ဒီမိုကရေစီ နိုင်ငံများသည် ကလိန်ကကျစ် ရွေးကောက်ပွဲများကို မည်သို့ တုန့်ပြန်သွားကြမည် နည်း

by Hla Soewai - Mar 24 2024

ရုရှား သမ္မတ ရွေးကောက်ပွဲ သည်ကား မဲပုံး ထဲသို့ ပထမ ဆုံး မဲပြား ကျမလာမီ ကာလကြာမြင့်စွာ ကတည်းက ရလဒ်ကို ကြိမ်း‌ သေ ပေါက် ခန့်မှန်းနိုင်သည့် ပုံစံ မျိုး ပင် ဖြစ်သည်။ နိုင်ငံကို ၁၉၉၉ ကတည်းက အာဏာရှင် အဖြစ် အုပ်ချုပ်လာသည့် ဗလာဒီမာ ပူတင်သည် ကြိုတင် စီမံ ထားသည့် အတိုင်း မဲ အပြတ်အသတ် ဖြင့် အနိုင်ရရှိ သွားခဲ့သည်။

 

ရုရှား ရွေးကောက်ပွဲ ကော်မရှင်မှ မဲပေးပိုင်ခွင့် ရှိသူ ၇၇.၅ ရာနှုန်း လာရောက် မဲပေးခဲ့ကြရာ မဲစုစုပေါင်း၏ ၈၇ ရာနှုန်း ဖြင့် အနိုင်ရရှိ သွားသည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။ အာဏာပိုင်များက မတ်လ ၁၅ နှင့် ၁၇ တွင် ပြုလုပ်သော ရွေးကောက်ပွဲ အား မျက်ခြေမပြတ် စောင့်ကြည့် ကြီးကြပ်ခဲ့ကြသည်။

 

တရားမဝင် သိမ်းပိုက်ထားသော ယူကရိန်း ပိုင် နယ်မြေ များ တွင်လည်း ပြုလုပ်ခဲ့ပြန်ပြီး မဲပေးရမည့် သူများကို သေနတ်ပြ ထဲ့ ခိုင်း ခြင်းမျိုး ဖြစ်သည်။

 

ရုရှား အတိုက်အခံ အများစုသည် အဝေးရောက်နေသူများ၊ အကျဉ်းချ ခံနေရသူများ၊ သေဆုံးသူများ ဖြစ်နေ၍ ပူတင် အဖို့ စိုးရိမ်စရာ ကောင်းလောက်သည့် ပြိုင်ဖက် မျိုး မရှိခဲ့ပေ။

 

ကမ္ဘာတဝှမ်း တွင်လည်း ရုရှားကဲ့သို့ ရွေးကောက်ပွဲ မျိုးက ဒု နှင့် ဒေး ဖြစ်လာနေသည်။ ယခု နှစ် အတွင်း နိုင်ငံ ၇၆ နိုင်ငံ တွင် ‌ရွေးကောက်ပွဲ ပြုလုပ်ဖို့ ရှိနေရာ အနည်းဆုံး ၂၈ နိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ များသည် လွတ်လပ်ပြီး တရားမျှတ မှု ရှိမည် မဟုတ်ဟု အီကော်နောမစ်၏ စစ်တမ်း ကောက်ယူသည့် ဌာန ဖြစ်သော Economist Intelligence Unit (EIU) က ထုတ်ပြန်ခဲ့သည်။

 

ယခု အခါ ကမ္ဘာနိုင်ငံ များ၏ သုံးပုံတပုံတွင် ထိုသို့ သော ကလိန်ကကျစ် ရွေးကောက်ပွဲ မျိုး ဖြင့် အာဏာရှင် များ အုပ်ချုပ်မင်းမူ နေကြပြီ ဖြစ်သည်။ အာဏာရှင်များက ထိုသို့သော ရွေးကောက်ပွဲ များ လုပ်ပြီး တရားဝင် အုပ်ချုပ်ပိုင်ခွင် ရလေဟန် ပြောဆိုကြပြီး ၎င်းတို့ အပေါ် သစ္စာရှိသော နိုင်ငံသားများအား ချီးမြှောက်လေ့ရှိသည်။

 

ထိုသို့ အောင်ပွဲ ခံနိုင်အောင်လည်း ရလဒ်များ ကို လိမ်လည်ခြင်း၊ ရွေးကောက်ပွဲ စနစ်များကိုလည်း အသာစီးရအောင် ပြောင်းလဲပစ်ခြင်း၊ ၎င်းတို့ ထိန်းချုပ်ထားသည့် သတင်းစာ၊ မီဒီယာများကို လက်ဝါးကြီးအုပ် အသုံးချ ဝါဒဖြန့်ခြင်း၊ အတိုက်အခံ များကို အနှောက်အယှက်ပေးခြင်း၊ မဲဆန္ဒရှင်များအား ခြိမ်းခြောက်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း အစရှိသည် တို့ကို လုပ်လာခဲ့ကြသည်။

 

ထိုသို့သော လုပ်ရပ်များအား ဒီမိုကရေစီ အစစ် အမှန် ကျင့်သုံးနေသည့် နိုင်ငံများက မည်သို့ တုန့်ပြန့်ကြမည်နည်း။ တုန့်ပြန်၍ကော ပြောင်းလဲလာမည်လော။

 

၎င်းတို့အတွက်က လုပ်နိုင်ခွင့်ဟူ၍ မဆိုသလောက်သာ ရှိပေသည်။ နိုင်ငံများ အနေဖြင့် ဝါဒ ရေးရာ ကွဲလွဲမှု များ ဘေးချိတ်၍ ယင်းကို ပြဿနာ တရပ် အဖြစ် အသိအမှတ် ပြုပြီး ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိရမည် ဖြစ်သည်၊ စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်းမျိုးသည် အန္တရာယ်များပြီး လူကြိုက်များမည့် လုပ်ရပ်မျိုးလည်း မဟုတ်ပေ။

 

အမေရိကန် သည် ၎င်း၏ နောက်ဖေးဖက်တွင် ရှိသည်ဟု ပြော၍ ရသည့် ဟေတီတွင် လူဆိုးဂိုဏ်းများ မင်းမူ အုပ်ချုပ်နေသည်ကိုပင် စစ်တပ် စေလွှတ်ခဲ့ခြင်း မျိုး မလုပ်ခဲ့။ အနောက်အာဖရိက အဖွဲ့ ဖြစ်သည့် ECOWAS သည်လည်း ယမန်နှစ်က နိုင်ဂျား တွင် စစ်တပ် အာဏာသိမ်းခဲ့သည်ကို စစ်ရေးအရ အရေးယူရန် အချင်းချင်း သဘောတူညီမှု မရခဲ့ကြပေ။

 

ဒီမိုကရေစီ နိုင်ငံများသည် ကလိန်ကကျစ် လုပ်လာသည့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆိုကောင်း ငြင်းပယ် နိုင်သည်။ သို့သော် ၎င်းတို့ ငြင်းပယ်လာမှု နှင့် အရေးယူ ဒဏ်ခတ်လာမှုများသည် အာဏာရှင်များ အပေါ် မဆိုသလောက်သာ သက်ရောက်မှု ရှိနိုင်သည်။

 

၂၀၁၉ တွင် အနောက်နိုင်ငံများ နှင့် တောင်အမေရိက ရှိ ဒီမိုကရေစီ နိုင်ငံများသည် ဗင်နီဇွဲလား၏ ကြားကာလ သမ္မတ အဖြစ် ဂွမ် ဂါဒို အား အသိအမှတ် ပြုခဲ့ပြီး ထိုစဉ်က အလိမ်အညာ ရွေးကောက်ပွဲ လုပ်ကာ နောက်ထပ် ခြောက်နှစ် သက်တမ်း ရွေးချယ်ခံရသည် ဆိုသော လက်ရှိ သမ္မတ နီကိုလပ်စ် မာဒူရို၏ အပြောကို ပယ်ချခဲ့ကြသည်။

 

နောက်ပိုင်း ဒဏ်ခတ် ပိတ်ဆို့လာမှုများသည် ဗင်နီဇွဲလား နိုင်ငံသားများသာ ထိခိုက်နစ်နာ သွားခဲ့ရသည်။ မာဒုရိုသည် စစ်တပ်ကို ထိန်းချုပ်ထားနိုင်သဖြင့် အာဏာ ဆက်၍ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ယခုအခါ အမေရိကန် တွင် နေထိုင်လျက် ရှိသော ဂါဒို သည် ဘေးရောက်သွားခဲ့ရပြီ ဖြစ်သည်။ ကိုလံဘီယာ တွင် ပြုလုပ်သော ‌ဗင်နီဇွဲလား အနာဂတ် ရေး ဆွေးနွေးပွဲ သို့ပင် တက်ရောက်ခွင့် မပေးခဲ့ကြပေ။

 

အမေရိကန်သည်လည်း နောက်ဆုံးတွင် မာဒူရိုအား အသိအမှတ် ပြုသည့် ပုံစံမျိုး လုပ်လာခဲ့သည်၊ မာဒူရို မှ ယခု နှစ်အတွင်း လွတ်လပ်ပြီး တရားမျှတမှု ရှိမည့် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကတိပေးလာခဲ့သည့် အတွက် ပိတ်ဆို့ဒဏ်ခတ်မှု များကို ဖြေလျော့ပေးလာခဲ့သည်။ ၎င်း၏ ကတိ တည်ဖို့ ဆိုသည်ကလည်း ဖြစ်နိုင်ဖွယ် မရှိလှပေ။ လက်ရှိတွင်ပင် ဗင်နီဇွဲလား ဗဟို တရားရုံးချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အတိုက်အခံများကို ပိတ်ပင်တားဆီးနေပြီ ဖြစ်သည်။ ထို့အတွက် ဇန်နဝါရီ လ အတွင်း အမေရိကန်သည် ဖြေလျော့ပေးခဲ့သည့် ပိတ်ဆို့ဒဏ်ခတ်မှု များကို ပြန်လည် ထားရှိလာခဲ့သည်။

 

 

ပြည်ပ အစိုးရများသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် မရိုးသားသော လုပ်ရပ်များ ထည့်သွင်းလာသည်ကိုလည်း မကြာခဏ ဆိုသလို လျစ်လျု ရှုခဲ့ကြသည်က များသည်။ ဥပမာ အားဖြင့် ၂၀၁၉ တွင် ကွန်ဂို ဒီမိုကရက် သမ္မတ နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် ပြင်ပ လေ့လာသူများက မာတင် ဖာရူလူသည် မဲ အရည်အတွက် ၆၀ ရာနှုန်း ရရှိခဲ့သည်ဟု ခန့်မှန်းခဲ့ကြ‌ သော်လည်း ရွေးကောက်ပွဲ ကော််မရှင် က မူ ဖီလစ် တရှီဆီကယ်ဒီ သည် ဖာရူလူထက် မဲ၃၉ ရာနှုန်း အသာဖြင့် အနိုင်ရရှိ သည်ဟု ‌ဆုံးဖြတ်ခဲ့သည်။ အမေရိကန် သည် မူမမှန် မှု များ ရှိနေသည်ကို သိသော်လည်း တရှီဆီကယ်ဒီ အား သမ္မတ အဖြစ် အသိအမှတ် ပြုခဲ့သည်။

 

ထိုသို့ တရားမဝင် ရွေးကောက်ပွဲများကို လက်ခံခဲ့ခြင်းသည် အကျိုးဆက်များ ထွက်ပေါ်ခဲ့ရသည်။

 

ဒီမိုကရေစီ ကို ခုခံ ကာကွယ်ပေးနေသည် ဆိုသော အနောက်နိုင်ငံများ၏ ဂုဏ်သိက္ခာသည်လည်း မှေးမှိန် ကျဆင်းလာနေပြီ ဖြစ်သည်။ ဒီမိုကရေစီ သည်လည်း လူအများအကြား ရေပန်းမစားတောဘသည့် ရှားပါးသွားသည့် ပစ္စည်းလိုမျိုး ဖြစ်လာနေသည်။ မသမာသော နည်းလမ်းများဖြင့် အာဏာရလာသူများကို အသိအမှတ် ပြုပေးခြင်သည် ဒီမိုကရေစီ ဖက်မှ အတိုက်အခံ ပြုနေသူများအား ထိခိုက်အောင် လုပ်သလို ဖြစ်နေသည်။

 

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် နှင့် ယူကရိန်းတို့မှ ရုရှား ရွေးကောက်ပွဲ ရလဒ်အား တရားမဝင်ဟု ကြေညာ ပြောဆိုခဲ့ကြသည်၊ အနောက်နိုင်ငံများသည် ရုရှား ရွေးကောက်ပွဲအား အတုအယောင် အဖြစ် ပြောဆိုနေကြသော်လည်း ၎င်းတို့ နိုင်ငံရှိ ရုရှား သံရုံးများ အတွင်း အေးအေးချမ်းချမ်း နှင့် မဲပေးနိုင်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့ကြသည်။

 

ဒီမိုကရေစီ အစစ်အမှန် ကျင့်သုံးနေကြ‌သော နိုင်ငံ များ အဖို့က ခံယူချက်အရ ဒီမိုကရေစီ ပြန့်ပွားလာအောင် ဟောပြောနေရမှု နှင့် တဖြေးဖြေး နှင့် ကမ္ဘာကြီးသည် ဒီမိုကရေစီ နှင့် ကင်းကွာလာနေသည့် ပကတိ အမှန်တရား အကြား တွင် ကြားညပ်လာနေပြီ ဖြစ်သည်။

 

(၂၀၂၄ မတ်လ ၁၈ ရက် နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "How can democracies respond to rigged elections?" ဆောင်းပါးအား ပြန်လည် တင်ပြသည်။)