြားပြားဝပ်နေကြရပြန်တယ်။ စောစောစီးစီးထဲက ခရစ်ယာန်သမ္မာ ကျမ်းစာကို ဆလာဗိုနစ်ဘာသာနဲ့ ဘာသာပြန်လက်ခံထားကြတော့ ခရစ်ယာန်ဘာသာကို မှီဝင် လာတဲ့ လက်တင်ဘာသာ၊ ခေါမဘာသာတွေဟာ ရုရှားပြည်မှာ တိမ်ကောပပျောက်ကုန်တယ်။ အနောက်ဥရောပနိုင်ငံတွေဟာ လက်တင်ဘာသာ၊ ခေါမဘာသာတွေရဲ့ ကျေးဇူးကြောင့် ခေါမတို့ ရဲ့ ဒီမိုကရေစီသဘော၊ ရောမတို့ ရဲ့ ဥပဒေနိုင်ငံသဘောတွေနဲ့ အခြားယဉ်ကျေးမှု အထွေထွေကို နားလယ်သိရှိ တိုးတိုက်နေတဲ့ အချိန်မှာ ရုရှပြည်ကြီးဟာ အမှောင်ဖုံးပြီး ခေတ်နောက် ယူဇနာ အများကြီးကျန်ရစ်တယ်။ အစဉ် အဖိအနှိပ်ခံနေရတဲ့ ရုရှတွေဟာ ဖိနှိပ်မှုကို လုပ်ကြံသတ်ဖြတ်နည်းနဲ့
တော်လှန်ရေးကလွဲပြီး ဘာမှမသိဘူး။ ဒီမိုကရေစီနဲ့ ပါလီမန်အုပ်ချုပ်ရေး ဆိုတာကို ကြားသာ ကြားဘူးတယ် တခါမှမကြုံဘူးဖူး၊ လက်တွေ့ မသိဘူးဘူး။ ရုရှတွေအားလုံးလိုဘဲ လီနင်ခများဟာလဲ သူမကြုံဘူး မသိဘူးတဲ့ ဒီမိုကရေစီပါလီမန်စံနစ်ကို မယုံဘူး။ ဒါကြောင့်လဲ ရုရှတော်လှန်ရေးကြီး ပြီးတဲ့ အခါမှာ ပါလီမန်ဒီမိုကရေစီနိုင်ငံ ထူထောင်ဘို့ အခွင့်အရေးရပေမယ့် လီနင်ဟာ ဒီ အခွင့်အရေးကို လက်မခံဘဲ တပါတီအာဏာရှင်စံနစ်ကို ထူထောင်လိုက်တာဘဲ....”

“ဆရာက လီနင်ကို ရုရှပြည်ရဲ့ ကောင်းကျိုးကို ဘာမှမဆောင်ရွက်သွားဘူးလို့ ဆိုလိုသလား...”

“ဆုံးအောင်နားထောင်ပါအုံးလေ၊ လီနင်ရဲ့ လုပ်ဆောင်ချက်တွေမှာ ချီးမွမ်းစရာတွေ ရှိပါတယ်။ ဥပမာ လီနင် တည်ဆောက်လိုက်တဲ့ နိုင်ငံတော်သစ်မှာ ထူးခြားတာတွေ ပါတယ်၊ အနောက်ဥရောပ နိုင်ငံတွေရဲ့ ပြည်သူလူထုဟာ မဲပေးသူများ” သာ ဖြစ်နေတယ်။ ကိုယ်ကြိုက်ရာကို မဲပေးပြီးတဲ့ အခါမှ ကိစ္စဟာပြီးသလိုဖြစ်နေတယ်။ ဒီနိုင်ငံတွေက ဥပဒေတွေဟာ နိုင်ငံတော်သားတဦးကို လူတယောက် အနေနဲ့ စိတ်၏ လွတ်လပ်ခွင့်၊ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့် စသည်တွေကို ကာကွယ်စောင့်ရှောက် ပေးပေမယ့် ကုန်ထုတ်သူ ကုန်သုံးသူ တယောက်အနေနဲ့ အကျိုးထိခိုက်လာရင် ဘာမှ ထိထိ ရောက်ရောက် ကာကွယ်မပေးနိုင်ဘူး။ လီနင်က ဒီနိုင်ငံတွေလို နိုင်ငံရေးအခြေခံနဲ့ မဟုတ်ဘဲ စီးပွားရေးအခြေခံနဲ့ အစိုးရတမျိုးကို ဖွဲ့ယူတယ်၊ သူ့တိုင်းသူပြည်သားတွေဟာ နေရပ်အလိုက် မဟုတ်ဘဲ အလုပ်ခွင်အလိုက် မဲပေးကြတယ်၊ တက်လာတဲ့ အစိုးရဟာလဲ အလုပ်သမား တိုင်းသူ ပြည်သား’ တွေရဲ့ ကိုယ်စားလှယ်မို့ အလုပ်သမား တိုင်းသူပြည်သားတို့ အတွက် ညီညွတ်မျှတတဲ့ စီးပွားရေးစီမံကိန်းတွေကို ချမှတ်လုပ်ဆောင်ပေးတယ်...”

“ဟာ.. ဒီလိုဆိုရင် မကောင်းတာ ဘာရှိလဲဆရာ...”

“ရှင်းပြပါ့မယ်၊ လီနင်နဲ့ သူ့ နောက်ဆက်ခံတဲ့ လူတွေဟာ မာ့က်စ်ဝါဒီတွေဖြစ်တဲ့ မာ့က်စ်ဝါဒအတိုင်း အလုပ်သမားလူတန်းစားရဲ့ ကိုယ်စားလှယ် ကွန်မြူနစ်ပါတီ တခုထဲသာ နိုင်ငံမှာရှိရမယ်လို့ ပြဌာန်း ကြတယ်။ ဒီတပါတီထဲရှိအောင် အတိုက်အခံပါတီမှန်သမျှကို သုတ်သင်ပစ်ရတယ်။ အတိုက်အခံ မရှိတာနဲ့ တပြိုင်နက် ဒီမိုကရေစီရဲ့ အဓိကလက္ခဏာတရပ်ဖြစ်တဲ့ လွတ်လပ်စွာဝေဖန်ခွင့်ဟာ ပျောက်ကွယ်သွားရတယ်။ တခါ-ရုပ်ဝါဒကိုသာလျှင် အမှန်တရားအဖြစ်နဲ့ တိုင်းသူပြည်သားတွေကို လက်ခံရမယ်လို့ ပညတ်ထားပြန်တော့ လွပ်လပ်စွာယုံကြည်ခွင့်ဟာ ပျက်သုဉ်းသွားရတယ်။ ပါတီနဲ့ နိုင်ငံတော်ဟာ ခွဲခြားလို့ မရတော့ဘဲ လူသားတွေဟာ ပါတီခိုင်းသမျှလုပ်၊ ပါတီက ယုံခိုင်းတာသာ ယုံရပြီး စက်ရုပ်ပမာ ဖြစ်သွားကြရတယ်။ တော်လှန်ဝေဖန်မယ့် လူတွေကို နှိပ်ကွပ်ဖျောက်ဖျက်ပစ်ဖို့ အင်ကေဗီဒီခေါ်တဲ့ လူသတ်အဖွဲ့တွေ ဖွဲ့စည်းထားရတယ်။ ပါတီတွင်း တိုက်ပွဲနည်းနဲ့ ပါတီ ခေါင်းဆောင်မှုကို ဝေဖန်နိုင်မယ် ဆိုပေမယ့် စံနစ်ကိုက အတိုက်အခံလက်မခံတဲ့ စံနစ်မို့လို့ ဝေဖန်တဲ့ လူတွေဟာ အသက်ကို စတေးပစ်လိုက်ရတာချည်းဘဲ။ စတာလင်ကြောင့် အသတ်ခံသွားရတဲ့ ထရော့စကီ၊ ကီမီနတ်ဖ်၊ ကာလီနင်နဲ့ အခြားမရေတွက်နိုင်တဲ့ ခေါင်းဆောင်တွေဟာ သာဓကတဲ့။

တိုက်တာ အဆောက်အဦကြီးတွေ၊ စက်ရုံကြီးတွေ ပေါ်လာပေမယ့် တိုင်းသူပြည်သားတွေဟာ ထမင်းတလုပ် တုတ်တချက်ဆိုတဲ့ ကိန်း လာဆိုက်နေတယ်။ ဒါလဲမဆန်းဘူး။ သွေးနဲ့ ရင်းရင် သွေးသာထွက်ပီး အဆိပ်စေ ကိုစိုက်ရင် အဆိပ်ပင်သာပေါက်မှာဟာ ဓမ္မာတာဘဲ။ မာ့က်စ်ဝါဒ ကိုယ်၌က လူရဲ့ စိတ်ယဉ်ကျေးမှုထက် ခက်ထန်မှုကို အားပေးထားတာကိုး။ နိုင်ငံရေးလွတ်လပ်မှု သာမက စီးပွားရေးမျှတမှုပါ ရှိရမယ်ဆိုတဲ့ ဆိုရှယ်လစ်ဝါဒရဲ့ မူရင်း မွန်မြတ်တဲ့ သဘောတွေဟာ ရုရှကွန်မြူနစ်တွေရဲ့ လက်မှာ အကုန်ပျက်ကုန်တယ်”

ကိုမြင့်သူက ခေတ္တနားလိုက်သည်။ မောင်သက်တင်အား အကဲခတ်ကြည့်လိုက်ရာ တွေတွေတွေးရင်း ငိုင်နေသည်ကို မြင်ရ၏။ အနီးမှ မေရီကမူ မလှုပ်မရှား ထိုင်နေသည်။

“ဒါပေမယ့် မောင်သက်တင် တိုးတက်လာတဲ့ ကမ္ဘာသူကမ္ဘာသားတွေကို အရင်းရှင်တွေဟာ နဖားကြိုးထိုးလို့ မရတော့ သလို ကွန်မြူနစ်တွေဟာလဲ မျက်လှဲပြလို့ မရတော့ ဘူး။ ဒီနေ့ ကမ္ဘာသူ ကမ္ဘာသားတွေဟာ လူတယောက်ဟာ အလုပ်လုပ်ချင်လုပ်၊ မလုပ်ချင်နေ၊ ကိုယ်စွမ်းရင် တပါးလူကို ခိုင်းချင်သလောက်ခိုင်းပြီး ပေးချင်သလောက်ပေးဆိုတဲ့ အရင်းရှင်ဝါဒဟောင်းကြီးကိုလဲ လက်မခံ တော့ဘူး။ အရင်းရှင်ခေါင်းဆောင် နိုင်ငံဆိုတဲ့ အမေရိကားမှာတောင် ၁၉၃၀-ခု၊ စီးပွားရေးကပ် နောက် သမတရုစဘဲ တက်အပြီးမှာ တိုင်းသူပြည်သားတို့ ရဲ့ လူနေမှုအဆင့်မြင့်မားတို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတဲ့ ဝါဒ အနိုင်ရပြီး လိုအပ်တဲ့ ဥပဒေတွေပြု၊ ဌာနတွေဖွင့်နဲ့ ပြုပြင်ပြောင်းလဲခဲ့ တယ်။ ပိုထူးခြားတာက နိုင်ငံရေးရာ လွတ်လပ်မှုရော၊ စီးပွားရေးရာ ညီမျှမှုရောကိုပါ ၂-ဖက်စလုံးကို အလေးပြုတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဆွဲပြီး နိုင်ငံသစ်တည်ဆောက်တဲ့ တိုင်းပြည်တွေ ပေါ်လာခြင်း ဘဲ။ အဲဒီလို ခေတ်မှီပြည့်စုံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ နိုင်ငံသစ်ကို ၁၉၁၉-ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဂျာမနီသမ္မတနိုင်ငံမှာ တွေ့ခဲ့ရတယ်။ ဒါပေမယ့် လူတွေ အသိဉာဏ် မရင့်သန် သေးတော့ အဲဒီကြိုးပမ်းမှုဟာ ပျက်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးမှ လူတွေရဲ့ အသိဉာဏ် ရင့်သန်လာလို့ အဲဒီသမစိတ္တမျှပြီး မဇ္ဈိမပဋိပဒါလဲကျ လောကပါလာတရား ဗြဟ္မစိုရ်တရားတွေနဲ့ လဲ ကိုက်ညီတဲ့ ဒီမိုကရေစီ ဆိုရှယ်လစ်နိုင်ငံတော်တွေဟာ အောင်အောင်မြင်မြင် ပေါ်ခဲ့ တယ်။ စံနမူနာက တော့ ဆရာတို့ရဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဲ...”

မောင်သက်တင်က မျက်လုံးလေးပြူးကာ သူ့ အား မော့ကြည့်လိုက်သည်။ ကြားရသောစကားအား မယုံနိုင်ဟန်တူသည်။

“မောင်သက်တင်တို့ လူငယ်တွေဟာ ရထားတဲ့ မဏိဇောတပတ္တမြားကိုတော့ ပတ္တမြားမှန်းမသိဘူး။ ရုရှားပြည်လုပ် ငရဲပန်းကိုတော့ ရွှေပန်းထင်နေကြတယ်။ ဆရာတို့ ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကြီးကို သေသေချာချာ လေ့လာကြည့်စမ်း။ ရုရှားပြည်မှာမရှိတဲ့ လွတ်လပ်မှုအခွင့်အရေးတွေ၊ အရင်းရှင်နိုင်ငံတွေမှာ မပြည့်စုံတဲ့ စီးပွားရေးရာ မျှတမှုဝါဒတွေဟာ ဒီဥပဒေကြီးထဲမှာ အခိုင်အမာ ပါတယ်။ ဆရာတို့ ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးရဲ့ အခန်း၂-မှာ ဆိုရင် နိုင်ငံသားတို့ အတွက် ဒီမိုကရေစီ မူလအခွင့်အရေးတွေကို ကျပ်ပြည့်တင်းပြည့် ပေးထားရုံမကဘူး၊ စီးပွားရေး ဆိုင်ရာ အခွင့်အရေးများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဂုတ်သွေးစုတ် အရင်းရှင်ဝါဒကို အတိအကျ တားမြစ်ထားတယ်။ အခန်း ၃-မှာဆိုရင် တောင်သူလယ်သမားများနဲ့ အလုပ်သမားများအတွက် နိုင်ငံတော်ရဲ့ တာဝန်ဝတ္တရားများကို အတိအလင်း ပြဌာန်းထားတယ်။ အခန်း ၄-မှာကျတော့ သာယာစိုပြေသော လူ့ဘောင်သစ်ကို တည်ဆောက်ရာမှာ နိုင်ငံတော်က ကျင့်သုံးရမယ့် ဝါဒ ရည်ညွန်းချက်တွေကို အသေးစိတ် ဖေါ်ပြထားတယ်။ ဘယ်ပါတီ ဘယ်အစိုးရတက်တက် ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို မလွန်ဆန်ရဘူး။ မလွန်ဆန်နိုင်ဘူး”

“လွန်ဆန်တော့ ကော... ဆရာ”

“လွန်ဆန်သူဟာ ပျက်စီးရမှာဘဲ။ မလွန်ဆန်အောင် ထိန်းသိမ်းပေးတဲ့ ၊ တရားလွှတ်တော်ချုပ် ရှိတယ်။ တရားဝင် လက်နက်ကိုင် တပ်မတော်တွေရှိတယ်၊ တရားဝင် အတိုက်အခံ အဖွဲ့ အစည်းတွေရှိတယ်။ စတုတ္ထမဏ္ဍိုင် စစ်စစ် သတင်းစာတွေရှိတယ်။ တခုတော့ ရှိတယ်၊ ဒီမိုကရေစီစံနစ်ကို ကျင့်သုံးစမို့ ဖြစ်စေ၊ ပြည်သူလူထုတွေ အသိဉာဏ်မရှိသေးလို့ ဖြစ်စေ၊ ပြည်တွင်းဆူပူမှုတွေကြောင့် အရေးပေါ် အခြေအနေမှာကြောင့် ဖြစ်စေ၊ အခြေခံဥပဒေနဲ့ ချွတ်လွဲအောင် ဆောင်ရွက်မှုအနည်းအကျဉ်း ရှိချင် ရှိမယ်၊ ဒါပေမယ့် ဒါတွေဟာ ရေရှည်မခံနိုင်ဘူး။ အကြောင်းကတော့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြီးဟာ စက္ကူပေါ် မင်နဲ့ ရေးထားတဲ့ သက်မဲ့ ပစ္စည်းမဟုတ်ဘူး။ လွတ်လပ်ရေးကြိုးပမ်းမှု အဆက်ဆက် စတေးခဲ့ရတဲ့ မြင်မြတ်လှတဲ့ ပြည်သူ့သွေးတွေနဲ့ မော်ကွန်းတင်ထားတဲ့ ထာဝစဉ် အသက်ရှင်နေတဲ့ ပြည်သူ့ဆန္ဒကြီး မို့လို့ဘဲ။ သာယာစိုပြေသော လူ့ဘောင်ကို လိုချင်တဲ့ မောင်သက်တင်တို့ ဟာ အမေကျော် ဒွေးတော်လွမ်းနေဘို့ မဟုတ်ဖူး။ ဒီ မဏိဇောတပတ္တမြားရတနာ ပမာဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို လောကသစ်တည်ထောင်နိုင်ဘို့ အရည်အချင်း ပြည့်ဝတဲ့ တိုင်းပြုပြည်ပြု သူရဲကောင်းလေးတွေ ဖြစ်လာအောင် ကြိုးစားမယ်” ။

ကိုမြင့်သူက ရှည်လျားလှစွာသော သူ့စကားအား အဆုံးသတ်ကာ စီးကရက်ဗူးကို အိတ်တွင်းမှ ထုတ်ယူ၍ မောင်သက်တင်အား တလိပ်ကမ်းပေးလိုက်ပြီး မိမိအတွက်ပါ တလိပ်နှုတ်ယူလိုက်၏။ မီးခြစ်ကိုဖွင့်ခြစ်ပြီး မောင်သက်တင်အား အရင်ငြိစေ၍ မိမိက နောက်မှညှိသည်။

“မေရီရော ဆရာတို့ ပြောတာတွေ နားလယ်လား...”

ကိုမြင့်သူက စီးကရက်ငွေ့များအား မှုတ်ထုတ်ရင်း ရုတ်တရက် မေရီဘက်လှည့် မေးလိုက်သည်။ မေရီက တုန်လှုပ်သွားသည်။

အတွေးလွန်နေမိသည်မို့ ကိုမြင့်သူ၏ စကားများကို မေရီမှာ မကြား တချက် ကြားတချက်သာ ရှိခဲ့ သည်။