ဂါဇာရှိ ပါလက်စတိုင်းတို့ မေလ တွင် အငတ်ဘေး နှင့် ရင်ဆိုင်ရဖွယ်ရှိ

by Hla Soewai - Apr 01 2024

ဂါဇာ တွင် အစားအသောက်များ ရှားပါးလာနေပြီ ဖြစ်သည်။ ဒေသခံ အတော်များများသည် သစ်ရွက်များ ကို စား‌ နေကြရပြီး၊ အချို့ကလည်း လမ်းများ ပေါ်ရှိ စားလို့ ရနိုင်သည်များကို လိုက်လံ ရှာဖွေ နေကြသည်။

 

အစ္စရေး နှင့် ဟာမား စစ်ပွဲကြီး စတင်ကတည်းက ဒေသတွင်းသို့ အစားအသောက်များ လုံလုံလောက်လောက် ပေးပို့နိုင်ခြင်း မရှိခဲ့ဟု Save the Children အဖွဲ့က ပြောလာခဲ့သည်။ အစ္စရေး နှင့် ဟာမားတို့သည်လည်း အစားအသောက်များ ရရှိစေရေး ကို ဦးစားပေး အဖြစ် သဘောထားခဲ့ကြခြင်း မရှိ‌ပေ။ အစ္စရေး ဖက်ကမူ ၎င်းတို့ အနေဖြင့် စားကုန်များ သယ်လာသော ထရပ်ကား များကို ဟန့်တားခဲ့ခြင်း မရှိဟု တသမတ် တည်း ပြော‌နေသော်လည်း အခြေအနေများက ဆိုးဝါးသည် ထက် ဆိုးဝါးလာ‌ နေ၍ အမေရိကား နှင့် အခြား နိုင်ငံများမှ စားနပ်ရိက္ခာများကို လေကြောင်းမှ ချပေးလာကြရသည်။ အ‌မေရိကန်သည် ပင်လယ်လမ်းကြောင်းမှ သယ်ပို့နိုင်ရန် ဂါဇာ တွင် ဆိပ်ခံ ဘောတံတား တခု ဆောက်ရန်ပင် စီစဉ် နေသည်။

 

မတ်လ ၁၈ ရက် နေ့တွင် ကုလသမဂ္ဂ မှ ပံ့ပိုးပေးထားသည့် စားနပ်ရိက္ခာ ဖူလုံမှု အဆင့် သတ်မှတ်ရေး Integrated Security Phase Classification (IPC) မှ ဂါဇာ ကမ်းမြှောင်နေ ၂.၃ သန်း အနက် ၃၀ ရာနှုန်း သည် "အစာရေစာ ဆိုးဆိုးရွားရွား ပြတ်လတ်လျက် ရှိသည်" ဟု ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

အစ္စရေး၏ တိုက်ခိုက်မှု ကြောင့် ဂါဇာရှိ လယ်ယာမြေ ၆၀ ရာနှုန်း နှင့် ရေပေးဝေနိုင်မှု ၏ ၅၆ ရာနှုန်းသည် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

 

စားနပ်ရိက္ခာ ပို့ဆောင်ပေး‌နေမှု များ ကို လက်ရှိ အတိုင်း "အပြင်းအထန် ကန့်သတ်နေမည်" ဆိုက မည်သို့မျှ လုံလုံလောက်လောက် ရရှိအောင် ဆက်၍ လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု ကုလ လူသားချင်း စာနာမှု ညှိနှိုင်း ဆောင်ရွက်ရေး ရုံးမှ ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

တလ အတွင်း ဂါဇာသို့ ဝင်ရောက်လာသည့် စားနပ်ရိက္ခာများ သယ်ယူ လာသည့် ထရပ်ကားများ အနက် မတ် လ ၁၈ ရက်အထိ ၅ ရာနှုန်း ခန့်သာ မြောက်ပိုင်းသို့ ရောက်ရှိနိုင်ခဲ့သည် ဟု ဆိုသည်။

 

အစ္စရေး သည် ဖမ်းဆီးထားသော ဓါးစာခံများ ပြန်လွှတ်ရန် ရည်ရွယ်ချက် ရှိရှိ လုပ်နေခြင်းဟု စွပ်စွဲမှု များ ထွက်ပေါ်လာသည်။

 

IPC ၏ အစီရင်ခံစာကြောင့် မတ်လ ၂၅ ရက်တွင် ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူသည်အထိ ဖြစ်လာခဲ့ပြီး ချက်ခြင်းလက်ငင်း အပစ်အခတ် ရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ် နိုင်ခဲ့သည်။ ထိုသို့ ဖြစ်မလာဟု ဆိုက ဂါဇာ ရှိ ပါလက်စတိုင်း တို့ အငတ်ဘေး နှင့် ရင်ဆိုင် လာရဖွယ် ရှိနေသည်။

 

အစ္စရေး ဝန်ကြီးချူပ် နာသန်ရာအူး မှ ကုလ အဆိုထဲ တွင် ဓါးစာခံ အဖြစ် ဖမ်းဆီးခံထားရသူ ၁၃၄ ဦး လွှတ်ပေးရမည်ဟု မပါရှိဆိုကာ ပယ်ချခဲ့သည်။ ဟာမားဖက်ကလည်း အစ္စရေး တပ်များ ဂါဇာ မှ ရုတ်သိမ်းရန် မပါရှိဆိုကာ လက်မခံခဲ့ကြပေ။

 

တဖက် နှင့် တဖက် အကြိတ်အနယ် တိုက်ဖို့သာ စိတ်စောနေကြရွေ့ ဂါဇာ လူထု အငတ်ဘေး နှင့် ကြုံရမည့် အရေး ကို မည်သူမျှ ခေါင်းထဲ ထည့်ထားပုံ မရပေ။

 

(မတ်လ ၂၆ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Gaza could face a famine by May. What does that mean?" ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်။)