နိုင်ငံတကာ ရေးရာ မိတ်ဆက်(55)

by Hla Soewai - Apr 08 2024

အ‌‌မေရိကား

 

အမေရိကားသည် မြောက်၊ တောင်၊ အလယ် အမေရိကား နှင့် ကာရစ်ဘီယံ တို့ ပါဝင်သည့် ကမ္ဘာ၏ အနောက်ဖက်ခြမ်းကို ဆိုလိုရင်း ဖြစ်သည်။

 

ထိုဒေသတွင် နိုင်ငံပေါင်း ၃၈ နိုင်ငံ ရှိပြီး ဗြိတိန်၊ ပြင်သစ် တို့ နှင့် မကင်းရာ မကင်းကြောင်း ဖြစ်နေဆဲ ကျွန်း များလည်း ရှိနေပြီး လူဦးရေ အားဖြင့် တစ်ဘီလီယံ ကျော် နေထိုင်ကြသည်။ ကမ္ဘာပေါ်တွင် မြေဧရိယာ အကျယ်အဝန်းအားဖြင့် ဒုတိယ နှင့် တတိယ အကြီးဆုံး နိုင်ငံများ ဖြစ်သော ကနေဒါ နှင့် အမေရိကန် ပြည်ထောင်စု တို့ ပါဝင်နေသည်။ နှစ်နိုင်ငံ စလုံးသည် တရုတ်ထက် အနည်းငယ်မျှ ပိုကြီးပြီး တိုင်းမ် ဇုံ အားဖြင့် ၁၁ ခု ခန့် ရှိနေသည့် ရုရှားသည် အကြီးမား ဆုံး ဖြစ်သည်။

 

အမေရိကန်သည် နှစ်စဉ် ပြည်တွင်း ထုတ်ကုန် စုစုပေါင်း တန်ဖိုး သည် ဒေါ်လာ ၂၀၀ တြီလီယံ ခန့် ရှိနေ၍ တကမ္ဘာလုံး ထုတ်ကုန် ပမာဏ၏ လေးပုံ တပုံ ခန့် ဖြစ်၍ စီးပွားရေး အားဖြင့် အကြီးမားဆုံး နိုင်ငံ အဖြစ် ရပ်တည်လျက် ရှိသည်။ လူဦးရေ အားဖြင့် အမေရိကား ဒေသတခုလုံး ၏ သုံးပုံ တပုံ ခန့် ရှိပြီး ထုတ်ကုန် ပမာဏ တွင်လည်း လေးပုံ သုံးပုံ ခန့် ရှိနေပြန်သည်။ ဩဇာ အရှိန်အဝါ အားဖြင့်လည်း အခြားနိုင်ငံများ အပေါ် အနည်း နှင့် အများ ဆိုသလို သက်ရောက်နိုင်စွမ်း ရှိသည်။

 

အမေရိကန်သည် သယံဇာတ များစွာ ပေါများကြွယ်ဝပြီး မြေအနေအထား နှင့် ရာသီဥတု အားဖြင့်လည်း စိုက်ပျိုးရေး ကောင်းစွာ ဖြစ်ထွန်းသည်။ သမုဒ္ဒရာ ကြီး နှစ်စင်းက အရှေ့ နှင့် အနောက်တွင် ဝိုင်းရံထားပြီး တောင် နှင့် မြောက်တွင်လည်း ရင်းနှီးသော နှစ်နိုင်ငံ ရှိနေပြန်၍ လုံခြုံရေး အရ အကာအကွယ် အပြည့်အဝ ရထားသော နိုင်ငံလည်း ဖြစ်နေပြန်သည်။

 

ထို့ပြင် နိုင်ငံရေး အရလည်း တည်ငြိမ်ပြီး၊ ‌တရား ဥပဒေ စိုးမိုးမှု ရှိနေသဖြင့် အခြေအနေကို မီးစင်ကြည့် ကပြီး အသားကျအောင် ကျင့်ကြံ နိုင်စွမ်း ရှိနေသည်။ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသော တက္ကသိုလ် ကျောင်းတိုက်ကြီးများ ပိုင်ဆိုင်ထားပြီး ရွှေ့ပြောင်း ဝင်ရောက်လာချင်သူများအားလည်း များသော အားဖြင့် တံခါးဖွင့် ကြိုဆို လက်ခံတတ်ပြန် သဖြင့် အရည်အသွေး ပြည့်ဝသော ပညာရှင်များကို ပိုင်ဆိုင်ခွင့် ရခဲ့ယုံမက အခြား နိုင်ငံများနှင့် မတူပဲ အသက်ကြီးသူ နှင့် ငယ်ရွယ်သူ အချိုးအစား ညီမျှ အောင် ဖန်တီးနိုင်စွမ်း ရှိခဲ့သည်။

 

သို့သော် အမေရိကား ဒေသတခုလုံး၏ ‌ဇာတ်ကြောင်းသည် အမေရိကန် တနိုင်ငံ တည်း ထက် များစွာ ပို၍ ကျယ်ပြန့်နေသည်။

 

ဘရာဇီးသည် လူဦးရေအားဖြင့် သန်း နှစ်ရာ ခန့် နှင့်မက္ကဆီကို တွင် သန်း တရာ ကျော် ရှိနေသည်။ နှစ်နိုင်ငံ စလုံးသည် စီးပွားရေး အားဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး အရေးပါသော နိုင်ငံများလည်း ဖြစ်သည်။ အမေရိကား ဒေသတွင် စွမ်းအင် အရင်းအမြစ် အမြောက်အများ ပိုင်ဆိုင်ထားသည်။ ‌ဗင်နီဇွဲလားတွင် မတူးဖေါ်ရသေးသော ရေနံ အရံပမာဏ ကမ္ဘာပေါ်တွင် အများဆုံး ဖြစ်နေသည်။ ထိုသို့ ကမ္ဘာပေါ်တွင် မတူးဖေါ်ရသေးသော ရေနံ ပမာဏ အများဆုံး ပိုင်ဆိုင်ထားသည့် ဆယ်နိုင်ငံ အနက် ထိပ်တန်း သုံးနိုင်ငံ အဖြစ် ဗင်နီဇွဲလား၊ အမေရိကန် နှင့် ကနေဒါ သုံးနိုင်ငံသည် အမေရိကား ဒေသတွင် ရှိနေသည်။

 

ကမ္ဘာ စီးပွားရေး တွင် အမေရိကန် ကို ဖယ်ထုတ် ထားမည် ဆိုလျှင်ပင် အမေရိကားသည် အရွယ်အစား အားဖြင့် ကြီးမားသဖြင့် ကမ္ဘာနိုင်ငံများ အတွက် ပို့ကုန်များ တင်ပို့ရန် လက်လွှတ်မခံနိုင်သော ဈေးကွက်ကြီးလည်း ဖြစ်နေပြီး သွင်းကုန်များ အတွက် ရေနံ၊ ဓါတ်ငွေ့၊ ရွှေ၊ ငွေ၊ ကောက်ပဲသီးနှံ၊ ကော်ဖီစေ့ အစရှိသည်တို့ အတွက် အားထားရသော ဒေသကြီးလည်း ဖြစ်သည်။

 

‌အမေရိကား သည် အမေရိကန် အတွက် မဟာဗျူဟာအရ လွန်စွာ အရေးပါသော ဒေသကြီးလည်း ဖြစ်သည်။ ဒေသတွင်း နိုင်ငံများသည် အခြားဒေသများ နှင့် နှိုင်းယှဉ်လျှင် တည်ငြိမ် မှု ရှိနေပြီး များသော အားဖြင့် အမေရိကန် နှင့် ဆက်ဆံရေး တွင် အပေါင်းလက္ခဏာ ဆောင်နေခြင်းများ ကြောင့်လည်း အမေရိကန်၏ ကမ္ဘာအင်အားကြီး နိုင်ငံ အနေအထားကို အားဖြည့် ပေး‌ နေသလို ဖြစ်လာခဲ့သည်။ အမေရိကန် အတွက်လည်း ၎င်း၏ နောက်ဖေးခြံ ဖက်ကို အထူးတလည် အာရုံစိုက်စရာ မလိုသည့် မဟာအခွင့် အရေးကြီး ရရှိလာခဲ့သည်။

 

ဥပမာ ဆိုရလျှင် ထိုဒေသတွင် အမေရိကန် သည် နျုကလီယား လက်နက်များ ပိုင်ဆိုင်ထားသည့် တခုတည်းသော နိုင်ငံ ဖြစ်နေသည်။ တရုတ် အဖို့က ၎င်းနှင့် နယ်စပ်ခြင်း ထိစပ်နေသော နိုင်ငံ လေး နိုင်ငံ တွင် နျူလက်နက်များ ပိုင်ဆိုင်ထားသည့် အရေး နှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် အမေရိကန်သည် အမေရိကား တွင် ခြိမ်းချောက်လာနိုင်သည့် အန္တရာယ် မျိုး မရှိ၍ အင်အား အလုံးအရင်း ဖြန့်ကျက် ချထားစရာ မလိုပေ။ ထိုအစား တပ်များကို အရှေ့အလယ်ပိုင်း၊ ဥရောပ နှင့် အာရှ သို့ လိုအပ်လျှင် လိုအပ်သလို စိတ်ကြိုက် စေလွှတ်နိုင်စွမ်း ရှိနေသည်။

 

နောက်ထပ် မှတ်သားစရာ ကောင်းသည့် အချက် တချက်သည်ကား ထိုဒေသတွင် ဘူမိနိုင်ငံရေး အရ ဆက်နွယ်လာနိုင်မှု များ မရှိသည့် အပြင် နိုင်ငံများ အကြား နိုင်ငံရေးအရ လွှမ်းမိုးလိုစိတ်ဖြင့် အားပြိုင်မှု များလည်း ကင်းမဲ့နေသည် ဆိုခြင်းပင် ဖြစ်သည်။

 

နယ်မြေ ဆိုင်ရာ အငြင်းပွားမှုများလည်း မဆိုသလောက်သာ ရှိနေပြီး၊ နိုင်ငံ အချင်းချင်း စစ်ပွဲများ ဖြစ်ပွားချင်းမျိုးလည်း လွန်စွာ ရှားပါးလှပြီး စစ်တပ်အင်အား သည်လည်း အနည်းငယ်မျှသာ ရှိသည်။ နျူကလီယား ပျံ့ပွားလာမည့် အန္တရာယ်မျိုးလည်း မတွေ့ရသေးပေ။

 

အမေရိကား ဒေသကြီးသည် အာရှ နှင့် ဥရောပကဲ့သို့ အင်အားကြီး နိုင်ငံများ အချင်းချင်း ယှဉ်ပြိုင်နေမှု မျိုး နှင့်လည်း ကင်းဝေးနေသည်။ စစ်အေး တိုက်ပွဲ ကာလများ အတွင်း ထိုသို့ ဖြစ်ပျက်ခဲ့မှု များ ရှိခဲ့သည်။ တရုတ်သည် ယခုအခါ ထိုဒေသတွင် စီးပွားရေး အရ အခြေချ နိုင်ဖို့သာ စိတ်အား ထက်သန်လျက် ရှိနေသည်။ အမေရိကားသည် အရှေ့အလယ်ပိုင်းကဲ့သို့ ကမ္ဘာကြီးအား အကြမ်းဖက် ဝါဒ ဖြင့် ခြိမ်းခြောက်နေခြင်းမျိုးလည်း မရှိပြန်ပေ။

 

နိုင်ငံ အချင်းချင်း အကြား တည်ငြိမ်မှု ရှိနေသော်လည်း နိုင်ငံ အတွင်း တွင် ပြဿနာများ ရှိနေသည်။ ဒေသတွင်းရှိ နိုင်ငံ အတော်များများသည် အကြမ်းဖက် မှု များ ကြုံ‌ တွေ့ နေရသည်။ ထိုအထဲတွင် လူဆိုးဂိုဏ်းများ၊ မူးယစ်ဆေးဝါး ဂိုဏ်းများ၊ လူသတ်မှု များ၊ အိမ်တွင်း အကြမ်းဖက်မှုများကဲ့သို့ ပြဿနာ များ ရှိနေသောကြောင့် ဖြစ်သည်။ ထိုနိုင်ငံများရှိ စစ်တပ် နှင့် ရဲအဖွဲ့သည်လည်း ထိုပြဿနာများကို နိုင်နင်းစွာ ကိုင်တွယ် နိုင်စွမ်း မရှိ ဖြစ်နေသည်။

 

တရားဥပဒေ နှင့် အကျဉ်းထောင် စနစ်သည်လည်း အလားတူပင် ချို့တဲ့နေပြန်သည်။ မက္ကဆီကို အပါအဝင် အမေရိကား အလယ်ပိုင်း နိုင်ငံများသည် အစိုးရ၏ အားနည်းချက် များ၏ ဒဏ်ကို ခံနေကြရသည်။ ထိုနိုင်ငံများ အဖို့ စစ်အင်အား နှင့် အခြား အရင်းအမြစ်များ အတိုင်းအဆ မရှိ ပိုင်ဆိုင်ထားသည့် နိုင်ငံများ နှင့် စာလျှင် ပြည်တွင်း လုံခြုံရေး နှင့် တည်ငြိမ်ရေး ကို ပို၍ ခြိမ်းချောက် ခံနေရသည်ဟု ဆိုရမည် ဖြစ်သည်။

 

၂၀၁၇ တွင် ထုတ်ပြန်သော ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှု များ ဆိုင်ရာ ရုံး မှ ထုတ်ပြန်သည့် စာရင်းဇယားအရ အမေရိကား ဒေသတွင် လူတသိန်း လျှင် တရက် ၁၆.၂ ဦး နှုန်း အသတ်ခံနေရသည်ဟု သိရသည်။ အာဖရိကသည် ၁၂.၃ ဖြင့် ဒုတိယ လိုက်နေပြီး၊ တောင်အာရှ ဒေသသည့် ၃.၈ ဦး၊ ဥရောပတွင် ၃.၂ ဦး၊ အာရှ အလယ်ပိုင်းတွင် ၂.၇ ဦး၊ အရှေ့အလယ်ပိုင်း နှင့် မြောက်အာဖရိကတွင် ၁.၅ ဦး၊ အရှေ့အာရှ နှင့် ပစိဖိတ် တွင် ၁ ဦး နှုန်း ရှိသည်ဟု နှိုင်းယှဉ် ဖေါ်ပြထားသည်။