ကုလ ထုတ်ပြန်ချက် နှင့် နေပြည်တော် တိုက်ခိုက်ခံရမှု

by Hla Soewai - Apr 08 2024

ယမန်နေ့က စစ်တပ်၏ ခေါင်းကိုင် ဖခင်ကြီး မှ အစ တတပ်လုံး တုန်လှုပ် ခြောက်ချား သွားလောက် အောင် အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ ကာမီကာဇေ ဒရုန်း ခေါ် အသေခံ ဒရုန်းများဖြင့် နေပြည်တော်ရှိ ဧလာ လေဆိပ်၊ စစ်ဌာနချုပ်များ နှင့် မင်းအောင်လှိုင်၏ အိမ်တော်ကိုပါ ပစ်ခတ် တိုက်ခိုက် နိုင်ခဲ့ကြသည်။

 

ထိုသတင်းသည် အေပီ၊ ရိုက်တာ သတင်းဌာန မှ များတဆင့် တိုင်ပေ၊ စင်္ကာပူ နယူးဒေလီ၊ လန်ဒန်၊ ဝါရှင်တန် အစရှိသည့် မြို့ကြီးများသို့ တဟုန်ထိုး ပျံ့နှံသွားပြီး သတင်း စာမျက်နှာများတွင် အကျယ့်တဝင့် ဖေါ်ပြလာကြ သည်။

 

အသေခံ ဒရုန်း ဆိုသည်က ဒရုန်းများကို ပြန်လည် ခေါ်ယူခြင်း မပြုပဲ ပစ်မှတ်ရှိရာသို့ တချက်တည်း ထိုးစိုက်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ကို ဆိုလိုသည်။

 

စစ်ကောင်စီ မှ အလျှင်အမြန် ဆိုသလိုပင် ဒရုန်းများကို ပစ်ချ နိုင်ခဲ့၍ အပျက်အစီး အထိအခိုက် မရှိဟု ဆိုကာ ဖုံးဖိရန် ကြိုးစားလာခဲ့သည်၊ ကိုရီယားမှ K-Pop အဆိုရှင်များ ဖိတ်ခေါ်ပြီး သင်္ကြန်ကို အကြီးအကျယ် လုပ်ရန် ပြင်ဆင်နေချိန်လည်း ဖြစ်၍ အောက်မှ ရေပက်ပြီး မျက်နှာက အပေါ်မော့ပြီး ဆင်နွှဲရမည့် အဖြစ်မျိုး ရောက်သွားခဲ့ပြီ ဖြစ်သည်။

 

၎င်းတို့ မှ မည်သို့မျှ မထိုးဖေါက်နိုင်ဟု ကြွေးကျော်ထားသော နေပြည်တော် သည် စိတ်မချရသည့် အဖြစ် ရောက်သွားသည့်အပြင် တော်လှန်ရေး တပ်ဖွဲ့များက မဖြစ်မနေ ကျားကုတ် ကျားခဲ တိုက်သွားမည်ဆိုသည်ကိုလည်း ထင်ရှားစွာ ထုတ်ဖေါ်နိုင်ခဲ့၍ စိုးရိမ် ကြောက်ရွံ့စိတ်များ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

 

၂၀၂၃ နှစ်ကုန်ပိုင်းတွင် NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဒရုန်း အစင်းရေ ၄၀၀ ခန့်အား PDF တပ်ရင်း များသို့ ဖြန့်ချီ ပေးခဲ့ကြောင်း ပါရှိထားပြီး ဖြစ်သည်။

 

ဒရုန်း စစ်ဆင် ရေး အထူး တပ်ဖွဲ့ ရှားထူးဝေါ (Kloud Team) က ဦးဆောင် ခဲ့ပြီး PDF အထူးတပ်ဖွဲ့များ ပါဝင်ကာ ဒရုန်း ၂၈ စင်းဖြင့် တပြိုင်တည်း လိုလို တိုက်ခိုက်ခဲ့သည်ဟု စစ်ဆင်ရေး တာဝန်ခံများက ဆိုသည်။ ထိုသို့ တိုက်ခိုက်နိုင်ရန် ငါးလခန့် ကြိုတင် ပြင်ဆင်ခဲ့ရသည်ဟုလည်း သိရသည်။

 

စစ်ဌာနချုပ် အား ဒရုန်း ၁၂ စင်း၊ ဇလာ လေတပ်စခန်း အတွက် ၁၂ စင်း နှင့် မင်းအောင်လှိုင် အိမ် အတွက် ၄ စင်း အသုံးပြုခဲ့သည်ဟု အဆိုပါ တာဝန်ခံ က ပြောသည်။

 

စစ်တပ်၏ ကြေညာချက်တွင် လေတပ်စခန်းသို့ ဦးတည်လာနေသော ဒရုန်း ၄ စင်း နှင့် ဇေယျာသီရိ မြို့ ပေါ် ဝဲပျံလာ‌‌ သော ၃ စင်း အား ကြာသပတေးနေ့ နံနက် ၁၁:၀၀ နာရီခန့်တွင် ပစ်ချ နိုင်ခဲ့သည်ဟု ပါရှိသည်။ လေတပ်စခန်း နှင့် ကပ်နေသော လေဆိပ်၏ လေယာဉ် ပြေးလမ်းများ ပျက်စီးသွား၍ လေဆိပ်ကို ပိတ်ပစ်ခဲ့ရသည်ဟု သတင်းရပ်ကွက် များ အပြောအရ သိရသည်၊ မိမိတို့ တိုက်ခိုက်မှု သည် အောင်မြင်ခဲ့ပြီး အခြေအနေကို စီစစ် နေဆဲဖြစ် ကြောင်းနှင့်၊ ကနဦး သတင်းများအရ အသေ အပျောက် ရှိသည်ဟု သိရကြောင်း NUG ပြောခွင့်ရ ဦးကျော်ဇော်က လန်ဒန်ရှိ အင်ဒီးပင်းဒင့် သတင်းစာ တိုက်သို့ ပြောပြခဲ့သည်။ ရှေ့လျောက်ပြီးလည်း တိုး၍ တိုက်ခိုက်သွားရန် ပြင်ဆင်နေသည်ဟုလည်း ဆိုသည်။

 

ဧလာ လေတပ်စခန်းတွင် SU-30 ဂျက်တိုက်လေယာဉ်များ၊ မင်းအောင်လှိုင် အတွက် သီးသန့်ထားပေးရသည့် ဖော်ကာ-၇၀ အမျိုးအစား လေယာဉ် နှစ်စီး နှင့် အခြား ပို့ဆောင်ရေး လေယာဉ်များ ရှိနေသည်။

 

ယခုအခါ ဒရုန်း စစ်ဆင်ရေးသည် တော်လှန်ရေး အတွက် မရှိမဖြစ် အရေးပါလာပြီ ဖြစ်သည်၊ ယခင်က လုပ်ငန်းသုံး ဒရုန်းများ ဖြင့် ယမ်းအားပျော့ ဗုံးများ ချိတ်ဆွဲ တိုက်ခိုက်ခဲ့ရာမှ ယခုအခါ ခေတ်မီ နည်းစနစ်များ ဖြင့် ၎င်းတို့၏ ဒရုန်းကာကွယ်ရေး jammer များကို ကျော်လွှားကာ စစ်ရေး ပစ်မှတ်များကို တိုက်ခိုက် နိုင်သည် အထိ အဆင့်မြင့်လာခဲ့ပြီ ဖြစ်သည်။

 

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ ဒရုန်းစစ်ဆင်ရေးသည် ခရီးရှည်၏ ပထမဆုံးအတွေ့အကြုံဖြစ်ပြီး ဒရုန်းတွင်ပါသည့် ပြင်းအားနှင့်ပေါက်ကွဲအားသည် ၁၀၇ မမ ရှော့တိုက်ဒုံးထက် ၂၀ ရာခိုင်နှုန်းပိုပြင်းကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ရေးသားထားသည်။ 

 

နောက်ထပ် အားတက်ဖွယ် သတင်းတခုက ဂျီနီဗာရှိ ကုလ လူ့အခွင့်အရေး ကောင်စီ မှ ဧပြီ ၄ ရက်နေ့တွင် မဲမခွဲပဲ တညီတညွတ်တည်း သဘောတူညီချက်ဖြင့် မြန်မာ့ အရေး အပေါ် ပထမဆုံး ဆုံးဖြတ်ချက် ချမှတ်လာခဲ့ခြင်း ဖြစ်သည်။ ထို ဆုံးဖြတ်ချက် တွင် ကုလ အဖွဲ့ဝင် နိုင်ငံများ အား မြန်မာ စစ်တပ်သို့ လေယာဉ်သုံးဆီများ တင်ပို့မှုများ၊ လွှဲပြောင်းမှုများ မပြုလုပ်ရန် တောင်းဆိုထားသည်။

 

တရုတ်သည် မဲခွဲရန် မတောင်းဆိုသော်လည်း၊ ထိုသို့ တညီတညွတ်တည်း သဘောတူညီမှု တွင် မပါဝင်ဘဲ ဘေးထွက် နေခဲ့သည်ဟု သိရသည်။ လူ့ကျင့်ဝတ်တရား အား ‌ဥပေက္ခာပြု ကျုးလွန်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်များကို တရုတ်သည် ၎င်းတို့ နိုင်ငံ ဂုဏ်သိက္ခာ ထိခိုက်မည့် အရေးတွင် မျက်စိမှိတ် ထောက်ခံ၍ မရတော့ပဲ ရှောင်ရှားလာခဲ့ရပြီ ဖြစ်သည်။

 

အဆိုပါ ဆုံးဖြတ်ချက်အား နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး မှ ကြိုဆိုလိုက်ပြီး မှန်ကန်‌သော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလာသည့် ခြေလှမ်း ပင် ဖြစ်သည်ဟု ဆိုသည်။

 

မြန်မာ စစ်တပ်၏ လုပ်ရပ်သည် နိုင်ငံတကာမှ လူသားချင်း စာနာမှု တရားဖြင့် လိုက်နာရမည့် ဥပဒေများ၊ လူ့အခွင့်အရေးများကို ချိုးဖောက်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

ယနေ့ တွင် မြန်မာ နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး ထပ်မံ ပြုလုပ်ခဲ့ကြပြန်သည်။ အဓိက အားဖြင့် စစ်ကောင်စီမှ အရပ်သားများ အား လေကြောင်းမှ တိုက်ခိုက်နေမှု နှင့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး တို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ပုံတွင် နေပြည်တော် လေဆိပ် ပြေးလမ်းပေါ်တွင် စစ်ကောင်စီ ဖက်မှ ပစ်ချခဲ့သည် ဆိုသော ဒရုန်းများကို တွေ့ရစဉ်)