အလျင်မမီအောင် ဖြစ်လာနေသည့် တော်လှန်ရေး၏ အောင်ပွဲများ

by Hla Soewai - Apr 01 2024

တိုက်ပွဲ များက နေ့စဉ်လို ပြင်းထန်သည်နှင့် အမျှ နိုင်ငံ အနှံ့ တွင် ဖြစ်ပွားနေသည့် အတွက် စစ်သတင်းများက မည်သို့မျှ အလျင်မမီအောင် ဖြစ်လာနေသည်။ ထိုသတင်းများ ထဲတွင် စစ်ကောင်စီ ဖက်က ၎င်းတို့ ရန်သူ့ ထိုးစစ်ကို ပြန်၍ တွန်းလှန် တိုက်ခိုက် နိုင်ခဲ့သည် ဆိုသော သတင်းများကကိုက တခုတလေမျှပင် မတွေ့ရပေ။

 

မင်းအောင်လှိုင်၏ စစ်မှုထမ်း ဥပဒေသည်လည်း နေရာအနှံ့ တွင် ထွက်ပြေး တိမ်းရှောင်သူများ၊ အိမ်ပေါ်မှ အတင်း ဆွဲချ၍ ဖမ်းဆီး ခေါ်ဆောင်သွားရသည် ဆိုသည့် သတင်းများ ကြောင့် ၎င်းတို့ မျှော်လင့်ထားသလို တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားဖို့ မရှိပဲ ရုတ်ရုတ်သဲသဲ စ၍ ဖြစ်လာနေပေပြီ။

 

ကရင် ပြည်နယ် ရှိ ဖာပွန် မြို့အား ကေအင်ယူ နှင့် တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက် နိုင်ခဲ့သည့် အဖြစ်နှင့် ရက္ခိုင် တပ်တော်မှ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ အမ်း မြို့အား ထိုးစစ်ဆင်လာနေပြီ ဆိုသော သတင်းများ ကြောင့် စစ်ကောင်စီသည် ၎င်းတို့၏ အန္တရာယ် မသေးလှကြောင်း သဘောပေါက်သွားစေခဲ့သည်။

 

ပြည်တွင်း စစ်ကြီး ပွက်ပွက်ဆူလာသည်နှင့် အမျှ အိမ်နီးချင်း နိုင်ငံများ မျက်ခုံးလှုပ်လာနေပြီ ဖြစ်သည်။ တရုတ် အစိုးရမှပင် ၎င်းတို့ သံအမတ်ကြီး အား နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ သန်းဆွေ နှင့် တွေ့ပြီး တီးခေါက် စုံစမ်းလာရသည့် အထိပင် ဖြစ်သည်။ စစ်ကောင်စီသည် တရုတ်တို့ ကျေနပ်စေရန် ဝမ်ပေါင် ကြေးနီ စီမံကိန်း နယ်မြေသို့ အင်အား ၂၀၀ ခန့် ဖြင့် ရှစ်လ အတွင်း ပထမဆုံး အကြိမ် စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု သိရသည်။ 

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ရှိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး မြို့အား ကေအိုင်အေ မှ တိုက်ခိုက်ကာ ဝိုင်းထားလိုက်ပြီ ဖြစ်သည်၊ ကုန်သွယ်ရေးလည်း ရပ်ဆိုင်းသွားပြီး ကုန်ကားများ ရာနှင့် ချီ ပိတ်မိနေပြီး တရုတ်ဖက်သို့ ထွက်ပြေးရန် ကြံစည်နေသော ဝန်ထမ်းများ အား တဖက်မှ တံခါးဖွင့်မပေး ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

ထိုင်းမှ မြန်မာ အရေး အား ဦးဆောင် ဖြေရှင်းသွားမည် ဆိုကာ ပမာဏ အနေဖြင့် ကယ်ဆယ်ရေး ပစ္စည်းများ အား နှစ်ဖက် အဖွဲ့များ အကြား ချစ်ကြည်ရေး ဖြစ်ပေါ်လာရန် ဆိုကာ စတင်ပို့ဆောင်လာခဲ့သည်။

 

နိုင်ငံ အရှေ့ခြမ်းတွင် ကရင် နယ်ခြားစောင့် တပ်ဖွဲ့ BGF သည် စစ်ကောင်စီ ဖက်မှ လှုပ်ရှား ပံ့ပိုးပေးနေသည့် အနေအထား မှ ခွဲထွက်လိုက်ပြီ ဖြစ်၍ မတ်လ ၂၅ ရက်နေ့မှ စ၍ ထိုင်းမှ စတင် ဝင်ရောက်လာသော ကယ်ဆယ်ရေး ပစ္စည်း များ စီမံခန့်ခွဲ နိုင်မည့် အခွင့်အလန်း များ လျော့ပါးသွားရပြီ ဖြစ်သည်ဟု နစ်ကီ အေးရှား ရီဗြူး တွင် ရေးသားထားသည်။

 

ထိုင်း ၏ ဘတ် ငါးသန် တန် တခါသုံး အစားအသောက် နှင့် အိမ်သာသုံး ပစ္စည်းများအား ကရင်ပြည်နယ် အတွင်းရှိ မြို့သုံးမြို့ ရှိ စစ်ဘေးရှောင် လူ နှစ်သောင်း ခန့်အား စစ်ကောင်စီက တရက်တည်းနှင့် ဖြန့်ဖြူးပေးရမည် ဖြစ်ပြီး၊ ထိုသို့ ဖြန့်ဖြူးပေးကြောင်း ထိုင်းဖက်သို့ ဓါတ်ပုံ အထောက်အထားများ ပြန့်ပို့ပေးရမည် ဖြစ်သည်။

 

ထိုင်း ၏ စစ်ဘေးသင့် လူထုအား ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့လာခြင်းအား မြန်မာ နှင့် အာဆီယံ မှ ထောက်ခံထားပြီး မျှမျှတတ နှင့် ဖြန့်ဖြူးခြင်း ရှိမရှိ အာဆီယံ လူသားချင်း စာနာထောက်ထားမှု ကူညီရေး ရုံး မှ စောင့်ကြည့်သွားမည်ဟု ဆိုသည်။

 

ထိုင်း နယ်ခြား တလျောက် ဩဇာလွှမ်းမိုးနိုင်သည့် အနေအထား ရှိသော BGF သည် ယခုအခါ ကရင် အမျိုးသား တပ် Karen National Army (KNA) အဖြစ် အမည် ပြောင်းလိုက်ပြီ ဖြစ်သည်။ ၎င်းတို့သည် စစ်ကောင်စီ ၏ ထိန်းချုပ်မှု အောက်တွင် မရှိတော့ဟု တရားဝင် ကြေညာ ထားပြီး ပဋိပက္ခတွင် လောလောဆယ် ကြားနေသွားမည်ဟု ဆိုသည်။ ကရင် အမျိုးသား သမဂ္ဂ ကေအင်ယူ မှ ခွဲထွက် ဖွဲ့စည်းခဲ့သည့် BGF တွင် တပ်အင်အား ၅,၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ 

 

BGF သည် စစ်ကောင်စီ အပေါ် သဘောထား ပြောင်းလဲလာမှု ကြောင့် ဒေသတွင်း ရှေ့လျောက် အခြေအနေများက ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာပေတော့မည်။

 

နိုင်ငံရေး လေ့လာသူ တဦး ကမူ “၎င်းတို့ အား KNLA နှင့် တပ်ပေါင်းစုများ ၏ တိုက်ခိုက်ခံရမည့် အရေးကို ရှောင်ရှားလို၍ ဖြစ်သည်” ဟု မှတ်ချက်ပေးခဲ့သည်။ လက်ရှိ ဩဇာ အရှိန်အဝါကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ပြီး ရွှေကုက္ကိုလ် အား ကာကွယ်သွား နိုင်ရန် ရည်ရွယ်ထားပုံ ရှိသည်။

 

ရွှေကုက္ကိုလ်သည် မြဝတီ-မဲဆောက် ကုန်သွယ်ရေး လမ်းကြောင်း၏ မြောက်ဖက် ထိုင်း-မြန်မာ နယ်ခြားမြစ် ဖြစ်သော မိုးရေ မြစ်၏ မြန်မာဖက်ခြမ်း တွင် ရှိ ကာဆီနို ကစားဝိုင်းများ ရှိရာ မြို့သစ် တခု ဖြစ်သည်။ အဆိုပါ မြို့အား ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် Yatai International Holdings Group တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

 

ယခုအခါ ကာဆီနို ကစားဝိုင်းများသာမက အွန်လိုင်း ငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးဂိုဏ်းများ ခြေရှုပ်လာနေပြီ ဖြစ်သည်။ ရွှေကုက္ကိူ သည် မြန်မာစစ်တပ် ၏ လက်အောက်တွင် မရှိပဲ BGF ကသာ အစစ အရာရာ တာဝန်ယူထားသည့် မြို့လည်း ဖြစ်သည်။ သို့‌သော် BGF သည် ရာဇဝတ်ဂိုဏ်းများ အား ဖေဖေါ်ဝါရီ လ မှစ၍ နှိမ်နှင်းလာခဲ့သည်ဟု ရေးသားထားသည်။

 

ဒေသတွင်း နယ်မြေ ကျွမ်းကျင်မှု နှင့် ဩဇာသက်ရောက်မှု ရှိသည့် BGF သည် စစ်ကောင်စီ နှင့် ဇာတ်လမ်း ဖြတ်ခဲ့မှု ကြောင့် ၎င်းတို့ အဖို့ လက်မောင်းတဖက် ပြုတ်သွားခဲ့ရပြီး အရှုံးများ နှင့် စတင် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။

 

ပုံတွင် ပခုက္ကူ ခရိုင် ရှိ ပြည်သူ့ကာကွယ်‌ရေး တပ်ပေါင်းစုအား စစ်ရေး အရှိန် မြှင့်တင်နိုင်ရန် လက်နက်များ တပ်ဆင်ပေးသည့် အခမ်းအနားကို တွေ့မြင်ရမည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!