မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီ အမေရိကန်သမ္မတ အတည်ပြု

by Hla Soewai - Mar 27 2024

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် သည် စနေနေ့က H.R 2882 ဟု ခေါင်းစဉ်တပ်ထားသည့် Further Consolidated Appropriations Act, 2024 ကို လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်။ ယင်းသည် အစိုးရ ဌာနများ နှင့် ဥပဒေပြု လွှတ်တော် အတွက် အသုံးစရိတ်များ ထပ်မံ ခွဲဝေချထားပေးလိုက်ခြင်း ဖြစ်ပြီး BURMA ACT အတွက် တာဝန်ရှိနေသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ပ အော်ပရေးရှင်း များ အတွက် လည်း ပါဝင်နေသည်။

 

ယင်းနှင့် ပတ်သက်၍ ဗီအိုအေ နှင့် ဒီဗီဘီ မြန်မာ ပိုင်း မှ ယခု လို ဖေါ်ပြလာခဲ့သည်။

 

မြန်မာအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်းပါတဲ့ ၂၀၂၄ခုနှစ် အမေရိကန် အစိုးရအသုံးစရိတ်ကို လွှတ်တော်နှစ်ရပ်လုံးက စနေနေ့က အတည်ပြုပြီးပြီချင်း သမ္မတဘိုင်ဒန်ကလည်း ချက်ချင်း လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပါပြီ။

 

BURMA ACT အပါအဝင် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အစိုးရ အသုံးစရိတ် ဒေါ်လာ ၁.၂ ထြီလျံသုံးမည့် ဘတ်ဂျက်အတွက် ဒီမိုကရက်တစ်နဲ့ ရီပါပလင်ကန် နှစ်ဘက်ကြား လွှတ်တော်တွင်း အကြိတ်အနယ် အပြန်အလှန် လပေါင်းများစွာ ညှိုနှိုင်းခဲ့ပြီး ယခုလို သဘောတူညီချက် ရရှိလာခဲ့ခြင်း ဖြစ်သည်။

 

BURMA ACT မြန်မာ့ဒီမိုကရေစီရေးကို အားပေးတဲ့ ဥပဒေအရ ထောက်ပံ့ဖို့ လျာထားငွေမှာလည်း အထက်နဲ့ အောက်လွှတ်တော် ကွာခြားချက်တွေကြားက ညှိုနှိုင်းခဲ့တဲ့ နောက်ဆုံးရလာဒ်အဖြစ် ဒေါ်လာ ၁၂၁ သန်းရရှိခဲ့တာနဲ့ ပတ်သက်လို့ အားရမိကြောင်း လော့စ်အိန်ဂျယ်လီ မြန်မာလှုပ်ရှားမှု Los Angeles Myanmar Movement (LA2M) အဖွဲ့တာ၀န်ခံ ဦးဂျိမ်းရွှေက ဗွီအိုအေကို ပြောပါတယ်။

 

“ဒီမှာနေတဲ့ မြန်မာတွေက BURMA ACT အတွက် ဘတ်ဂျက်ပိုက်ဆံမရှိဘူးဖြစ်နေတဲ့အပိုင်းမှာ တော်တော်လေးတွန်းအားပေးခဲ့ကြပါတယ်။ အခုတော့ ဒေါ်လာ ၁၂၁ သန်း ရတယ်ဆိုတော့ တော်တော်လေးကျေနပ်ကြပါတယ်။ နောက်ဆက်လုပ်ဖို့လည်း အားတက်သွားကြတယ်။ ဘာဖြစ်လို့လည်းဆိုရင် အထက်လွှတ်တော်က ၁၂၁ သန်း တောင်းဆိုပေမဲ့ အောက်လွှတ်တော်က သန်း ၅၀ ပဲ ဖို့ လျာထားတာပါ။ အဲတော့ ကျနော်တို့က ၁၂၁ သန်းအတည်ပြုဖို့ တောင်းဆိုထားတော့ အောင်မြင်သွားတယ်လို့ ပြောရမှာပေ့ါ။”

 

မြန်မာနိုင်ငံအတွက် ဘတ်ဂျက်ငွေ ရဖို့ LA2M အပါအ၀င် မြန်မာနွယ်ဖွားတွေ ပူးပေါင်းပြီး သက်ဆိုင်ရာ လွှတ်တော်အမတ်တွေကို ဆက်သွယ်ဖိအားပေးခဲ့ကြောင်းလည်း ဦးဂျိမ်းရွှေက ဆိုပါတယ်။

 

မြန်မာအတွက်ရရှိတဲ့ ဒေါ်လာ ၁၂၁ သန်းထဲမှာ Burma Act ဥပဒေအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ များ အနေနှင့် လူသားချင်းစာနာတဲ့ အကူအညီများ၊ စစ်ပွဲပဋိပက္ခများကြောင့် ဘေးဒုက္ခရောက်နေသူများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့များနှင့် ဒီမိုကရေစီရေး လှုပ်ရှားတဲ့အဖွဲ့များအား ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေကို အမေရိကန်အစိုးရမှ ထောက်ပံ့ခွင့် ရရှိသွားပြီ ဖြစ်သည်။

 

ယင်းအား အမေရိကန်အောက် လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ NDAA အရ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ အမေရိကန်စိုးရက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇နှစ်အတွင်း ဘဏ္ဍာရေးရန်ပုံငွေတွေကို ခွင့်ပြုပေးသွားမှာဖြစ်ပြီး တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေအပါအဝင် အစီအစဉ် ၇ ခုကို ပေးအပ်သွားဖို့ ရှိနေသည် ဟု ဒီဗီဘီ မြန်မာ ပိုင်း က ဆိုသည်။

 

မူလ သတ်မှတ်ထားသည်ထက် လျော့နည်းသွားခဲ့ခြင်းသည် လွှတ်တော်နှစ်ရပ် စလုံး မှ နိုင်ငံခြားရေး ဝန်ကြီး ဌာန နှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီ ပေးရေး အေဂျင်စီ များ အသုံးစရိတ်ကိုပါ လျော့ချ ပစ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

 

၂၀၂၄ စက်တင်ဘာ တွင် စတင် အသက်ဝင်လာမည့် ယင်းဥပဒေအား မည်သို့ မည်ပုံ အကောင်အထည် ဖေါ်သွားမည်၊ လက်နက် မဟုတ်သော အကူအညီများ ဆိုသည့် ကို မည်မျှ အတိုင်းအတာ အထိ အဓိပ္ပါယ်ဖွင့် ဆိုသွားမည် ဆိုသည်ကိုကား သဲသဲကွဲကွဲ မသိရသေးပေ။

 

လက်နက် မဟုတ်သော အကူအညီ ဆိုသည်က တိတိကျကျ အဓ္ဓိပါယ် ဖွင့်ဆိုထားခြင်း မရှိ၍ လည်း အမေရိကန် အစိုးရ အနေဖြင့် ပေးမည်ဆိုလျှင် ရေဒါ ကြိုတင် သတိပေး ကရိယာများ၊ ထောက်လှန်း‌ရေး ဒရုန်းများ၊ သံချပ်ကာ ယာဉ်များ၊ ဂြိုလ်တု သတင်း အချက်အလက်များ၊ ဆေးဝါးများ အစ ပေး၍ ရနေသည်။

 

BURMA ACT ဖြစ်ပေါ်လာအောင် ဦးဆောင် တင်သွင်းခဲ့သူသည် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ မှ ထိတ်တန်း ဒီမိုကရက် အမတ် တဦး ဖြစ်သူ ဂရီဂိုရီ မိစ် ဖြစ်သည်။ ၎င်းသည် လူမည်း တဦး ဖြစ်ပြီး နယူးယောက် အမှတ် ငါး ခရိုင် ကိုယ်စားပြု ရွေးချယ်တင်မြှောက်ခံထားရသူ ဖြစ်သည်။

 

စစ်တပ်သည် တဖြေးဖြေး နှင့် အရေးနိမ့်လာနေသည့်အတွက် ရှုံးမဲ မဲကာ အရပ်သား ပြည်သူများ အပေါ် ယခင်ကထက် ပစ်မှတ်ထား တိုက်ခိုက်လာမည့် အန္တရာယ်ကြီး နှင့် ကြုံတွေ့လာနေရချိန်တွင် အမေရိကန် ၏ အကူအညီ ပေးရေး ဆိုင်ရာ ဥပဒေ အတည်ပြု နိုင်ခဲ့ခြင်း နှင့် တိုက်ဆိုင်နေပေသည်။

 

ယခုအခါ အဆိုပါ ဥပဒေကြောင့် မြန်မာ အရေး နှင့် ပတ်သက်၍ အမေရိကန်၏ သံခင်းတမန်ခင်း လှုပ်ရှားမှု သည် ပြန်လည် အသက်ဝင်လာနိုင်ဖွယ် ရှိနေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!

 

ဓါတ်ပုံ - DVB