ဂဏှာ မငြိမ် ဖြစ်လာသော ဘီဂျင်း

by Hla Soewai - Apr 08 2024

တရုတ် သည် မြန်မာ စစ်ကောင်စီ အား ထောက်ခံမှု ပေးနေသော်လည်း လက်ရှိ တွင် စစ်တပ်သည် မည်သို့မျှ ခေါင်း မထောင်နိုင် ဖြစ်နေရသည့် အပြင် တရုတ် အားလည်း မြန်မာ လူထု၏ မုန်းတီးမှု သည် တနေ့တခြား မြင့်တက်လာလျက် ရှိနေသည်။

 

ယမန်နေ့က KNLA ပူးပေါင်းတပ်များက သင်္ကန်းညီနောင် ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့မှု နှင့် အတူ မြဝတီ မြို့တွင်း သို့ ဝင်ရောက်ကာ စတင်ထိန်းချုပ်လာပြီး နောက်ဆုံး ကျန်ရှိနေသော ခလရ ၂၇၅ နှင့် လက်နက် ချရေး ညှိနှိုင်းလျက် ရှိနေသည်ဟု သိရသည်။

 

 KNU တပ်မဟာ ၆ နယ်မြေ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းမှ အရာရှိ ၆၇ ဦး၊ အခြားနှင့်တပ်သားအဆင့် ၄၁၀ ဦး အပါအဝင် စုစုပေါင်း စစ်ကောင်စီဘက်မှ ၆၁၇ ဦး လက်နက်ချ အညံ့ခံကြောင်း KNU ဗဟိုက ယနေ့ ညနေပိုင်းတရားဝင် သတင်းထုတ်ပြန်သည်။

 

အလားတူ ကချင် ပြည်နယ် တွင်လည်း မိုးမောက် မြို့ အနီးရှိ စိန်လုံ ဗျူဟာ စခန်းအား ကချင်လွတ်လပ်ရေး တပ်တော် မှ သိမ်းပိုက် နိုင်ခဲ့ပြီး ထွက်ပြေးသွားသည့် ဗျူဟာမှုး အပါအဝင် တပ်သား ၂၀ ဦး ကို လက်ရဖမ်းဆီး နိုင်ခဲ့သည်ဟု ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူးက အတည်ပြုခဲ့သည်။

 

ရက္ခိုင်တပ်တော်သည်လည်း ဘူးသီးတောင် အခြေစိုက် ခမရ ၅၆၄ တပ်ရင်း ဌာနချုပ် ကို သိမ်းပိုက်နိုင်ခဲ့ပြန်သည်။

 

ထိုသို့သော သတင်းများ နေ့စဉ်လို ထွက်ပေါ်လာနေသည်ကို ကြည့်၍ တရုတ် အပါအဝင် အိမ်နီးချင်း နိုင်ငံများ၊ အနောက်နိုင်ငံများမှ မြန်မာစစ်တပ်သည် အာဏာကို ဆက်၍ ထိန်းထားနိုင်ဦးမည်လော ဟူသော အတွေးများ ခေါင်းထဲ ရောက်လာကြပြီ ဖြစ်သည်။ သေချာသည်က မြန်မာသည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် နေ့ မတိုင်မီ အနေအထားကို မည်သို့မျှ ပြန်ရောက်တော့မည် မဟုတ် ဆိုခြင်းပင် ဖြစ်သည်။

 

စစ်ကောင်စီ သည် လောလောဆယ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ ခြိမ်းခြောက်လာနေမှု ကို ရပ်ဆိုင်းပေးရန် တရုတ်အား အပူတပြင်း တောင်းဆိုလာနေသည်၊ လက်ရှိ စစ်အင်အား တိုးချဲ့နေမှု နှင့် အတူ နိုင်ငံ အလယ်ပိုင်း ရှိ PDF တပ်များကို ဦးစွာ ချေမှုန်းမည်၊ ထို့နောက်တွင် လက်နက် လူအင်အား တောင့်တင်းလာမှု နှင့် အတူ ဆုံးရှုံးသွားသော နယ်မြေ များကို တိုင်းရင်းသား တပ်များဆီမှ တဖြေးဖြေး ပြန်သိမ်းယူမည်ဟု တရုတ်က ၎င်းတို့ စီမံချက်ကို ချပြကြပေလိမ့်မည်။

 

တကယ်တမ်း တွင် မင်းအောင်လှိုင်သည် ၎င်းရည်ရွယ်ထားသည့် များ မည်သို့မျှ ဖြစ်လာမည် မဟုတ်သည်ကို အားလုံး က တွက်ဆ ထားပြီး ဖြစ်သော်လည်း နတ်ရူး၊ မှော်ရူးများ၏ မြှောက်ပင့် စီမံ ပေးထားသော ယတြာ အကူအညီ ဖြင့် ဖြစ်လာလိမ့်မည်ဟု စွဲထင်နေခြင်းသာ ဖြစ်သည်။

 

တရုတ်သည် စစ်ကောင်စီ အား မလိုလားသော်လည်း တဖက်တွင် အမေရိကန် နှင့် အနောက်အုပ်စု၏ ဩဇာ သက်ရောက်နိုင်မည့် ဒီမိုကရေစီ အင်အားစု များ အာဏာရလာမည်ကို လည်း စိုးရိမ်နေသည်၊ သို့သော် လက်ရှိ အနေအထားကို မပြောင်း လဲ နိုင်က တရုတ် အတွက် နောက်ဆုံး မျှော်လင့်ချက်သည် အကျဉ်းကျနေသော နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သာ ရှိပေတော့သည်။ ‌တရုတ်သည် သူမ ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိထားပြီး ဖြစ်သည်။

 

ကုလ ဆိုင်ရာ တရုတ် လက်ထောက် သံအမတ်က ရခိုင်ပြည်နယ် အတွင်း အခြေအနေများ တည်ငြိမ် အောင် ကြိုးစားနေပြီး တရုတ် ကိုယ်စားလှယ် အဖွဲ့သည် လော‌ လောဆယ် တွင် မြန်မာ နိုင်ငံတွင် ရောက်ရှိ နေသည် ဟု လုံခြုံရေး ကောင်စီ အစည်းအဝေး တွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

ဘီဂျင်းသည် ရက္ခိုင် တပ်‌ တော် အား အပြည့်အဝ ဩဇာ မလွှမ်းနိုင် သဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ ၎င်းတို့ ၏ စီမံကိန်းကြီးများ အတွက် စိုးရိမ်လာနေပြီ ဖြစ်သည်၊ ရက္ခိုင်တပ်တော်သည် ၎င်းတို့ လိုလားချက် များ မရပဲ နှင့် MNDAA နှင့်TNLA တို့ကဲ့သို့ ရပ်ပါ ဆိုယုံနှင့် ရပ်လိမ့်မည် မဟုတ်ဟု နိုင်ငံရေး လေ့လာသူ တဦးက RFA သို့ မှတ်ချက်ပေးသွားခဲ့သည်။

 

လက်ရှိ တရုတ်၏ ဩဇာ လွှမ်းမိုးမှု အား တန်ပြန် နိုင်ရန် အမေရိကန် အနေဖြင့် မြန်မာ တော်လှန်ရေး တွင် ယခုထက် ပို၍ တက်တက်ကြွကြွ အကူအညီ ပေးဖို့သာ ရှိသည်။

 

နေပြည်တော်ကို ဒရုန်း နှင့် တိုက်ခိုက်နိုင်ခဲ့ခြင်းသည် အထိရောက်ဆုံးသော ထိုးနှက်ချက်ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!