မြန်မာ နယ်စပ် တွင် တရုတ်တို့ ဒုတိယ အကြိမ် တိုက်ပွဲဝင် အနေအထား စစ်ရေး လေ့ကျင့်မှု စတင်

by Hla Soewai - Apr 08 2024

ဘီဂျင်း မှ ၎င်းတို့ ကြားဝင် စေ့စပ်ပေးထားသော မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် များ အကြား အပစ်အခတ် ရပ်စဲရေး အား လိုက်နာရန် ဖိအား ပေးသည့် အနေဖြင့် အင်္ဂါနေ့ တွင် ကျည် အစစ်များ သုံး၍ စစ်ရေး လေ့ကျင့်မှု စတင် လာခဲ့ပြန်သည်။

 

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ် တောင်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ကြည်းတပ် နှင့် လေတပ် တို့မှ လျှင်မြန်စွာ လှုပ်ရှား ရွှေ့ပြောင်းနိုင်မှု၊ ပစ်မှတ်ကို တိကျစွာ ပစ်နိုင်နိုင်မှု နှင့် အခြား စစ်ရေး လှုပ်ရှားမှု များကို နှစ်ရက်ကြာ လေ့ကျင့်ခဲ့ကြသည်ဟု ဂျပန် သတင်းစာစောင် နစ်ကီ အေးရှား တွင် ဖေါ်ပြထားသည်။

 

အဆိုပါ စစ်ရေး လေ့ကျင့်မှု နှင့် စပ်လျှင်းပြီး ပြောခွင့်ရ ဗိုလ်မှုးကြီး တန်ဂျန်လီ မှ တရုတ်၏ အချုပ်အခြာ အာဏာ၊ နယ်ခြားဒေသ တည်ငြိမ်ရေး နှင့် တရုတ် နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ် တို့ အား ကာကွယ်နိုင်ရေး အတွက် ပြုလုပ်ရခြင်း ဖြစ်သည်ဟု ကြေညာချက်ထဲတွင် ဖေါ်ပြထားသည်။ (ပုံတွင် တရုတ် ကာကွယ်ရေး ဝန်ကြီး ဌာန မှ ထုတ်ပြန်သော သတင်းဓါတ်ပုံ ကို တွေ့နိုင်သည်။)

 

တရုတ်သည် ရှမ်း မြောက်ဒေသတွင် တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားနေစဉ် နိုဝင်ဘာလ အတွင်း တပ်များ လျှင်မြန်စွာ နေရာချထားနိုင်မှု နှင့် နယ်ခြား ဒေသ အား ပိတ်ဆို့ရန် အလားတူ ကျည်အစစ်များ သုံး၍ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထိုလအတွင်းမှာပင် တရုတ် စစ်သင်္ဘော သုံးစီး ရန်ကုန်သို့ ရောက်လာပြီး ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ပြန်သည်။

 

ယခုအခါ မြောက်ပိုင်း ညီနောင်များ အဖွဲ့ ငြိမ်သက်သွားသလောက် ရှိနေသော်လည်း ကချင် ပြည်နယ် အတွင်း ကချင် လွတ်လပ်ရေး တပ်တော် ကေအိုင်အေ မှ ထိုးစစ်များ ဆင်နွှဲံလာနေပြီး ယခုအခါ နယ်စပ် ကုန်သွယ်ရေး လမ်းများ၊ စစ်စခန်းများ သိမ်းပိုက်မိထားပြီး မြစ်ကြီးနား တောင်ဖက် မိုင် ၆၀ အကွာ ရှိ ဆင်ဘို မြို့ကိုပင် သိမ်းယူထားနိုင်ခဲ့ပြီ ဖြစ်သည်။

 

မြန်မာ စစ်တပ်သည် တရုတ်မှ ကေအိုင်အေ အား ဖိအားပေးရန် မြောက်ပိုင်း ညီနောင် များ နှင့် တိုက်ပွဲများ ဖြစ်ပွားစဉ်ကလို တရုတ် နိုင်ငံထဲသို့ တမင်တကာ လက်နက်ကြီးကျည်များနှင့် ပစ်ခတ်ပြီး ဖန်တီးလေ့ရှိ တတ်သည်။

 

တရုတ် အတွက်က ၎င်း တို့ ထောက်ခံ မှု ပေးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ ကြိုက်သလောက် နယ်မြေများ သိမ်းယူခွင့် ပေးပြီး မြန်မာဖက်မှ အလျော့ပေး တောင်းဆိုလာချိန်တွင် သိမ်းပိုက်ထားပြီးသော နယ်မြေများ အား ပြန်၍ မတိုက်ရဟူသော ကတိမျိုး စစ်တပ်ထံမှ တောင်းယူ ပြီး အပစ်အခတ် ရပ်စဲရေး ကို ဖန်တီးပေးခြင်းဖြင့် ပို၍ ဩဇာ သက်ရောက် နိုင်ခဲ့ပြန်သည်။

 

သို့သော် စစ်တပ်သည် အပစ်ရပ်ရေးကို နေသွေးသပ ခြုံထဲက ဆိုကာ ဂျိုသွေးနိုင်ရန် အချိန်ယူခဲ့ခြင်း ဖြစ်ပုံရပြီး ယခုအခါ ဆုံးရှုံးသွားသော အင်အား ကို ပြန်လည် ဖြည့်တင်းနိုင်ရန် တိုင်းပြည် အနာဂတ် လူငယ်လေးများ အား စစ်ထဲသို့ အတင်းအဓမ္မ ခေါ်သွင်း စုဆောင်းနေပြီ ဖြစ်သည်။

 

ညီနောင် မဟာမိတ် အဖွဲ့များသည်လည်း တောင်ပိုင်း မှ ကုန်စည် စီးဆင်းမှု အား စစ်ကောင်စီ မှ ပိတ်ဆို့ ထားချိန် တွင် မြောက်ပိုင်း ရှိ တရုတ်တို့ဖက်မှလည်း အလားတူ ပိတ်ဆို့ ပစ်မည်ဟု ခြိမ်းခြောက် ခံလာရ၍ အခြား ရွေးစရာ လမ်းမရှိတော့ပဲ အပစ်ရပ်ရေးကို သဘောတူလိုက်ရပုံ ရှိသည်ဟု ဧရာဝတီက ရေးသားထားသည်။

 

သို့ဆို့က ကိုးကန့် နှင့် တအောင်း တိုင်းရင်းသား များသည် ၎င်းတို့ ဒေသများအား ကိုယ်ခြေကိုယ့်လက် အုပ်ချုပ်ခွင့် ရနေသော်လည်း တရုတ် ဩဇာခံ အဖြစ် သာ ရပ်တည်သွားရမည့် အခြေအနေဖြစ်၍ မိမိတို့ တိုင်းရင်းသားများ နှင့် လက်တွဲ၍ ဖက်ဒရယ် စနစ် ကို ထူထောင်နိုင်မှသာလျှင် အမှန်တကယ် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိကြမည်သာ ဖြစ်သည်။

 

နစ်ကီမှ ဆက်လက် ရေးသား ရာတွင် ထိုသို့ စစ်ရေး လေ့ကျင့်မှု များ မစတင်မီ တရက်အလို တနင်္လာနေ့တွင် အာရှ ရေးရာ အထူး သံတမန် တိန် စီဂျွမ်း သည် နေပြည်တော်သို့ ရောက်လာပြီး မင်းအောင်လှိုင် နှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

 

အတည်မပြုနိုင်သော သတင်းများအရ ယခုအခါ အပစ်ရပ်ရန် ကေအိုင်အေ အား ဘီဂျင်းမှ တီးခေါက် လာသည်ဟုလည်း သိရသည်။

 

တရုတ်သည် မြန်မာ နိုင်ငံ တွင်း ကြေးနီ နှင့် နီကယ် သတ္တုတွင်းများ၊ ရေအား လျပ်စစ် စီမံကိန်းများ၊ နယ်ခြား ကုန်သွယ်ရေး လုပ်ငန်းများ တနှစ်လျှင် ဒေါ်လာ ၅ ဘီလီယံ ခန့် ဝင်ငွေ ရနိုင်သည့် ရင်းနှီး မြုပ်နှံမှုများ၊ ဘင်္ဂလား ပင်လယ်အော်မှ ယူနန် အထိ သွယ်တန်းထားသည့် ရေနံ နှင့် ဓါတ်ငွေ့ ပိုက်လိုင်းများ ရှိနေပြန်၍ ယူနန် ပြည်နယ် ၏ စီးပွားရေး သည် အကြီးအကျယ် ထိခိုက်သွားဖို့ ရှိနေသည်။

 

လက်ရှိတွင် စစ်ကောင်စီ သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး နှင့် အပစ်ရပ်စေချင်နေသည်၊ သို့မှသာ နိုင်ငံ အလယ်ပိုင်းရှိ ပြည့်သူ့ ကာကွယ်ရေး တပ်များကို အပြီးအပိုင် ချေမှုန်း နိုင်လိမ့်မည်ဟု ယုံကြည်ထားပုံရသည်ဟု ဧရာဝတီ က ရေးသားထားပြန်သည်။

 

တရုတ်သည် ရက္ခိုင်တပ်တော်အား မြောက်ပိုင်း ညီနောင်များ ကဲ့သို့ ခြိမ်းခြောက်၍ မရနိုင်သဖြင့် အပစ်ရပ်မည် ဆိုက ရေနံ ပိုက်လိုင်း မှ ရရှိသော အကျိုး အမြတ် အချို့ ကို ခွဲဝေပေးမည်ဟု မက်လုံး ပေးလာနိုင်သည်ဟုလည်း ဆိုသည်။ ယခုအခါ စစ်ကောင်စီသည် နယ်ခြားကုန်သွယ်ရေး အကောက်ခွန် ၇၀ ရာနှုန်းအား MNDAA သို့ လွှဲပေးခဲ့ရပြီ ဖြစ်သည်။

 

ဘီဂျင်း ၏ ထိုသို့ အပစ်ရပ်ရန် ဖိအားများ ပေးလာခြင်းသည် နိုင်ငံတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားများ ပို၍ ပြင်းထန်လာဖို့သာ ရှိပြီး တည့်တံ ခိုင်မြဲ မည့် နိုင်ငံရေး အရ အဖြေရှာခြင်းမျိုး မဟုတ်ပဲ ထိုသို့ အပစ်ရပ်စဲယုံ မျှ နှင့် နားအေး ပါးအေး နေရမည်ဟု ယူဆခြင်းသည် လေထဲ တိုက်အိမ်ဆောက်ခြင်းမျိုးသာ ဖြစ်လိမ့်မည်ဟု ဆိုသည်။

 

ပြည်သူတို့ အသက်သွေးချွေး ပေါင်း များစွာ ရင်း၍ စတင်လာခဲ့သော နွေဦးတော်လှန်ရေး အား တရုတ်သည် ၎င်းတို့ အကျိုးစီးပွား အတွက် ဟန်ပင် မဆောင်နိုင်ပဲ နည်းမျိုးစုံ ဖြင့် ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက်လာ‌‌ နေပြီသည်။

 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက် ရှိုလက်သည်လည်း K3C ဟု ခေါ်သော ကချင်၊ ကရင်၊ ကရင်နီ နှင့် ချင်း နိုင်ငံရေး ဦးဆောင် အဖွဲ့များ နှင့် မတ် လ ၂၈ ရက် တွင် ဆွေး‌ ‌နွေး မှု များ စတင် ပြုလုပ်လာသည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!