အီကော ဘာလာစီဗစ် ၏ မြဝတီ သိမ်းပိုက်မှု အပေါ် သုံးသပ်ချက်

by Hla Soewai - Apr 13 2024

မြဝတီ အား သိမ်းပိုက် နိုင်မည်ဟု အားလုံးက မျှော်လင့်ထားကြပြီး ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် ၎င်း၏ နောက်လိုက် နောက်ပါ ဗိုလ်ချုပ်များ အတွက်က ရခိုင်၊ ကချင်ပြည်နယ်များ တွင် ဆက်တိုက်ဆိုသလို အရေးနိမ့်လာနေရာမှ ယခု မြဝတီ နယ်ခြား ကုန်သွယ်‌ ရေး မြို့အား လက်လွှတ်လိုက်ရခြင်းသည် ၎င်းတို့ အထိနာဖို့ လွန်စွာ အရေးပါသော အကြောင်း နှစ်ရပ် ထွက်ပေါ်လာရသည်ဟု အီဂေါ ဗလာစီဗစ်က ဧရာဝတီ သတင်းစာမျက်နှာတွင် သုံးသပ်ထား သည်။

 

ပထမ အကြောင်းက အရှက်တကွဲ အဖြစ်နှင့် ရင်ဆိုင်ရခြင်းပင် ဖြစ်သည်။ စစ်တပ် အတွင်း စိတ်ဓါတ်အင်အား များ သေချာပေါက် ပြိုလဲသွားခဲ့မှု နှင့် အတူ စစ်တပ် နှင့် ၎င်းတို့အား ထောက်ခံသူများ အကြား မင်းအောင်လှိုင်၏ ဦးဆောင်မှု အပေါ် ယုံကြည်မှု ကင်းမဲ့သွားကြခြင်း ပင် ဖြစ်သည်။ (၎င်းတို့အဖို့က မင်းအောင်လှိုင် အား ယုံကြည်စရာ အကြောင်း ကွယ်ပျောက်သွားပြီး ၎င်းနိုင်ငံ အနှံ ချေနေသည့် ယတြာများ အစွမ်းပြလာလေမည်လားဟုသာ မျှော်လင့်စရာ ရှိတော့သည်။- ဤကား မိမိ စကားချပ်)

 

ဒုတိယ အကြောင်းသည်ကား မဟာဗျူဟာ ပိုင်းနှင့် သက်ဆိုင်နေသည်။ မြဝတီမြို့ အား လက်လွှတ်လိုက်ရခြင်းကြောင့် ထောက်ပို့ နှင့် ကုန်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။ ယင်းနှင့်အတူ ဒေသတွင်း နှင့် နိုင်ငံတကာ၏ စစ်ကောင်စီ အပေါ် အမြင်သည်လည်း သိသိသာသာ ပြောင်းလဲ သွားစေခဲ့သည်။

 

အာဏာသိမ်း တပ်များသည် ကချင် နှင့် ရခိုင်ပြည်နယ်များ တွင် ထောက်ပို့ ပိုင်း အခက်အခဲများ နှင့် မြေ အနေအထား မကျွမ်းကျင်မှု များ ကြောင့် ထိုးစစ်ကြီး တရပ် မည်သို့မျှ ဆင်နွှဲလာနိုင်စရာ မရှိပေ။ လုပ်မည်ဆိုကလည်း အောင်မြင်စရာ မရှိပဲ လက်နက်ချသူချ၊ ထွက်ပြေးသူ ပြေး နှင့် ပို၍ အရှက်ကွဲ ရဖို့သာ ရှိသည်။

 

သို့သော် မြဝတီ ကိုကား တန်ပြန် ထိုးစစ် ဆင်လာနိုင်သည်။ ၎င်းတို့၏ လက်ရှိ စစ်အင်အား အနေအထား နှင့် တည်ဆောက်ပုံအရ ပြန်လည် သိမ်းယူ နိုင်စွမ်း မရှိတော့သော်လည်း ဖျက်လို ဖျက်စီး လုပ်နိုင်သမျှ လုပ်သွားရန် ကြိုးစားလာမည် ဖြစ်သည်။

 

၎င်းတို့၏ အင်အား အရင်းအမြစ် များ နှင့် စွမ်းဆောင် နိုင်စွမ်းသည် ရက်သတ္တပတ်ပြီး တပတ် လျော့ကျ လာနေပြီ ဖြစ်သည်။ မှေးမှိန် ကျဆင်းလာသော အင်အားကိုသာ ကျစ်လစ်စွာ စုစည်းကာ အဖျက်စွမ်းအား ကို မြှင့်တင် သွားဖို့ ရှိသည်။

 

စစ်တပ် အတွက်ကာ သေဖို့ ရှင်ဖို့ ရွေးချယ်ရဖို့ ဖြစ်လာနေသည်။

 

ယခုအခါ စစ်ထရပ်ကားများသည် ဖားအံ နှင့် မော်လမြိုင်ဖက်မှ မြဝတီသို့ ဦးတည်လာနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ စစ်တပ်၏ အလဲလဲ အပြိုပြို ဖြစ်လာမည့် မြင်ကွင်းကို ပြင်ပ ကမ္ဘာ မှ မျက်မြင် တွေ့ခွင့်ရတော့မည် ဖြစ်ပြီး ၎င်းတို့အဖို့ဖို့ အခြေအနေ အရပ်ရပ် ပြောင်းလဲသွားစေမည့် game changer ဖြစ်လာနိုင်သည်။ လမ်းများ ပေါ်တွင် ဖျက်စီး ခံထားရသော ထရပ်ကားများ နှင့် စစ်သားများ လဲကျနေသည့် ဗီဒီယို ဖိုင်များ နှင့် ဓါတ်ပုံ များ စစ်တပ် အတွင်း အင်အားပြင်းသော လှိုင်းဂယက်ကြီး ရိုက်ပုတ်ခံလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။

 

ရခိုင် နှင့် ချင်းပြည်နယ် များ တွင် တွေ့ရသော စစ်ယာဉ်တန်း များ တုံးလုံးပက်လက် ဖြစ်နေသလို မျိုး တွေ့လာရမည် ဆိုက မင်းအောင်လှိုင်၏ နိဂုံး ရောက်လာပြီကို အချက်ပြ နေသလို ဖြစ်လာပေလိမ့်မည်။

 

ပြဿနာတခု ရှိနေသည်ကား ဖားအံ၊ မော်လမြိုင် နှင့် မြဝတီ အကြား မြေအနေအထားသည် ချင်း နှင့် ရခိုင် ပြည်နယ်များလို မတူပဲ ကွဲပြားနေခြင်းပင် ဖြစ်သည်။ စစ်တပ်သည် လက်နက်ကြီးများ သုံး၍ အင်အားကို အလျှင်အမြန် တည်ဆောက်နိုင်နေသည်။

 

သို့သော် ၎င်းတို့၏ တန်ပြန် ထိုးစစ်က အကြောင်း အမျိုးမျိုး ဖြင့် ပျက်ပြားသွားနိုင်သည်။

 

မြဝတီသို့ အသွားလမ်း တွင် စစ်ဆေးရေး ဂိတ် ပေါင်း များစွာ ရှိနေသည်။ မြို့ အနောက်ဖက် ၂၅ မိုင် အကွာရှိ ကော့ကရိတ် အား ကေအင်ယူ နှင့် တပ်ပေါင်းစု က ထိန်းချုပ်ထားပြီး ဖြစ်သည်။ တောင်ဖက် တွင်လည်း ထိုနည်း၎င်း ဖြစ်၍ စစ်ကောင်စီ ယာဉ်တန်းအား ခြုံခို တိုက်ခိုက်ခြင်း၊ မြေမြုပ် မိုင်းများ နှင့် နှေးကွေးသွားအောင် ပြုလုပ်နိုင်သည်။

 

တန်ပြန်ထိုးစစ် အား ရိုက်ချိူးနိုင်ရန် ဒီထက်မက လုပ်ဖို့ လိုနေသေးသည်။ ထိုနေရာတွင် ကရင် အမျိူးသား တပ်ဟု အမည်ပြောင်းထားသည့် နယ်ခြားစောင့် တပ် မည်သို့ မည်ပုံ လှုပ်ရှားလာမည် ဆိုသည် ပေါ်လည်း မူတည်နေသည်။ ၎င်းတို့ပြောထားသလို ကြားနေမည်လော၊ သို့တည်း မဟုတ် စစ်ကောင်စီ ယာဉ်တန်းများ မြဝတီသို့ ရောက်မလာနိုင်အောင် ကေအင်ယူ နှင့် တပ်ပေါင်းစုကို ခိုးကြောင်ခိုးဝှက် ကူညီသွားမည်လော၊ လက်ရှိတွင် ကေအင်ယူသည် စစ်အင်အား အသာဖြင့် ရှိနေသည်။

 

စစ်ကောင်စီ သည် အဆိုပါ ထိုးစစ်အား ကြီးကြပ်ရန် ဒု ခေါင်းဆောင်ကိုပင် စေလွှတ်ထား၍ ၎င်းတို့ အတွက် မည်မျှအထိ အရေးကြီးနေသည်ကို သိသာနေသည်၊ ရှိသမျှ အင်အားကို ထုတ်နှုတ် သုံးဖို့ ရှိနေ၍ လစ်ဟာသွားသော နေရာများကို နောက်ဖက်မှ ဝင်တိုက်နိုင်ဖို့ လိုနေသည်။ နိုင်ငံ အနှံ့ တိုက်လို့ရသည့် နေရာ မှန်သမျှ တိုက်မှ ဖြစ်မည်၊ သို့မှသာ ၎င်းတို့ အနေအထားကို ပြောင်းပြစ်နိုင်မည် ဖြစ်သည်။

 

ထိုသို့ တပြိုင်တည်း တိုက်နိုင်မည် ဆိုက တော်လှန်ရေး တပ်ဖွဲ့များ တစုတစည်း တည်း ရှိကြောင်း ပြသရာလည်း ရောက်ပေသည်။ ၎င်းတို့ အဖို့လည်း ကရင်ပြည်နယ်ထဲ ဝင်နိုင်ဖို့ အင်အား လျော့နည်းသွားမည် ဖြစ်သည်။

 

ထိုင်း၏ ကဏ္ဍသည်လည်း အရေးပါလာသည်၊ စစ်ကောင်စီသည် မြဝတီအား တန်ပြန် ထိုးစစ်ဆင်လာမည် ဆိုက ထိုင်း နယ်စပ်တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလာနိုင်ပြီး ၎င်းတို့ အတွက်ကုန်သွယ်ရေး တွင် အရေးပါသော မြို့ ပျက်စီးသွားနိုင်ပြီး လူများ အလုံးအရင်း နှင့် ထွက်ပြေး ခိုလှုံလာနိုင်သည်။ ထိုင်းမှ အပစ်အခတ် ရပ်စဲရန် သံတမန်ရေး အရ ဖိအား မပေးနိုင်ခဲ့လျှင် နောက်ထပ် အနည်းဆုံး ဒုက္ခသည် ၅၀,၀၀၀ ကျော် သောင်တင်သွားနိုင်သည်။

 

ကေအင်ယူ နှင့် တော်လှန်ရေး တပ်ပေါင်းစုသည်လည်း စစ်ကောင်စီ၏ တန်ပြန် ထိုးစစ်အား နှောင့်နှေးသွားအောင် နည်းမျိုးစုံ ဖြင့် ဟန့်တားထားနိုင်သည်။ သို့မှသာ ထိုင်းအစိုးရ၊ သံတမန်များ နှင့် စစ်ဗိုလ်ချုပ်များ အတွက် အခြေအနေကို အပြည့်အဝ သုံးသပ်နိုင်ပြီး စစ်ကောင်စီအား စစ်ရေး လှုပ်ရှားမှု များ ရပ်ဆိုင်းရန် ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်ဖို့ အချိန်ရမည် ဖြစ်သည်။

 

ဘန်ကောက် မှ ထိုသို့ ဖိအား ပေးနိုင်သည့် အနေအထား ရှိနေသည်၊ စစ်ကောင်စီသည် ထိုင်းသို့ ရောင်း၍ရသော ရေနံ နှင့် ဓါတ်ငွေ့များမှ ဝင်ငွေများ ရနေသည်။ မင်းအောင်လှိုင်အားလည်း ၎င်းတို့ အကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း မလုပ်ဖို့ သိုသိုသိပ်သိပ် သတိပေးလာနိုင်သည်။

 

စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်ကို ဟန့်တားနိုင်မှ ဖြစ်မည်၊ သို့မဟုတ်က နောက်ထပ် မြို့တမြို့ကို ဖျက်ဆီး ခံရနိုင်သည်။ ဆိုလိုသည်က မင်းအောင်လှိုင်၏ လုပ်ရပ်များ ရပ်တန်းက ရပ်အောင် လုပ်မှ ဖြစ်ပေမည်ဟု ရေးသားထားသည်။

 

ခေတ်သစ် သတင်းအရ ယခင် လည်/ဆယ် ဝန်ကြီးဟောင်း မြင့်လှိုင်သည် မင်းအောင်လှိုင်အား ဖြုတ်ချရန် ကြဲစည်သည်ဟု သတင်းကို ခင်ရီမှ တဆင့် ပေါက်ကြားသွား၍ ၎င်းအား ယခင် ဝန်ကြီး ဖြစ်စဉ် အမှုများ ဖြင့် ဖမ်းဆီးထားသည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(နယ်စပ် ဖြတ်ကျော် တံတား တွင် တဖက်နိုင်ငံသိူ့ ဝင်ပြေး နိုင်ရန် စောင့်ဆိုင်းနေသော စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်)