ကုလ လုံခြုံရေး‌ ကောင်စီ ‌‌ဆွေးနွေးမှုများ

by Hla Soewai - Apr 08 2024

ဧပြီ ၄ ရက်နေ့ က ကုလ လုံခြုံရေး ကောင်စီ၏ မြန်မာ အရေး နှင့် ပတ်သက်၍ ရှားရှားပါးပါး ‌ကျင်းပခဲ့သော တံခါးဖွင့် ဆွေးနွေးပွဲ ကြောင့် ‌ပြောဆိုသမျှ ကို အများပြည်သူ သိခွင့်ရခဲ့ကြသည်။

 

ထိုအထဲတွင် အမေရိကန် ပြည်ထောင်စု မှ မြန်မာသည် နိုင်ငံတကာနှင့် အထူးသဖြင့် အင်ဒို-ပစိဖိတ် ဒေသ လုံခြုံရေးကို တိုး၍ ခြိမ်းခြောက်လာနေပြီဟု ပထမဆုံး အကြိမ် ထုတ်ဖေါ် အသိပေးလာခဲ့ပြီ ဖြစ်သည်။

 

ကုလ ဆိုင်ရာ အမေရိကန် သံအမတ် နှင့် နိုင်ငံရေးရာ အထူး ကိုယ်စားလှယ် ရောဘတ် ဝုဒ် မှ မြန်မာသည် ကမ္ဘာတွင် အများဆုံး ဘိန်း စိုက်ပျိုး ထွက်ရှိရာ၊ နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှု များ ၏ ဗဟို အချက်အခြာ နှင့် ပြည်ပ နိုင်ငံများသို့ ဒုက္ခသည်များ ရောက်အောင် မောင်းထုတ်နေသည့် နိုင်ငံ ဖြစ်ကြောင်း ဂုဏ်ပုဒ်များ ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။ 

 

၎င်းမှ လက်ရှိ ဖြစ်ပွား‌ နေသော ပဋိပက္ခ တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လူများကို နှိပ်စက်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း အပါအဝင် အရက်စက်ဆုံး နည်းလမ်းများ သုံး၍ ကျုးလွန်နေမှု များကို ကြောက်မက်ဖွယ် ကောင်းလောင်အောင် ကြားသိနေရသည်ဟု ဆိုသည်။

 

ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှုးချုပ် ခါလက် ကာရာရီ မှလည်း အလားတူ ပြောဆိုသွားပြီး စစ်အာဏာသိမ်းပြီး ချိန်မှစ၍ နိုင်ငံတွင်း အကြမ်းဖက်မှု များသည် လျော့ကျသွားသည်ဟူ၍ မရှိပဲ တနေ့တခြား မြင့်တက်လာနေသည်ဟု ဆိုသည်။

 

ပြီးခဲ့သည့် အပတ် အတွင်း ရှူံးမဲ မဲလာနေသော စစ်တပ်သည် အရပ်သား ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်လာသဖြင့် ရခိုင်၊ ကရင် နှင့် ကချင် ပြည်နယ်များ တွင် ပြည်သူ ၃၂ ဦး သေဆုံးသွားခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်လာချိန်လည်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ နိုင်ငံတွင်း လက်ရှိ ရင်ဆိုင်နေရသော အစာရေစာ ပြတ်လတ်မှု၊ ကသောင်းကနင်း ဖြစ်နေသော ကျန်းမာရေး စောင့် ရှောက်မှု၊ မြေမြုပ်မိုင်းများ ဒဏ် ခံနေရမှု၊ အမြဲလို အထိတ်တလန့် နေထိုင် လုပ်ကိုင်စားသောက်နေရမှု များ နှင့် လူငယ်များကို အတင်းအကျပ် စစ်ထဲသွင်းနေမှု များ အား အသေးစိတ် တင်ပြထားသည့် အစီရင်ခံစာကိုလည်း လုံခြုံရေး ကောင်စီသို့ တင်သွင်းခဲ့သည်။

 

ဗြိတိသျှ သံအမတ် ကြီး မစ္စက် ဘာဘရာ ဝုဒ်ဝပ် မှ မိမိတို့ အနေဖြင့် မြန်မာ အရေး ကို မေ့လျော့ထားသည့် ပြဿနာ မျိုး အဖြစ် မခံနိုင်ကြောင်း၊ စစ်ကောင်စီ ကို နိုင်ငံရေး အရ အရေးယူရမည့် လုပ်ငန်းစဉ်များ ထွက်ပေါ်လာအောင် စည်းရုံး လှုံ့ဆော်သွားမည် ဖြစ်ပြီး၊ မြန်မာအား ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးပြီး အားလုံး ပါဝင်နိုင်မည့် ပိုမိုကောင်းမွန်သော အနာဂတ် အတွက် အားလုံး အသစ် တဖန် ဝိုင်းဝန်း ကြိုးပမ်းပေးကြဖို့ တောင်းဆိုကြောင်း ပြောသွားခဲ့သည်။

 

သူမ၏ စကားသွား စကားအလာအရ လက်ရှိ အခြေအနေ နှင့် မကိုက်ညီတော့သော အချက် ငါးချက် ကို လက်မခံ နိုင်တော့ဟု ဆိုလိုခြင်းပင် ဖြစ်သည်ဟု ယူဆရသည်။

 

နယ်ခြား တလျောက်ရှိ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များအား လက်နက်များ ပံ့ပိုး‌ ပေးနေသည့် တရုတ် မှ ၎င်းတို့သည် PDF များ နှင့် အတူ တိုက်ပွဲဝင်နေသော တော်လှန်ရေး တပ်ဖွဲ့များ အကြား အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းပေးနေ ကြောင်း နှင့် အာဆီယံ၏ အချက် ငါးချက်ကို ထောက်ခံကြဖို့ တိုက်တွန်းသွားခဲ့သည်။

 

တရုတ်သည် လက်ရှိ အခြေအနေ အတိုင်း မည်သို့မျှ ဆက်သွား၍ မရတော့သည်ကို ပို၍ သိမြင်လာသည် နှင့် အမျှ ကန့်လန့်ကာ နောက်ကွယ်မှ ကြိုးပမ်းမှု များ ထွက်ပေါ်လာခဲ့သည်။

 

ဧရာဝတီ မှ နှစ်သစ်ကူး အကြို ဆိုကာ တရုတ် သံအမတ်ကြီး ချင်းဟိုင်း မှ အာဏာရှင် ဟောင်းများ ဖြစ်သော ဗိုလ်သန်းရွှေ လက်ထောက် ဖြစ်သူ ဗိုလ်မောင်အေး နှင့် ဦးသိန်းစိန် တို့ အား အိမ်တိုင်ယာယောက် သွားရောက်တွေ့ဆုံခဲ့သည်ဟု တရုတ် သံရုံးမှ WeChat တွင် ရေးသားထားခဲ့သည်ကို ဖေါ်ပြလာခဲ့သည်။

 

၎င်းသွားရောက် တွေ့ဆုံခဲ့သူများသည် လေးစား လောက်စရာ ပုဂ္ဂိုလ်များ မဟုတ်ကြသော်လည်း မင်းအောင်လှိုင် ကို ကြည့်ပြီး လေးစားလောက်ပါပေသည်ဟု မှတ်ယူလာပုံ ရှိသည်။

 

ထိုသို့ တွေ့ဆုံခဲ့စဉ် အတွင်း မြန်မာ ပြည် ငြိမ်းချမ်း တည်ငြိမ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ စီးပွားရေး ဖွံ့ဖြိုးပြီး မြန်မာပြည်သူတို့၏ လူနေမှု မြင့်မားလာရေး တို့ကို ဆက်လက် ထောက်ခံသွားမည်ဟု ပြောခဲ့ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင်ပါရှိလာခဲ့သည်။

 

ဤသည်ကို ကြည့်မည် ဆိုက ၎င်းတို့ ဆက်၍ ထောက်ခံသွားမည် ဆိုသည့် အချက်များကို မင်းအောင်လှိုင်မှ မည်သို့မျှ ဆောင်ကျဉ်း ပေးနိုင်မည် မဟုတ် ဆိုသည်ကို အသိပေးခဲ့ခြင်း ဖြစ်မည်ဟု ယူဆနိုင်ပေသည်။

 

ထိုသို့ ဆောင်ကျဉ်း ပေးနိုင်ဖို့ ဝေးစွ မင်းအောင်လှိုင်ကပင် တိုင်းရင်းသား အဖွဲ့များအား ထိုးစစ် များ မဆင်နွဲရန် ဖျောင်းဖြ ပေးဖို့ ၎င်းတို့ကိုပင် ပြန်၍ ခယ ပြောဆိုနေရသည်။

 

တိုင်းပြည် စီးပွား ဦးမော့လာသည်ဟု မင်းအောင်လှိုင်က ရုရှား သတင်းဌာန နှင့် တွေ့ဆုံစဉ် မျက်နှာပြောင်တိုက် ပြောသွားသော်လည်း အထင်ရှားဆုံး ညွှန်းကိန်း တခု ဖြစ်သည့် ကျပ်ငွေတန်ဖိုးသည် စံချိန်တင် ထိုးကျလာနေပြီး တဒေါ်လာလျှင် ၃,၉၀၀ ကျပ်အထိ ရောက်လာခဲ့ပြီ ဖြစ်သည်။ အာဏာ မသိမ်းမီက ၁၃၀၀ ကျပ်သာ ရှိခဲ့ရာ သုံးဆ နီးပါး ကျဆင်းသွားခဲ့ခြင်း ပင် ဖြစ်သည်။

 

နယ်ခြား ကုန်သွယ်ရေး ဂိတ်များ ဖြစ်သော မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ် တို့ ပိတ်ထားရဆဲ ဖြစ်ပြီး ကချင်ပြည်နယ် ရှိ ခမ်ပတ်တီး ဂိတ်မှသာ အကန့်အသတ် နှင့် ဖြတ်သန်းနေရပြီး တရုတ် ယွမ်ငွေသည်လည်း ၄၇၀ မှ ၅၁၈ ကျပ် အထိ ဖြစ်လာသည်ဟု မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုအနေအထားကို တရုတ်မှ မည်မျှအထိ သည်းခံ နိုင်မည်နည်း ဆိုသည်ကို စောင့်ကြည့်ရမည်သာ ဖြစ်သည်။ တရုတ်သည် တပ်တွင်းမှ မင်းအောင်လှိုင်အား ဖြုတ်ချ နိုင်သူ မည်သူကို မဆို ထောက်ခံ ပေးသွားမည်သာ ဖြစ်သည်။

 

ပြီးခဲ့သည့် အပတ် အတွင်း ကချင် လွတ်လပ်ရေး တပ်တော်မှ စစ်စခန်း အများ အပြား အား ဆက်တိုက် သိမ်းယူနေမှု အပေါ် ဆွေးနွေးပါရစေဆိုကာ စစ်‌ ကောင်စီ သည် တရုတ် သံတမန် အား နေပြည်တော်သို့ ဖိတ်ကြားခဲ့သည်။ ကချင်တပ်တော်သည် မတ်လ ၇ ရက်နေ့မှစ၍ တိုက်ပွဲ အရှိန်မြှင့်လာပြီးနောက်တွင် စစ်စခန်းပေါင်း ၆၀ ကျော်အား လွယ်လင့်တကူပင် သိမ်းယူ နိုင်ခဲ့သည်။ ထို့ပြင် နယ်စပ် ကုန်သွယ်ရေး လမ်းမ ကြီး နှစ်လမ်းအားလည်း ထိန်းချုပ်လာနိုင်ခဲ့သည်။

 

ကချင် တပ်တော်သည် ကြာသပတေးနေ့တွင် လွယ်ဂျယ် မြို့ရှိ အစိုးရ ရုံးဌာန ၂၁ ခု ကို ချိတ်ပိတ်ပြီး မြို့တွင်း တွင် နေရာယူ တပ်စွဲထားပြီ ဖြစ်သည်။

 

ဧရာဝတီ၏ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်အား နိုလင်း ဟေဇာ နေရာတွင် ခန့်ထားမည်ဟု သတင်းသည် April's Fool လုပ်ခြင်းသာ ဖြစ်မည်ဟု ယူဆရသည်၊ ထိုသို့ လုပ်မည် မထင်၍ ထိုသတင်း အပေါ် ယုံစားမိခဲ့သည့် မိမိအား ခွင့်လွှတ်ပါရန် စာဖတ်သူများအား တောင်းပန်အပ်ပါသည်။

 

ယခုအခါ ဩစတေးလျှ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စက် ဂျုလီ ဘစ်ရှော့အား မြန်မာ အရေး ကုလ အတွင်းရေးမှုးချုပ်၏ အထူး သံတမန် အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်ဟု ကုလ သမဂ္ဂ မှ ယနေ့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီ ဖြစ်သည်။ မစ္စက် ဘစ်ရှော့သည် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ၂၀၁၃-၂၀၁၈ အတွင်း တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!