ညိုးငယ်စွာဖြင့် ဖိတ်ကြားအပ်ပါသည်

by Hla Soewai - Apr 01 2024

၇၉ နှစ်မြောက် တပ်မတော်နေ့ ဆိုကာ ပြုလုပ်ခဲ့သည့် စစ်ရေး ပြ အခမ်းအနားသည် သမိုင်းတလျောက် အညိုးငယ်ဆုံး အနေအထား နှင့် ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

 

မှောင်ရီ ပျိုးစ အချိန်တွင် ပထမ၊ ဒုတိယ၊ တတိယ မြန်မာ နိုင်ငံတော်ကို ထူထောင်ခဲ့ကြသည့် မြန်မာမင်းများ၏ ကြေးရုပ်အောက်တွင် ယခင်ကလို ခေတ်မီ လက်နက်ကြီးများ၊ သံချပ်ကာ ကားများ မဆိုသလောက်သာ ထုတ်ပြနိုင်ခဲ့ပြီး ကွင်းပြင်တခုလုံး မြင်းခွာသံများသာ ဖုံးလွှမ်းနေခဲ့သည်။

 

ယမန်နှစ်က တိုက်လေယာဉ် ၆ စီး ထုတ်ပြ နိုင်ခဲ့သော်လည်း ယခုအခါ SU-30 အမျိုးအစား တိုက်လေယာဉ် နှစ် စီး နှင့် MIG-29 တစီးသာ ပါဝင်ခဲ့သည်ဟု သိရသည်။ ပုံမှန်ထက်လည်း တနာရီ ခန့် စော ပြီး အဆုံးသတ်သွားခဲ့သည်။

 

ယခင်က စစ်သည် ၁၈,၀၀၀ ခန့် ပါဝင်ခဲ့သော်လည်း ယခုအခါ တဝက်ပင် မပြည့်သည့် ၇,၇၅၀ သာ တက်ရောက်နိုင်ခဲ့သည်ဟု နီကီ အေးရှားသတင်းက ဆိုသည်။ အာဏာသိမ်းပြီးနောက် အကြီးအကျယ် ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနား သုံးခု နှင့် နှိုင်းယှဉ်မည် ဆိုက ယခု အခါ လုပ်သည် ဆိုယုံ အဆင့်သာ ရှိပေတော့သည်။

 

ကျင်းပ‌ နေကျ နံနက်ပိုင်း လုပ်မည်ဆိုက VIP ဆိုသူများ၏ ယာဉ်တန်းများ မနက်အစောကြီး ထွက်လာရမည် ဖြစ်သည့် အတွက် လုံခြုံရေး အရ စိတ်မချရ၍ ညနေ နေဝင်ရီတရော သို့ ရွှေ့လိုက်ရသည်ဟု ထင်ကြေးပေးမှု များလည်း ထွက်ပေါ်လာခဲ့သည်။

 

ယင်းသည် ဖက်ဆစ် ဂျပန်များကို စတင်တော်လှန်ခဲ့သည့် အထိမ်းအမှတ် အဖြစ် တော်လှန်ရေးနေဟု သတ်မှတ်လာခဲ့ရာ မှ ဗိုလ်နေဝင်းသည် ဂျပန် တို့ ၏ မျက်နှာကို ထောက်၍ ၁၉၇၄ တွင် တပ်မတော်နေ့ဟု ခေါ်ဝေါ်ရန် ပြင်ဆင် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ရခိုင် ပြည်နယ် တခုလုံး လက်လွှတ်ရ တော့မည့် အ‌ ခြေ အနေ ဆိုက်နေသော်လည်း ၎င်း၏ ထုံးစံ အတိုင်း လက်ရှိ အနေအထားများနှင့် ကင်းလွတ်သည့် စကားများကိုသာ နိုင်ငံတကာ သို့ ဝါဒဖြန့်နိုင်ရန် ပြောဆိုသွားခဲ့သည်။ သို့သော် ၎င်းအာဏာသိမ်း ပြီးနောက်တွင် တပ်မတော်နေ့သည် ၂၀၂၁ မတ်လ ၂၇ တွင် တရက်တည်းနှင့် လူပေါင်း ၁၁၄ ဦး အား အမြင့်ဆုံး သတ်ဖြတ်ပစ်ခဲ့သည့် သွေးစွန်းသည့် နှစ်ပတ်လည် နေ့ အဖြစ် ပြောင်းလဲသွားခဲ့ရပေတော့သည်။

 

ယမန်နေ့က ဗြိတိန် အင်ဒို-ပစိဖိတ် ဝန်ကြီး နှင့် ရန်ကုန်ရှိ ကနေဒါ သံရုံးတို့မှ နိုင်ငံသားများ အပေါ် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်နေမှု များ အား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ကြေငြာချက်များ ထုတ်ပြန်ခဲ့ကြသည်။

 

အီးယူ ကိုယ်စားလှယ် အဖွဲ့ နှင့် အမေရိကန် သံအမတ်တို့က ထိတ်လန့်ချောက်ခြားစရာ ကောင်းသည့် ဂုဏ်သိက္ခာ မဲ့သော နေ့တနေ့ဟု ခေါ်ဝေါ် ပြောဆိုခဲ့ကြသည်။

 

အယ်ဂျာဇီယား မှ ထွက်ပေါက်မရှိ ကျင်းထဲကျပ်ထဲ ရောက်နေသည့် ကြားမှ ကျင်းပခဲ့ရသည့် back to the wall parade.ဟု ရေးသားလာခဲ့သည်။

 

မင်းအောင်လှိုင်သည် အမိုးဖွင့် ကားဖြင့် လှည့်လည် စစ်ဆေးနေစဉ်တွင် ရခိုင် စစ်မျက်နှာတွင် ၃၂ ရက်ကြာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး‌‌ နောက်ဘူးသီးတောင်ရှိ ခြေမြန် တပ်မ ၅၅၂ ဌာနချုပ်အား ရက္ခိုင်တပ်တော်က သိမ်းယူ နိုင်ခဲ့မှု နှင့် စစ်ရဟတ်ယာဉ် တစီး မိတ္ထီလာ လေတပ် စခန်း အနီး သုသာန်သို့ လေ့ကျင့် ပျံသန်းနေစဉ် ပျက်ကျသွားခဲ့သည့် သတင်းများလည်း သိနှင့်ပြီး ဖြစ်ပေလိမ့်မည်။

 

လေယာဉ်များသည် ပြန်လည် မွမ်းမံ ပြင်ဆင်နိုင်ချိန် မရှိတော့ပဲ မရပ်မနား ဗုံးကြဲတိုက်ခိုက်ရာတွင် သုံး‌နေရ၍ စက်ချို့ယွင်းမှုများ စလာနေပြီ ဖြစ်သည်။

 

၎င်းတို့ ညစာ စားပွဲ ပြုလုပ်နေချိန်တွင် ကရင်ပြည်နယ် ရှိ ဖာပွန် မြိုအား ကရင် အမျိုးသား လွတ်မြောက်ရေး တပ် နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် နေပြည်တော် အား တိုက်ခိုက်သွားရေး ကို အာရုံစိုက် ဆောင်ရွက်နေသည်ဟု ကေအင်ယူ ၏ အထက်တန်း အရာရှိကြီး တဦး မှ နစ်ကီအေးရှားအား ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

၎င်း အဖို့ ဆယ်တစ်မီး ငြိမ်း‌ အောင် ယတြာအရ ညနေ ၅:၁၅ အတိအကျ အခမ်းအနား စခဲ့သော်လည်း မတ်လ ၂၆ ၌ ရှမ်းမြောက်တွင် အပစ်ရပ်သဘောတူထားသည့် စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးနှင့် ဆယ်မိုင်ခန့် အကွာ ပထမ ဆုံးအကြိမ် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီ မှ ဒေသခံများ ၏ အပြောကို ကိုးကား ဖေါ်ပြလာခဲ့သည်။

 

ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး ခွန် သူရိမ် မှ ၎င်းတို့ကဲ့သို့ပင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များလည်း စစ်ကောင်စီ အား တစုတစည်းထဲ တွန်းလှန် တိုက်ခိုက်ကြရန် တိုက်တွန်း လှုံ့ဆော်လာခဲ့သည်။

 

မင်းအောင်လှိုင်သည် မလုပ်ရဲတာ ဘာမှမရှိ ဆိုသော ဂုဏ်ကို ဆက်ထိန်းပြီး စစ်မှု ထမ်း ဥပဒေကို အသက်သွင်းလာခဲ့သည်။ စစ်ကောင်စီ အဖွဲ့ဝင်များ စိုးရိမ်သလို လူထု အုံကြွမှု ဖြစ်မလာပဲ ငိုသံများ နှင့်သာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်၍ သင်္ကြန်ပြီးလျှင် တလ ၅၀၀၀ နှုန်း ဖြင့် တနှစ် ၆၀,၀၀၀ စုဆောင်းသွားရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ၎င်း၏ စကားထဲတွင် ထိုဥပဒေကြောင့် တောင့်တင်းလာသော သာလွန် အင်အားဖြင့် နိုင်ငံ ငြိမ်းချမ်းသွားအောင် ပြုလုပ် နိုင်မည်ဟု ပါရှိလာသည်ကို ကြည့်က ရှေ့တန်းသို့ သေချာပေါက် စေလွှတ်တော့မည် မှာ ကြိမ်းသေနေပေသည်။

 

သို့သော် ထိုဥပဒေကို အောက်ခြေသိမ်း အကောင်အထည် ဖေါ်ပေးနေရသူ များ အဖို့က နေ့စဉ် နှင့် အမျှ အသက် ဆုံးရှုံး ကုန်ကြပြီ ဖြစ်သည်။

 

ကြာသပတေးနေ့ တွင် ပါရှိလာသော ရုရှား သတင်းဌာန RIA မှ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနအား ကိုးကား ဖေါ်ပြရာတွင် မြန်မာ စစ်တပ် နှင့် ပူးတွဲ စစ်ရေး လှုပ်ရှားမှု အမျိုးပေါင်း ၅၀ ကျော် ပြုလုပ်သွားမည်ဟု ပါရှိလာခဲ့သည်၊ ထိုအထဲတွင် မြန်မာ စစ်တပ်အား စစ်ဆင်ရေးဆိုင်ရာ နှင့် လေ့ကျင့် သင့်ကြားရေး တို့လည်း ပါဝင်မည်ဟု သိရသည်။

 

အမေရိကန် မှ ရုရှား တို့ ယခုလို မြန်မာ စစ်တပ်အား ပံ့ပိုးပေးနေခြင်းသည် ‌ဒေသတွင်း မတည်မငြိမ် ဖြစ်လာအောင် ဦးတည်နေ၍ လက်ခံနိုင်ဖွယ် မရှိဟု ၂၀၂၃ အတွင်း သတိပေးခဲ့ပြီး ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ဒပ်ခ်ျ နိုင်ငံ လုပ် ခရီးသည် ၇၀ မှ ၈၀ အထိ လိုက်ပါနိုင်သည့် ဖော်ကာ- ၇၀ အမျိုးအစား လေယာဉ် နှစ်စီး အား VIP အဖြစ် ၎င်းတ‌ယောက်တည်းသာ သီးသန့် အသုံးပြုရန် လေယာဉ်မှုးများ အား ၂၄ နာရီ အသင့် အ‌နေအထားဖြင့် ထားရှိသည်ဟု လေတပ်မှ တော်လှန်ရေး တွင် ပါဝင်လာသည့် အရာရှိ တဦး၏ အပြောကို ကိုးကား၍ ‌ဧရာဝတီ တွင် ဖေါ်ပြထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!