AI မှ AGI ဆီသို့ တက်လှမ်းလာတော့မည်

by Hla Soewai - Apr 08 2024

စက် များသည် လူသားများအား ပါးပါးနပ်နပ် ဖြင့် ဘေးဖယ်ထုတ် နိုင်သည် ဆိုသည်ကို သိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်းများ တွင် ကာလကြာမြင့်စွာ ကတည်းက နေရာယူလာခဲ့ကြပြီး ဖြစ်သည်။

 

ပြီးခဲ့သည့် ဆယ်စု နှစ် အတွင်း ဉာဏ်ရည်တု ဆိုသည့် Artificial intelligence (AI) ပရိုဂရမ်များသည် တဟုန်ထိုး တိုးတက်လာခဲ့၍ သိပ္ပံ စိတ်ကူးယဉ် ဇာတ်လမ်းများသည် စိတ်ကူးယဉ် ခြင်း မဟုတ်တော့ပဲ အမှန်တကယ် ဖြစ်လာတော့မည်ဟု ကျွမ်းကျင်သူ အချို့က ကောက်ချက်ချလာကြသည်။

 

မတ်လ ၁၉ ရက် နေ့တွင် ကမ္ဘာ တဝှမ်း အတွက် ကွန်ပြူတာ ချစ် ပြား များ အများဆုံး ထုတ်လုပ်ပေးနေသည့် အင်ဗင်နီယား၏ စီအီးအို ဂျင်ဆင် ဟွမ်မှ Artificial General Intelligence (AGI) အဆင့်သို့ ထပ်မံ တက်လှမ်းနိုင်တော့မည်ဟု ယုံကြည်ကြောင်း ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။ (ပုံတွင် ရှု)

 

AGI ဆိုသည်က စစ်တုရင် ကစားခြင်း ကဲ့သို့ သီးသန့် တာဝန် တရပ် အတွက် ဖန်တီးထားသော AI နှင့် မတူပဲ လူသားများ၏ အပြောကို နားလည် နိုင်စွမ်း ရှိပြီး လူတိုင်း တွင် ရှိသည့် သာမန် ဆင်ခြင်တုံတရား အဆင့် နှင့် လူမှုစီးပွား နယ်ပယ် တွင် အထွေထွေ အသုံးချ နိုင်သည့် ဉာဏ်ရည်တု မျိုး ဖြစ်သည်။

 

ဟွမ် ၏ အပြောကိုတော့ ချင့်ချိန်ယုံမှ ဖြစ်ပေမည်၊ ၎င်း၏ ကုမ္ပဏီ အင်ဗီဒီယားသည် AI များကို လေ့ကျင့် ဖန်တီးနိုင်သည့် အဆင့်မြင့် နည်းပညာ အသုံးချ ခံ ချစ်ပြား များ ထုတ်လုပ်ပေးနိုင်စွမ်း ရှိ၍ အမြတ်အစွန်းများ အဆမတန် ရရှိနေပြီး ကမ္ဘာ့ စတော့ဈေးကွက်တွင် တတိယ မြောက် တန်ဖိုး အမြင့်ဆုံး အဖြစ် ရပ်တည်နေသည်။

 

၎င်း၏ AI ချစ်ပြား များ ပို၍ ရောင်းအား ကောင်းလာအောင် ကြော်ငြာခြင်းမျိူလည်း ဖြစ်နိုင်သည်။ ဤ နေရာတွင် ဟွမ် သည် အပြော သက်သက် မဟုတ် ပဲ ၎င်း ထုတ်လုပ်မည့် AGI အမျိုးအစားသည် မည်သည့် အဆင့်အထိ ဖြစ်လာမည် ကိုအတိအကျ အဓိပ္ပါယ် ဖွင့်ဆိုလာခဲ့သည်။ ၎င်း၏ အဆိုအရ ဥပမာ ရှေ့နေ လက်မှတ် စာမေးပွဲများ၊ ပဟေဠိ အဖြေညှိရသည့် ညဏ်စမ်း ပုစ္ဆာများတွင် လူသားများထက် ၈ ရာနှုန်းခန့် ပို၍ စွမ်းဆောင်နိုင်မည်ဟု သိရသည်။

 

အဆိုပါ အချက်သည် ‌၎င်း၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များထဲတွင် နောက်ဆုံး မှ ပါလာခြင်း ဖြစ်သည်။ ၁၉၅၀ ကျော် နှစ်များ အတွင်းက ဗြိတိသျှ သင်္ချာဗေဒ ပညာရှင် အလန် တာရင် မှ AGI အဆင့်ရှိ စက်ရုပ်ကို စကားပြောခြင်းသည် လူတဦးတယောက်ကို ပြောခြင်းနှင့် မည်သို့မျှ ခြားနားမှု ရှိလိမ့်မည် မဟုတ်ဟု ပြောခဲ့ဖူးသည်။

 

မကြာမီ နှစ်များ အတွင်းက နည်းပညာ ပိုင်း တွင် ဦးဆောင် နေသူ များက AGI အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ချဲ့ထွင် သတ်မှတ် လာကြသည်။ ၎င်းတို့ အဆိုအရ AGI တပ်ဆင်ထားသည့် စက်၏ လက်ထဲသို့ ‌ဒေါ်လာ တသိန်း ပေးလိုက်လျှင် ၎င်းအား ဘာလုပ်ပါ ဟု ညွှန်ကြားစရာ မလိုပဲ ဒေါ်လာ တသန်း ရ အောင် ရှာပြ နိုင်မည် ဖြစ်သည်ဟု ဆိုသည်၊ နောက်တဦးကလည်း အိမ်တအိမ် သို့ ဝင်သွားပြီး ကိုယ့်ဖာသာ ကော်ဖီ ဖျော် သောက် နိုင်စွမ်း ရှိလာမည်ဟု ဆိုသည်။

 

အချို့ သုတေသီ များကလည်း ထိုသို့ ကော်ဖီ ဖျော်ခြင်း၊ သန်းချီ၍ ငွေရှာပေးနိုင်ခြင်း ကို အခြေခံသည့် AGI ကို လက်မခံခဲ့ကြပေ။ ထိုသို့ လုပ်နိုင်ရန် သိပ္ပံ ပညာရပ်ပိုင်းဆိုင်ရာ အခြေခံများလည်း မရှိဟု ပြောလာကြသည်။

 

AGI အား လူသားတို့ထက် သာလွန်စွာ လုပ်နိုင်မည့် အဆင့် (၆) ဆင့် ရှိသည်ဟု AI သုတေသန ကုမ္ပဏီ DeepMind မှ ဇန်နဝါရီ လ အတွင်း သတ်မှတ်ခဲ့ပြီး လက်ရှိ AGI သည် အတတ်ပညာ တခုခု သင်ကြား တတ်‌ မြောက်ထားခြင်း မရှိသည့် သာမန် လူတဦးထက် အနည်းငယ်မျှ သာလွန်အောင် လုပ်နိုင်‌ သေးသည့် အောက်ဆုံး အဆင့်သာ ရှိနေသေးသည်ဟု ဆိုသည်။

 

အချို့ကမူ ပေါ့ပေါ့ဆဆ မနေသင့်ပဲ AI မော်ဒယ်သည် အာရုံ ခံစားနိုင်သည့် အဆင့် ရောက်လာသည့် အခါ လူသားများ ကိုပင် ကျွန်ပြုလာနိုင်သည်၊ ထိုအခါမှ ဆိုလျှင် အချိန်နှောင်းသွားပြီ ဖြစ်သည်ဟု ဆိုသည်။ သို့သော် အများစုက ယင်းအား စိုးရိမ်မှု ကြီး လွန်းခြင်းဟု ဆိုကာ ပယ်ချခဲ့ကြပြီး AI သည် လူသားတို့၏ ညွှန်ကြားချက်များကိုပင် ပြည့်ပြည့်စုံစုံ လုပ်မပေးနိုင်ဟု ဆိုသည်။

 

သို့သော် AGI နှင့် ပတ်သက်၍ တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ရေးကို တရားရုံးမှ ဆုံးဖြတ် သတ်မှတ် နိုင်ခွင့်ရဖို့ အခွင့်အလန်း ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

ဖေဖေါ်ဝါရီ လ အတွင်း အယ်လွန် မတ်စ် သည် ၎င်း ပူးတွဲ တည်ထောင်ထားသည့် OpenAI ၏ GPT-4 ပုံစံတွင် AGI သဘောတရား များ ပါရှိ မရှိကို သတ်မှတ် ဆုံးဖြတ်ပေးရန် ကယ်လီဖိုနီယားရှ်ိ တရားရုံး တရုံးသို့ ဦးတိုက် လျှောက်ထားလာခဲ့သည်။ အကယ်၍ ပါရှိသည်ဆိုက သူ့ကုမ္ပဏီ အနေဖြင့် AGI မပါသည့် နည်းပညာကိုသာ မူပိုင်ခွင့် အဖြစ် လျှောက်ထားမည်ဟု ဆိုသည်။

 

အယ်လွန် မတ်စ်သည် သူ၏ အမှုကို ဂျုရီ လူကြီး များ ဖြင့် ဆုံးဖြတ်စီရင်ပေးရန် တင်ပြလာ၍ ကျွမ်းကျင် ပညာရှင်များပင် ဆယ်စုနှစ်ပေါင်း များစွာ ဝေခွဲမရ သည့် အရေးကို ကျွမ်းကျင်သူ များ မဟုတ်သည့် ဂျူရီလူကြီး လက်တဆုပ်စာက အဆုံး အဖြတ် ပေးရတော့မည့် ကိန်း ဆိုက်လာခဲ့ပြီ ဖြစ်သည်။

 

(၂၀၂၄ မတ်လ ၂၈ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "How to define artificial general intelligence" မှ ကောက်နှုတ် တင်ပြသည်။)