အာဏာသိမ်း အဖွဲ့၏ ဗဟိုချက်မ သို့ ကျယ်ပြန့်လာတော့မည့် စစ်ပွဲ (၂)

by Hla Soewai - Apr 08 2024

ထောက်လှမ်းရေး သတင်း ရပ်ကွက် တခု ၏ အစမ်း သဘော သုံးသပ် ချက်များအရ တပ်အင်အားသည် ၇၀,၀၀၀ ဝန်းကျင်သာ ရှိပြီး ရဲ နှင့် ပြည်သူ့စစ် အဖွဲ့များ ဖြင့် ဝိုင်းရံထားပြီး ကွပ်ကဲမှု တခု တည်း အောက်တွင် ရှိနေသည်။ ထိုအရည်အတွက်အား တသီးပုဂ္ဂလိက လေ့လာသူ အားလုံးက တညီတညွတ် တည်း သဘောတူညီထားကြသည်။

 

ထို့အပြင် နိုင်ငံ ဗဟိုချက် တွင် ရှိနေသော တပ်အချို့သည် စစ်အုပ်ချုပ်ရေး အား အကာအကွယ် ပေးနေရသည့် မြို့စောင့် အဆင့်မျိုးသာ ရှိနေပြန်သည်။

 

ထိုတပ်များသည် မတ်လ ၂၇ လက်နက်ကိုင် တပ်ဖွဲ့များ နေ့တွင် ချီတက်ကြရလေ့ရှိပြီး ၎င်းတို့အား နေပြည်တော်၊ ရန်ကုန် စစ်ဌာနချုပ် နှင့် အထူး တပ်ဖွဲ့ များ၊ လေထီးတပ်များ အောက်မှ စုစည်း ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ မိတ္ထီလာ၊ မကွေး၊ ပဲခူး၊ ပခုက္ကူ ရှိ အထိနာနေသော ခြေမြန် တပ်မ ဌာနချုပ်များမှ ရသလောက် အင်အားကို ထုတ်နှုတ် ယူခဲ့ခြင်းပင် ဖြစ်သည်။

 

ထိုတပ်များသည် နာဇီပါတီအား ကာကွယ်စောင့်ရှောက်ရန် ဖွဲ့စည်းထားသည့် Waffen SS တပ်များလို စစ်စည်းကမ်း အပြည့်နှင့် လက်နက် ကောင်းများ တပ်ဆင်ပေးထားခံရသူများ မဟုတ်ကြ၊ ထွက်ပေါက် မရှိ ဖြစ်လာ က ကျားကုတ် ကျားခဲ လည်း ခံတိုက်ကြမည့် လူများလည်း မဟုတ်ပေ။

 

ရှေ့လာမည့် လများ အတွင်း အလယ်ပိုင်း မြေပြန့် ဒေသများတွင် တိုက်ပွဲများ ပျံ့နှံ့လာဖို့ ရှိနေရာ တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက် ထိန်းချုပ်လာသည့် ဒေသများရှိ မြို့ပြများကို စစ်တပ်သည် လေကြောင်းပစ်ကူ နှင့် လက်နက်ကြီးများသုံး၍ ဖျက်ဆီးပစ်ရန် အနည်းငယ်မျှ ပင် ဝန်လေးကြမည် မဟုတ်ပေ။ ယခုထိ တိုက်ပွဲများတွင် ထိထိရောက်ရောက် မသုံးရသလောက် နီးပါး ဖြစ်နေသည့် သံချပ်ကာ ယာဉ်များကို အသုံးချလာဖို့လည်း ရှိနေသည်။

 

တဖက်တွင်လည်း ၂၀၂၁ ကတည်းက ဖွဲ့စည်းလာခဲ့သည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များသည်လည်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး နှင့် တနင်္သာရီ တောင်ပိုင်း ဒေသများ တွင် ပျောက်ကြား စစ်ဆင်ရေး ကို ကျွမ်းကျင် ပိုင်နိုင်စွာ ဆင်နွှဲ နိုင် နေကြပြီ ဖြစ်သည်။

 

သို့သော် ၎င်းတို့သည် အကျအန ပြင်ဆင် လေ့ကျင့်ပြီး လက်နက် အပြည့်အစုံ နှင့် တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသား တော်လှန်ရေး တပ်များလို မဟုတ်ပဲလျော့တိ‌ လျော့ရဲ ဖွဲ့စည်း ခဲ့ရသည့် PDF တပ်များအဖို့ အသေးစား လက်နက်ငယ်များ ဖြင့်သာ တိုက်ရင်း ခိုက်ရင်း က လေ့ကျင့်ခဲ့ရသူ များ ဖြစ်‌ နေသည်။

 

သေနင်္က ဗျူဟာ အရ ဦးတည်ချက် မရှိ၊ နည်းဗျူဟာမြောက် ထိန်းချုပ်ကွပ်ကဲ မှုလည်း မရှိက အားပျော့နေမည်သာ ဖြစ်သည်။ အင်နှင့်အားနှင့် စစ်ကစားလာသော ရန်သူ တပ်များကို ရင်ဆိုင်ပြီး ကြံ့ကြံ့ခံ ထိုးစစ် ဆင်နွှဲသွားရန် ဖွဲ့စည်းမှု နှင့် လက်နက်ကိရိယာ များ လိုအပ်နေဆဲဖြစ်သည်။ အတိုချုပ် ပြောရမည် ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်များသည် ထိုသို့ ထိုးစစ်ကြီး ဆင်နွှဲရန် အသင့် အနေအထား ရှိနေပြီး PDF များ အဖို့ မရှိသေးဟု ဆိုရမည်သာ ဖြစ်သည်။

 

ထိုသို့ ကွာဟနေမှု များကြောင့် စစ်ကောင်စီ၏ လူဦးရေ ထူထပ်သော အချက်အချာ နေရာများကို ရည်ရွယ် တိုက်ခိုက်ရမည့် စစ်ပွဲများသည် ပြင်းထန်ပြီး ရေရှည် ဖြစ်လာနိုင်သည် နှင့် အမျှ အကျအဆုံး ပိုများလာဖို့ ရှိနေသည်။ ယခုလက်ရှိ စစ်ဘေးရှောင် အရည်အတွက် ၂.၃ သန်းသည် ထိုအခါတွင် တော့ မပြောပ လောက်သော အရည်အတွက် သာ ဖြစ်သွားပေဦးမည်။

 

ထိုအနေအထားကို ‌လျော့ပါးသွားအောင် သို့မဟုတ် ရှောင်ရှားနိုင်အောင် အလျင်းသင့်သလို လုပ်သွားနိုင်သည့် အရေးပါသော အကြောင်းခြင်းရာ နှစ်ရပ် ရှိနေသည်။

 

အရေးပါဆုံး လည်း ဖြစ်သည့် ပထမ အကြောင်းခြင်းရာသည် စစ်‌ ရေး စွမ်းရည် နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များက မြေပြန့် ရှိ PDF များကို လေ့ကျင့်ပေးမှု နှင့် ထောက်ပို့ အရှိန်အဟုန်ကို မည်မျှ အတိုင်းအတာ အထိ မြှင့်တင် သွားနိုင် မည်၊ ဖြစ်နိုင်လျှင် စစ်အင်အားအရပါ ပံ့ပိုးပေးနိုင်မည် ဆိုသည် နှင့် ဆက်စပ်နေသည်။

 

ထိုလုပ်ငန်းစဉ်များသည် ကချင်၊ ကရင် နှင့် တအောင်း ဒေသများတွင် တော်လှန်ရေး စကတည်းက ရှိနှင့်ထားပြီး ဖြစ်သည်။

 

သို့သော်လည်း လမည့် လများ အတွင်း PDF တို့၏ တိုက်စွမ်းရည်ကို မြှင့်တင်သွားနိုင်ရေး နှင့် နောက်ပိုင်းတွင် ယခုထက် ပို၍ NUG ၏ ကာကွယ်ရေး ဝန်ကြီး ဌာန နှင့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ အကြား "စိတ်တူကိုယ်တူ ပူးပေါင်း ဆောင်ရွက်သွား" နိုင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့ အဆင့်ရောက်အောင် မြှင့်တင် သွားရမည် ဖြစ်သည်။

 

တိုင်းရင်းသား အဖွဲ့များ မကြာသေးမီက သိမ်းယူ နိုင်ခဲ့သော လက်နက်ကြီးများ၊ အထူးသဖြင့် လေယာဉ်ကို ထိမှန်အောင် ပစ်ခတ်နိုင်သော စက်သေနတ်များ၊ မော်တာများကို PDF များအား တပ်ဆင်ပေးဖို့ လိုအပ်လာပေလိမ့်မည်။

 

တိုင်းရင်းသားများ နှင့် ဗမာများအကြား ဆက်ဆံရေးသည် မကြာခဏ ဆိုသလို အဖုအထစ်များ ရှိနေတတ်သဖြင့် ထိုသို့ မဟာဗျူဟာမြောက် ဦးဆောင် လှုပ်ရှား နိုင်ဖို့ အရေးတွင် နိုင်ငံရေး နှင့် ဘဏ္ဍာရေး ပိုင်းများတွင် အဟန့်အတားများ သိသိသာသာ ရှိနေခဲ့သည်။ မည်သို့ဆိုစေ လတ်တလော အနာဂတ် အတွက် သေရေးရှင်ရေး ဆုံးဖြတ်ရဖို့ ဖြစ်လာချိန်တွင် အတိတ်ကို အတိတ်တွင်သာ ထားရှိရတော့မည် ဖြစ်သည်။

 

တရုတ်၏ အခန်းကဏ္ဍသည်လည်း အရေးပါနေသည်။ တရုတ်သည် ၎င်း၏ အရှိန်အဝါကို သုံးပြီး PDF များအား ကြီးကြီးမားမား အကူအညီမျိုး မပေးရန် ညီနောင် မဟာမိတ် အဖွဲ့အား ကန့်သတ်တားမြစ်လာဖို့ ရှိမရှိ သဲသဲကွဲကွဲ မသိရသေးပေ။ သို့မဟုတ်ကလည်း စစ်ကောင်စီ အလွန် အနာဂတ်တွင် အချက်အခြာ ဒေသများရှိ ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်သွားနိုင်ရေး အတွက် PDF များအား ညီနောင်သုံးဖေါ် မဟာမိတ်များ အဖြစ် တဆင့်ခံ အသုံးချ၍ ရသည်ဟု ရှုမြင်လာနိုင်သည်လား ဆိုသည်က လည်း မသဲကွဲသေးပေ။

 

ဒုတိယ အကြောင်းခြင်းရာ သည်ကား PDF များ အနေဖြင့် စစ်ရေး မဟာဗျူဟာ ကို တစုတစည်းတည်း ချမှတ်ကျင့်သုံး သွားနိုင်မှု ပေါ်တွင် မူတည်နေပေသည်။ အချင်းချင်း ညှိနှိုင်း ဆောင်ရွက်မှု မရှိပဲ "မဟာဗျူဟာမြောက် ထိုးစစ်ကြီး" ဆင်နွှဲခဲ့ခြင်း၏ အန္တရာယ် ကို ကောလင်းက ကောင်းစွာ မီးမောင်း ထိုးပြ နိုင်ခဲ့ပြီ ဖြစ်သည်။

 

လွတ်မြောက်နယ်မြေ အုပ်ချုပ်ရေး ဒေသ အဖြစ် ပုံဖေါ်နိုင်ရန် NUG က ကြိုးပမ်းခဲ့သော်လည်း ယခုအခါ စစ်တပ် က တမြို့လုံး ပြာကျအောင် ဗုံးကြဲ တိုက်ခိုက် ပြီး ပြန်သိမ်းသွားနိုင်သည့် အခါတွင်တော့ သိမ်းယူစဉ်ကတည်းက ဘာဖြစ်လျှင် ဘာလုပ်မည် ဆိုသည့် အသေးစိတ် အစီအစဉ်များ မရှိခဲ့ရသနည်းဟု မေးခွန်းထုတ်လာခဲ့ကြသည်။

 

မတ်လ အစောပိုင်းတွင် နောက်ထပ် အခွင့်အရေး အဖြစ် ချင်းတွင်း မြစ်ကမ်းရှိ ကနီ မြို့တွင် ရရှိလာခဲ့ပြန်သည်။ မြို့ကို PDF တပ်ပေါင်းစုက သိမ်းပိုက်လု နီးနီး ဖြစ်လာခဲ့ပြီး နောက်တွင် စစ်တပ်က အပြင်းအထန် ခုခံလာ၍ ပြန်ဆုပ်ပေးခဲ့ရသည်။

 

စစ်စခန်း အများစု ဆီ တသီးတခြားစီ ဖြစ်နေတတ်၍ အားပျော့နေတတ်သော်လည်း စစ်ပွဲ၏ လက်ရှိ အနေအထားတွင် မြို့ကို သိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းသည် စစ်တပ်၏ အင်နှင့် အားနှင့် တိုက်ခိုက်လာအောင် ဖိတ်ခေါ်သလို ဖြစ်လိမ့်မည်၊ ထိုသို့ ဖြစ်လာလျှင် PDF တို့ တောင့်ခံ မထားနိုင် ဆိုသော ပကတိ အမှန်တရားကို ထိုဖြစ်စဉ် နှစ်ခု စလုံးက ထင်ဟပ် ပေါ်လွင်စေခဲ့သည်။ PDF တို့ အောင်ပွဲများ ရနေသည့် စစ်ကိုင်းတိုင်း အတွင်း တွင်ပင် ထိုသို့ ဖြစ်သွားခဲ့သည် ဆိုလျှင် မန္တလေး နှင့် မကွေးဒေသများတွင် သေချာပေါက် တိုက်ထုတ်ခံရမည် ဖြစ်သည်။

 

ဟန်ချက် ညီညီ ညှိနှိုင်း ဆောင်ရွက်မှု မရှိပဲ အခွင့်သာလျှင် အခွင့်သာသလို လုပ်မည်ဆိုက လူနေထူထပ်သည့် မြို့ပြဒေသများကို မရွေးပဲ အောင်မြင်ဖို့ အခွင့်အလန်း ပိုများသည့် စစ်တပ် အတွက် ဆက်သွယ်ရေး နှင့် ထောက်ပို့ ပိုင်းတွင် အသက်သွေးကြောလို ဖြစ်နေသည့် နေရာများကိုသာ ရွေးချယ်သင့်သည်။ ဤသို့ဖြင့် အဝေးပြေး လမ်းများကို တဖြေးဖြေးထိန်းချုပ်လာနိုင်ခြင်းနှင့် မြို့တမြို့ နှင့် တမြို့အကြား စစ်တပ်၏ လှုပ်ရှားနိုင်စွမ်းကိုလည်း ကန့်သတ် ဟန့်တား ထားနိုင်သည့် အကျိုး နှစ်ရပ် ကို ရရှိနိုင်မည် ဖြစ်သည်။

 

ပထမဆုံး အနေဖြင့် အဝေးပြေး လမ်းများ ထိန်းချုပ် မည့် စစ်ဆင်ရေး မျိုးဖြင့် စစ်တပ် ကို မြို့ပြများ မှ ဆွဲခေါ်ထုတ်နိုင်ရမည် ဖြစ်သည်။ အချိန်ကြာလာသည် နှင့်အမျှ စစ်ပန်းလာပြီး အကျအဆုံး များလာမည် ဖြစ်သည်။ ထိုသို့သော စစ်ဆင်ရေး မျိုးဖြင့် ကေအင်ယူ နှင့် PDF တပ်ပေါင်းစုသည် ကော့ကရိတ် မြို့ အရှေ့ဖက် အာရှ အဝေးပြေးလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

 

ဒုတိယ အနေဖြင့် မြို့ပြဒေသများထဲသို့ ပျောက်ကျား စစ်ဆင်ရေး မျိုးဖြင့် ထိုး‌ဖေါက်၍ အနှောက်အယှက် ပေးနိုင်ရေး ဖြစ်သည်။ အဓိကအားဖြင့် ကားလမ်း၊ ရထားလမ်းများကို ဦးတည် တိုက်ခိုက်ရမည် ဖြစ်သည်၊ သို့မှသာ PDF များ အတွက် တပ်ရင်း၊ တပ်မ အဆင့် ဖွဲ့စည်း နိုင်ဖို့ အချိန်နှင့် နေရာ ရရှိနိုင်မည် ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းနိုင်မှသာ သေနင်္ဂ ဗျုဟာ မြောက် စစ်ဆင်ရေးများ ရေးဆွဲချ မှတ်နိုင်ပြီး မြို့ပြ များကို သိမ်းယူနိုင်မည် ဖြစ်သည်။

 

PDF တို့၏ စစ်ရေးစွမ်းရည် တိုးတက်လာမှု နှင့် စစ်ကောင်စီ ဗဟိုပြု ‌ရာ ဒေသများတွင် မဟာဗျူဟာ မြောက် စစ်ဆင်ရေးများ ဆင်နွှဲနိုင်အောင် NUG သည် သေချာပေါက် လုပ်ပေးနိုင်မည်ဟု တထစ်ချ မှတ်ယူ ထား၍မရ၊ အဘယ်ကြောင့်ဆိုသော အကွဲကွဲ အပြားပြား ပျံ့ကြဲနေသော စစ်မြေပြင် အနေအထားကြောင့် NUG သည် ထိုသို့ လုပ်နိုင်ရန် နိုင်ငံရေး နှင့် ထောက်ပို့ပိုင်းတွင် စိန်ခေါ်မှု များနှင့် ရင်ဆိုင်ရဖို့ ရှိနေသော ကြောင့်ပင် ဖြစ်သည်။

 

အထက်တွင် ဖေါ်ပြခဲ့သည် အရေးပါသော စစ်မျက်နှာ နှစ်ခု တိုးတက်မှု ရှိမလာခဲ့ပါက နှစ်ပေါင်းများစွာ ကြာသည်အထိ တိုင်းပြည်သည် အကြမ်းဖက်မှု များ နှင့် အလဲလဲ အပြိုပြို ဖြစ်သွားနိုင်သည့် အခြေ အနေ ဆိုက်သွားနိုင်ပြီး၊ မခန့်မှန်း နိုင်သော ဒေသတွင်း ဂယက်ရိုက်ခတ် မှု များ ထွက်ပေါ် လာနိုင်သု စစ်ရေး လေ့လာသုံးသပ်သူ အန်သနီ ဒေဗီးစ် ၏ အေးရှား တိုင်းမ် တွင် အကြံပြုချက် ကို ပြန်လည် တင်ပြလိုက်ပါသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!