မော်စကို ကရိုကပ်စ် မြို့ ခမ်းမ တိုက်ခိုက်ခံခဲ့ရမှု

by Hla Soewai - Apr 01 2024

အနည်းဆုံး ၁၃၇ ဦး သေဆုံး သွားခဲ့ရသည့် မော်စကို မြို့တော် အနီးရှိ ကရိုးကပ်စ် မြို့တော် ခမ်းမ အား သေနတ် သမား များ ဝင်ရောက် စီးနင်း မတိုက်ခိုက်မီ နှစ်ပတ် အလိုတွင် အမေရိကန် ထောက်လှန်းရေး သတင်းများက မြို့တော်တွင် ကြီးကြီးမားမား တိုက်ခိုက်မှု ပြုလုပ်ရန် အစွန်းရောက် သမားများ လောလောလတ်လတ် ပြင်ဆင်နေသည်ဟု သတိပေးခဲ့သည်။

 

မတ်လ ၇ ရက်နေ့တွင် ရုရှား လုံခြုံရေး အဖွဲ့က မော်စကို ရှိ ရဟူဒီ ဘုရားရှိခိုးကျောင်းတော်အား အစ္စလမ်မစ် နိုင်ငံတော် အိုင်အက်စ် ဂျီဟတ်ဝါဒီ အဖွဲ့ငယ်တဖွဲ့ ၏ တိုက်ခိုက်လာမည့် အန္တရာယ်ကို ကြိုတင် ကာကွယ် နိုင်ခဲ့ပြီဟု ဆိုသည်။ ကရိုကပ်စ် စီတီး အား တိုက်ခိုက်ပြီး နာရီပိုင်းမျှ အကြာတွင် အဆိုပါ အဖွဲ့မှပင် ၎င်းတို့ လက်ချက် ဖြစ်သည်ဟု ထုတ်ဖေါ်ပြောဆိုလာခြင်းသည် အံ့အားသင့်စရာ မရှိလှပေ။

 

မတ်လ ၂၅ ရက်နေ့တွင် တရားခံဟု သံသယ ရှိသူ လေးဦး အား တရားရုံးသို့ ခေါ်ယူလာခဲ့သည်။ အမေရိကန် အရာရှိများက ထိုလေးဦးသည် အစ္စလမ်မစ် နိုင်ငံတော် ခိုရာဆန် ပြည်နယ် the Islamic State Khorasan Province (ISKP) အဖွဲ့ဝင်များ ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ 

 

ISKP သည် IS ၏ အာရှ အလယ်ပိုင်း အဖွဲ့ခွဲ တခု ဖြစ်ပြီး ၂၀၁၄ တွင် အီရတ် နှင့် ဆီရီယား တွင် "ကာလီဖတ်" နိုင်ငံတော်ကြီး နှင့် အတူ ပေါ်ထွက်လာသည့် အဖွဲ့လည်း ဖြစ်သည်။ ထိုကဲ့သို့သော အဖွဲ့ငယ်ကလေး များသည် အာဖရိက နှင့် အခြားဒေသများတွင် လှုပ်ရှားလျက် ရှိနေဆဲပင် ဖြစ်သည်။

 

ခိုရိုဆန် သည် အီရန်၊ အာဖဂန်နစ္စတန် နှင့် အခြား အာရှ အလယ်ပိုင်း နိုင်ငံများ ၏ တစိတ်တပိုင်း ပါဝင်နေသော သမိုင်းဝင် ဒေသတခု ဖြစ်ခဲ့သည်။ ISKP သည် အာဖဂန်နစ္စတန် မြောက်ပိုင်း နှင့် အရှေ့ပိုင်းကို ‌အဓိက ခြေကုပ်ယူကာ လှုပ်ရှားနေသော အဖွဲ့ ဖြစ်ပြီး တာလီဘန် တို့၏ ကမ္ဘာရန် သူတော်ကြီး လည်း ဖြစ်သည်။

 

တာလီဘန် တို့သည် အမေရိကန် နှင့် သဘောတူညီမှုရယူခဲ့ပြီး ၂၀၂၁ ဩဂုတ်လ အတွင်း အမေရိကန် တပ်များ ဆုတ်ခွာရာတွင် ပူးပေါင်း ကူညီ ပေးခဲ့၍ အပြောတခြား အလုပ်တခြား လုပ်ရန် ဝန်မလေးသူများဟု ISKP အဖွဲ့က စွပ်စွဲခဲ့သည်။

 

၎င်းတို့သည် ရုရှား သမ္မတ ပူတင် ၏ မဟာမိတ် တဦး ဖြစ်သူ တာဂျစ်ကစ္စတန် အာဏာရှင် အီမိုမာလီ ရာမွန်း အားလည်း မကြာခဏ ဆိုသလို ဝေဖန်ရှုတ်ချ ပြောဆိုလေ့ရှိသည်။ ရာမွန်းသည် အစ္စလမ် ကိုးကွယ် ယုံကြည်မှု အား ထုတ်ဖေါ်ပြသသည့် လုပ်ရပ်မှန်သမျှ ကို ပိတ်ပင်ခဲ့သူ ဖြစ်သည်။

 

ISKP အား ၂၀၁၄ တွင် စတင်ထူထောင်ခဲ့ပုံ ရှိပြီး ပါကစ္စတန် တာလီဘန်များ နှင့် လက်ရှိ အုပ်ချုပ်နေသည့် တာလီဘန် အဖွဲ့ အား မကျေနပ်သည့် အာဖဂန်ရှိ တာလီဘန်များလည်း ပါဝင်လာခဲ့သည်။ အဖွဲ့ဝင် များသည် ဆွန်နီ များ ဖြစ်ကြပြီး ဘာသာခြားများ အပေါ် သည်းခံ ခွင့်လွတ်စိတ် မရှိသူများ ဖြစ်သည်၊ ရှီးယိုက် ဘာသာဝင်များအားလည်း ဘာသာခြားများ အဖြစ် ယူဆထားခဲ့သည်။

 

၂၀၁၉ နှင့် ၂၀၂၁ အကြား အာဖဂန်နစ္စတန် ရှိ ဗလီများ၊ စာသင်ကျောင်းများ နှင့် အသုဘ ပို့ဆောင်သူများ ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။ အမေရိကန် တို့ အာဖဂန်နစ္စတန် မှ ဆုတ်ခွာနေစဉ် အတွင်းမှာပင် ကဘူးလ် လေဆိပ်ကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ကြသဖြင့် အမေရိကန် စစ်သည် ၁၃ ဦး အပါအဝင် ၁၀၀ ကျော် သေဆုံးသွားခဲ့ရသည်။

 

၂၀၂၂ ဇူလိုင် မှစ၍ တာလီဘန် အုပ်ချုပ်သူများသည် ၎င်းတို့ ခိုအောင်းရာ နေရာများကို ကြိမ်ဖန် များစွာ စီးနင်း တိုက်ခိုက်လာကြသည့် အတွက် နောက်ပိုင်းတွင် ISKP ၏ တိုက်ခိုက်မှု သိသိသာသာ လျော့ကျသွားခဲ့သည်။ ကျွမ်းကျင်သူများက ISKP. အား ပြည်ပတွင် ပစ်မှတ်များ ရှာအောင် တွန်းပို့ လိုက်သလို ဖြစ်သွားပုံရသည်ဟု ပြောလာခဲ့ကြသည်။

 

၂၀၂၂ အတွင်း ISKP သည် တာဂျစ်ကစ္စတန် နှင့် ဥဘက်ကစ္စတန် ရှိ စစ်ရေး ပစ်မှတ်များကို ရောကက် လောင်ချာ များ နှင့် တိုက်ခိုက်လာကြသည်။ ၂၀၂၄ ဇန်နဝါရီ တွင် အဆိုးဝါးဆုံး လုပ်ရပ်အဖြစ် ၂၀၂၀ တွင် အမေရိကန် တို့၏ ဒရုံးဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသော တပ်မှုးကြီး ကာဆမ် ဆူလေမန်နီး၏ အောက်မေ့ဖွယ် အခမ်းအနားအား တိုက်ခိုက်ခဲ့ကြရာ ၁၀၀ ကျော် သေဆုံးသွားသည်၊ အီရန်၏ အစ္စလမ် တော်လှန်ရေး နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ခိုက်ခံခဲ့ရမှု ပင် ဖြစ်သည်။

 

ISKP သည် လူသစ် စုဆောင်ရေး တွင်လည်း ဗျူဟာများ ပြောင်းလဲ ကျင့်သုံးလာခဲ့သည်။ အာရှ အလယ်ပိုင်း မှ တိုက်ခိုက်ရေးသမား ၄,၀၀၀ ခန့်သည် အီရတ် နှင့် ဆီရီယားရှိ IS ထံ ပူးပေါင်းလာခဲ့ပြီး ဖြစ်သည်။ အများစုသည် ကာလီဖတ် နိုင်ငံတော်ကြီး ပြိုလဲ သွားပြီးနောက် နေရပ်သို့ ပြန်ကုန်ကြသည်။ ထိုလူများအား ပြန်၍ စည်းရုံးနိုင်ရန် ISKP သည် လုံးပမ်းလျှက် ရှိနေသည်။ ပါရှား၊ ဥဇဘက် ကဲ့သို့သော ဒေသသုံး ဘာသာစကားများ သုံး၍ မီဒီယာ မှ တဆင့် စစ်ဆင်ရေး တရပ် သဖွယ် စည်းရုံးလာခဲ့သည်။ ၂၀၂၂ တွင် ရာမွန်းအား ဖြုတ်ချရန် ဆိုကာ တယ်လီဂရမ်တွင် တာဂျစ် ဘာသာဖြင့် ချန်နယ် တခု ဖွင့်လာခဲ့သည်။

 

ကရိုကပ်စ် စီတီး တိုက်ခိုက်မှု ကို ကြည့်မည်ဆိုက ISKP ၏ လှုပ်ရှားမှု သည် အာရှ အလယ်ပိုင်းကို ကျော်လွန်လာပြီ ဆိုသည့် သက်သေ အထောက်အထားများ တွေ့လာရပြီ ဖြစ်သည်။ ဇန်နဝါရီ လ တွင် ၎င်းတို့၏ စစ်သွေးကြွ အဖွဲ့ဝင် နှစ်ဦးသည် အစ္စတန်ဘူလ် ရှိ ခရစ်ယာန် ဘုရားကျောင်းအား တိုက်ခိုက်ခဲ့ရာတွင် လူတဦး သေဆုံးသွားခဲ့ရသည်။ ဂျာမန် အရာရှိများက ၎င်းတို့ တိုက်ခိုက်ရန် စီစဉ်ထားမှု တခုကို ကြိုတင်လက်ဦးမှု ရယူ နိုင်ခဲ့သည်ဟု ဆိုသည်။

 

မော်စကို တိုက်ခိုက်မှုကြီး မဖြစ်ပွားမီ ရုရှား ဆန့်ကျင် မုန်းတီးရေး များ ကို ISKP ချန်နယ်များမှ ထုတ်လွှင့်လာခဲ့ကြသည်။ ပူတင်သည် တာလီဘန်များ နှင့်ရော၊ ရာမွန်း နှင့် ပါ ဆက်ဆံနေခြင်းကြောင့်လည်း မော်စကိုသည် ပစ်မှတ် ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။ ပူတင်သည် ကော့ကေးဆပ် ဒေသရှိ မူဆလင် အများစု နေထိုင်ရာ ချက်ချနီရား တွင်လည်း စစ်ပွဲကြီး ကို ဆင်နွှဲနေဆဲ ဖြစ်သည်။ ထို့ပြင် ဆီရီယား တွင်လည်း ဝင်ရောက် စွက်ဖက်ပြီး IS များကို နှိမ်နှင်းခဲ့သူလည်း ဖြစ်သည်။ ၁၉၈၀ ကျော် နှစ်များ အတွင်း ဆိုဗီယက်တို့ အာဖဂန်နစ္စတန် အား ကျုးကျော် သိမ်းပိုက်ခဲ့မှု ကို ကြည့်ပြီး ရုရှားသည် မူဆလင်များ ကို ရန်လို‌ နေသူများ ဟု လည်း ယူဆထားကြသည်။

 

ရုရှား ထောက်လှန်းရေး အေဂျင်စီ များသည် ယူကရိန်း ကို အာရုံစိုက်နေရ၍ ယခု တိုက်ခိုက်မှု အား မကာကွယ် နိုင်ခဲ့ခြင်း ဖြစ်မည်ဟု ယူဆရသည်။ သုတေသီ များကလည်း အနောက်နိုင်ငံ များအားလည်း အာရုံ မများရန် သတိ‌ပေးလာခဲ့သည်။

 

ကရိုကပ်စ် စီတီး တိုက်ခိုက်မှု သည် IS တို့၏ အန္တရာယ်ကြီး ပျောက်ကွယ်မသွားပဲ ရှိနေဆဲ ဆိုသည်ကို သတိပေး လာခဲ့ပြီ ဖြစ်သည်။

 

(၂၀၂၄ မတ်လ ၂၅ ရက် အီကော်နောမစ် မဂ္ဂဇင်း တွင် ပါရှိသည့် "What is the Islamic State Khorasan Province?" ဆောင်းပါးအား ပြန်လည် တင်ပြသည်။)