နိုင်ငံတကာ ရေးရာ မိတ်ဆက်(53)

by Hla Soewai - Apr 01 2024

ဘူမိ နိုင်ငံရေး

 

အရှေ့အလယ်ပိုင်း၊ တောင် နှင့် အရှေ့အာရှ၊ ဥရောပ တို့နှင့် နှိုင်းယှဉ်လျှင် အာဖရိက နိုင်ငံ အချင်းချင်းသော်၎င်း၊ ပြင်ပနိုင်ငံကြီးများသည်၎င်း ဒေသတွင်း ဩဇာသက်ရောက်နိုင်ရန် ဘူမိနိုင်ငံရေး ပိုင်းတွင် ပြိုင်ဆိုင်မှု ဟူ၍ မဆိုသလောက်သာ ရှိပေသည်။

 

ခေတ်ပြိုင် အာဖရိက သမိုင်းတွင် ကိုလိုနီ ဝါဒသည် ပထမဦးစွာ နေရာယူခဲ့ပြီး၊ ဒုတိယ အဆင့်အဖြစ် ကိုလိုနီ ဖျက်သိမ်းရေး နှင့် စစ်အေး တိုက်ပွဲ ကာလဖြစ်ပြီး၊ တတိယ အဆင့်သည် ယနေ့ ခေတ်သစ် အာ၊ရိက အနေအထားပင် ဖြစ်သည်။

 

ယခုအခါ ဥရောပ နိုင်ငံ အချို့၊ အမေရိကန် နှင့် တရုတ်သည် အာဖရိက နိုင်ငံများ၏ အခြေခံ အဆောက်အအုံ ပိုင်း နှင့် တွင်းထွက် သယံဇာတ တူးဖေါ်ရေး ပိုင်းများ တွင် တိုး၍ ရင်းနှီးမြုပ်နှံလာကြသည်။ အကြမ်းဖက် ဝါဒသည်လည်း အခါအားလျော်စွာ ခေါင်းထောင်လာခဲ့ပြန်သည်။

 

သို့သော် အာဖရိက သည် ဘူမိ နိုင်ငံရေး ပိုင်းတွင် သူ့ထက်ငါ ပြိုင်ဆိုင်မှုများ ထူးထူးခြားခြား လျော့နည်းနေသည့် ဒေသ ဖြစ်လာခဲ့သည်။ နိုင်ငံ အတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် နိုင်ငံ အချင်းချင်း ဖြစ်ပွားသည်ထက် ပို၍ များပြား‌နေပေသည်။ ပြည်ပ ပယောဂ ကြောင့် ဖြစ်ခဲ့သည် ဆိုလျင်လည်း ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ နယ်မြေ အသာစီး ရလိုခြင်း များထက် ဒုက္ခသည် ပြဿနာ နှင့် လူမျိုးရေး အကြမ်းဖက်မှု များ ကြောင့်သာ ဖြစ်သည်။

 

စီးပွားရေး

 

အခြား အရာများကဲ့သို့ပင် စီးပွားရေး အနေအထားသည် လည်း တနိုင်ငံ နှင့် တနိုင်ငံ မတူပဲ အမျိုးမျိုး အဖုံဖုံ ကွဲပြားနေ၍ ခြုံငုံသုံးသပ်ဖို့ပင် ခက်ခဲနေရသည်။ စုစုပေါင်း GDP သည်လည်း အချိန်နှင့် အမျှတိုးမြင့်လာခဲ့သည် ဆိုသော်လည်း တကမ္ဘာလုံး အတိုင်းအတာ နှင့် ဆိုက ရာခိုင်နှုန်းအားဖြင့် မဆိုသလောက်သာ ပါဝင်နေသည်။

 

မကြာသေးမီ နှစ်များ အတွင်း က အာဖရိက တတိုက်လုံး၏ ပျမ်းမျှ စီးပွားရေး တိုးတက်မှု နှုန်းသည် သုံးရာနှုန်းမှ လေးရာနှုန်း အထိသာ ရှိခဲ့၍ ဝင်ငွေ အလယ်အလတ် ရှိ နိုင်ငံများ စာရင်း ဝင်ဖို့ပင် အတော်ကြီး လျော့နည်းနေဆဲပင် ဖြစ်သည်။ အဓိက အကြောင်းသည် လူဦးရေ လျင်မြန်စွာ တိုးပွားလာနေခြင်းကြောင့်ပင် ဖြစ်သည်။

 

အာဖရိက တွင် ဆင်းရဲ နွမ်းပါးစွာ နေထိုင်ရသည့် အရည်အတွက်သည် တိုင်းတာ သတ်မှတ်ချက်အရ ကျဆင်းသွားသည် ဆိုသော်လည်း နိုင်ငံ တနိုင်ငံ ချင်းစီတွင် ဆင်းရဲစွာ နေထိုင်နေရသည့် ပကတိ အရည်အတွက်သည် မြင့်မားနေဆဲပင် ဖြစ်သည်။ 

 

ကမ္ဘာပေါ်တွင် ဝင် ငွေ အားဖြင့် တနေ့လျှင် နှစ်ဒေါ်လာသာ ရရှိပြီး ဆင်းရဲစွာ နေထိုင်ကြရသည့် လူဦးရေ စုစုပေါင်း၏ တဝက်ကျော်ကျော်သည် ဆာဟာရ နောက်ပိုင်း နိုင်ငံများ တွင် ရှိနေကြသည်။ ကမ္ဘာပေါ်ရှိ လျပ်စစ်ဓါတ်အား ပုံမှန် သုံးစွဲခွင့် မရကြသည့် စုစုပေါင်း၏ တဝက်ခန့်သည် ထိုဒေသများတွင် နေထိုင်လျက် ရှိကြသည်။

 

အစိုးရမှ အခွန်ဆို၍လည်း မည်ကာမတ္တာမျှသာ‌ ကောက်ခံရရှိခဲ့သည်၊ အကျင့်ပျက် ခြစားမှု များလည်း ဒု နှင့် ဒေး ရှိလာခဲ့သည်။ စာတတ်မြောက်မှု အပိုင်းတွင် အာဖရိက တိုက်ရှိ လူဦးရေ ၆၀ ရာနှုန်း ရှိလာခဲ့၍ တိုးတက်မှု ရှိလာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် စာမတတ်သူ အရည်အတွက်လည်း လူဦး‌ ရေ တိုးပွားလာနေပြန်၍ များပြားလာနေပြန်သည်။

 

အာဖရိက နိုင်ငံ အချင်းချင်း ကုန်သွယ်ရေးသည်လည်း မဆိုသလောက် မျှသာ ဖြစ်သည်။ ဒေသ ပြင်ပမှ သွင်းကုန်များသည် လူထု သုံးစွဲမှု ပမာဏ ၏ အစိတ် အပိုင်း အတော်များများကို နေရာယူထားဆဲ ဖြစ်သည်။ ပို့ကုန် များသည်လည်း အဓိက အားဖြင့် ရေနံ နှင့် တွင်းထွက်ပစ္စည်းများသာ ဖြစ်သည်။

 

အခြေခံ အဆောက်အအုံ ပိုင်းတွင်လည်း ချို့တဲ့လျက် ရှိနေဆဲပင် ဖြစ်သည်။ ဆာဟာရ အောက်ပိုင်း နိုင်ငံများထဲတွင် နိုင်ဂျီရီယား နှင့် တောင်အာဖရိက သည်သာ တကမ္ဘာလုံးနှင့် ဆက်သွယ်နိုင်သည့် ထိတ်တန်း နိုင်ငံ တရာ စာရင်း တွင် ပါဝင်ခဲ့သည်။

 

ဗီဇာ လိုအပ်ချက် တွင် လည်း အမေရိကန် နိုင်ငံသားတို့ အာဖရိက သို့ ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက် လုပ်၍ရသော်လည်း အာဖရိကတိုက်သားများ အဖို့က ထိုကဲ့သို့ အခွင့်အရေး မရ ဖြစ်နေသည်။

 

စက်မှု ကုန်ထုတ်လုပ်ငန်း ပိုင်းသည်လည်း အသင့် အတင့်မျှသာ ရှိပြီး နှေးကွေးလျက်ပင် ရှိနေဆဲ ဖြစ်သည်။

 

၂၀၁၈ တွင် အာဖရိကတိုက် လွတ်လပ်သော ကုန်သွယ်ရေး ဧရိယာ အဖြစ် ထူထောင်ခဲ့သော်လည်း သိသာစွာ ပြောင်းလဲမှု များ ဖြစ်လာမည် ဆိုသည်က ပြောရန် စောလွန်းနေပေသေးသည်။ ဤသည်ကလည်း အကောင်အထည် ဖေါ်နိုင်ဖို့ အခက်အခဲ ပေါင်း များစွာ ကို ဖြတ်ကျော်ရဖို့ ရှိနေ၍ ဖြစ်သည်။

 

လူမှုရေး

 

ကျန်းမာရေး ပိုင်းတွင် အရေးပါသော တိုးတက်မှု များ ထွက်ပေါ်လာခဲ့သည်။ မကြာသေးမီ ဆယ်စု နှစ်များ အတွင်း အာဖရိက တိုက်သားတို့၏ ပျမ်းမျှ သက်တမ်းသည် မြင့်တက်လာခဲ့ပြီး ယခုအခါ နှစ် ခြောက်ဆယ် ကျော်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် ကမ္ဘာ လူသားတို့ ၏ ပျမ်းမျှ သက်တမ်း ဖြစ်သည့် ခုနှစ်ဆယ် နှစ်နှစ် ကို မမှီနိုင်သေးပဲ ဖြစ်နေသည်။

 

မိခင် နှင့် ကလေး သေဆုံးနှုန်းသည်လည်း ကျဆင်းလာခဲ့သည်။ HIV/AIDS နှင့် ငှက်ဖျား အပါအဝင် ကူးစက်ရောဂါများအားလည်း သိသိသာသာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း အီဘိုလာ ကဲ့သို့ ရောဂါများ မကြာခဏ ဖြစ်ပွားတတ်၍ ကူးစက်ရောဂါ အန္တရာယ် သည် အမြဲလို ရှိနေဆဲပင် ဖြစ်သည်။

 

ထို့ပြင် အာဖရိကတိုက်သား တို့ ၏ လူနေမှု ဘဝ တွင် လှုပ်ရှားမှု နည်းပြီး အချိန်တိုင်း ထိုင်နေမှု၊ အစားအသောက် အား ချင့်ချိန် စွာ စားသုံးတတ်ခြင်း မရှိမှု၊ ဆေးလိပ်သောက်သုံးမှု များကြောင့် ကူးစက်ရောဂါ မဟုတ်သည့် ဆီးချို၊ နှလုံးရောဂါ နှင့် ကင်ဆာ ဖြစ်ပွား မှု နှုန်း မြင့်တက်လာခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင်လည်း ပြည့်ပြည့်စုံစုံ အနေအထား မျိုး မရှိ ဖြစ်နေသည်။

 

အာဖရိက လူဦးရေသည် ယခုအခါ တစ် ဘီလီယံ ကျော်သွားပြီ ဖြစ်သည်။ လူဦးရေ တိုးပွားနှုန်း အမြင့်ဆုံး ဖြစ်လာနေ၍ ငယ်ရွယ်သူ အရည်အတွက် အများဆုံး ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်ငါးဆယ် အတွင်း လူဦးရေ လေးဆခန့် မြင့်တက်လာခဲ့သည်။ နောက်ထပ်လည်း နှစ်ဆခန့် ထပ်တိုးလာပြီး နှစ် ဘီလီယံ ခန့် ရှိလာမည်ဟု ခန့်မှန်းထားကြသည်။

 

ယခု ရာစုနှစ် အလယ်ပိုင်းတွင် မြို့ပြတွင် နေထိုင်သူ အရည်အတွက် တဖြေးဖြေး များပြားလာဖို့ ရှိနေသည်။ ယင်းသည် တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်မလာပဲ ဝန်ထုပ်ဝန်ပိုး ကြီး ဖြစ်လာပေလိမ့်မည်။ မြို့ကြီးပြကြီး များသို့ ရောက်လာကြသူများသည် အလုပ်အကိုင်များ လုံလုံလောက်‌ လောက် မရှိသည့် အရေး နှင့် ရင်ဆိုင်လာကြရမည် ဖြစ်သည်။

 

ထိုအခါတွင်တော့ တိုးပွားလာ‌ နေသော အာဖရိက တိုက် သား အများအပြား အဖို့ ‌အသက်ရှင် ရပ်တည်နိုင်ရေး အတွက် အခြေခံ လိုအပ်ချက်များ ချို့တဲ့စွာ နေထိုင်သွားရမည့် အန္တရာယ်ကြီး နှင့် ကြုံတွေလာကြရပေတော့မည်။ နိုင်ငံ အများအပြားတွင်လည်း နည်း ပညာ ပိုင်းဆိုင်ရာ တီထွင် ဖန်တီးနိုင်မှု ကင်းမဲ့နေပြန်၍ အလုပ်အကိုင် သစ်များ ဖန်တီးပေးနိုင်စွမ်း မရှိသည်သာမက ရှိပြီးသား အလုပ်များကိုပင် ခြိမ်းခြောက် ခံလာရမည် ဖြစ်သည်။ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်သည် ဆိုစေဦး ထို့အတွက် လိုအပ်သည့် လေ့ကျင့် သင်ကြားပေးမှုကို ခံယူနိုင်သူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။