စစ်ကောင်စီ ဘာဆက်လုပ်မလဲ အပေါ် ဂါဒီယန်း သတင်းစာကြီး၏ သုံးသပ်ချက်

by Hla Soewai - Apr 13 2024

မြဝတီ အား အပြီးသတ် သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ လက်ကျန် တပ်ရင်း ခမရ ၂၇၅ ဌာနချုပ်အား ကရင် အမျိုးသား လွတ်မြောက်ရေး တပ် နှင့် မဟာမိတ် တပ်များက ဒုတိယ မြောက် နေ့ အဖြစ်ထိုးစစ် ဆင် တိုက်ခိုက်လာပြီး စစ်ကောင်စီ သစ္စာခံ တပ်များကလည်း ခုခံနေ၍ တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသည်။ 

 

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တွင် တိုက်ပွဲများကို ကြီးကြပ်ရန် ရောက်နေသော ဒုခေါင်းဆောင် စိုးဝင်း နှင့် အဖွဲ့ အားလည်း တော်လှန်‌ ရေး အဖွဲ့၏ နည်းပညာ တပ်ရင်း ရှားထူးဝေါ မှ လွန်စွာ ပြင်းအားရှိ တောင်ပံတပ် ဒရုန်း နှစ်စင်း ဖြင့် တိုက်ခိုက်ခဲ့၍ စိုးဝင်း ဒဏ်ရာရရှိသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

 

မြဝတီ ကို ယခုလို အသည်းအသန် ခုခံနေခြင်းသည် စစ်ဗိုလ်ချုပ်များ အတွက် စီးပွားရေး နှင့် မဟာဗျူဟာ အရ ထိုးနှက်ခံရယုံမက ၎င်းတို့အဖို့ အရှက် ဗြန်းဗြန်း ကွဲမည့် အရေး ကြောင့်လည်း ဖြစ်သည်ဟု အစချီ၍ လန်ဒန် ထုတ် ဂါဒီယန်း သတင်းစာကြီး မှ အထက်ပါ ခေါင်းစဉ် ဖြင့် ရေးသား ဖေါ်ပြလာခဲ့သည်။

 

လက်ရှိ ဖြစ်ပေါ်နေ‌သော အနေအထားများ ကြောင့် လူထု အကြား အားရ တက်ကြွ လာသော်လည်း တပ်ထဲတွင် တော့ မင်းအောင်လှိုင်၏ ခေါင်းဆောင်မှု အပေါ် ဒေါသတကြီး မေးခွန်း ထုတ်လာနေကြပြီ ဖြစ်သည်။ နေပြည်တော် တွင်လည်း နိုင်ငံရေး အရ ဂယက် ရိုက်ခတ်မှု များ ရှိလာနေသည်။

 

နိုင်ငံ တဝှမ်းလုံး တွင်လည်း တော်လှန်ရေး အဖွဲ့ အသီးသီး၏ ဝိုင်းဝန်း တိုက်ခိုက်ခံနေရသဖြင့် တောင်ပြေး မြောက်ပြေး ဖြစ်နေပြီး မနိုင်ရင်ကာ ခုခံ နေကြရသည်။ ထို့အတွက် လည်း စစ်မှုထမ်း ဥပ‌ဒေ ကို အသက်သွင်းလာပြန်၍ လူငယ်များ လွတ်ရာ ကျွတ်ရာ သို့ ထွက်ပြေး ကုန်ကြပြန်သည်။

 

မည်သို့ပင် ဖြစ်စေ စစ်တပ်သည် ဆုံးရှုံးသွားသော နယ်မြေများကို မည်သို့မျှ ပြန်ရနိုင်စရာ အကြောင်း မရှိဟု အားလုံးက တွက်ဆထားကြပြီး ဖြစ်သည်။ 

 

စစ်တပ်သည် နေ့စဉ် နှင့် အမျှ အရှုံး နှင့် အရှက်တကွဲ ရင်ဆိုင်နေရ၍ ရှေ့လျောက် အာဏာစက်ကို မည်သို့ ဖြန့်ကျက် အုပ်ချုပ်သွားမည် နည်း ဆိုသည့် မေးခွန်း နှင့် အတူ စစ်တပ် အတွင်း အောက်ခြေ အထိ လှိုက်စား လာနေပြီဟု နိုင်ငံတကာ အကျပ်အတည်း များ လေ့လာရေး အဖွဲ့ မြန်မာ တာဝန်ခံ ရစ်ချတ် ဟိုးဆေးက ဆိုသည်။

 

၎င်းက နောက်ထပ် ဖြစ်လာစရာ ရှိနေသည်က ၎င်းတို့ မည်မျှအထိ အရေးနိမ့်လာမည်နည်း ဟု အလွယ်တကူ စဉ်းစား၍ မရတော့ပဲ စစ်တပ် အတွင်း စိတ်ဓါတ်ရေးရာ မည်မျှအထိ ရိုက်ခတ် သွားနိုင်သလဲဟူ၍ ဖြစ်သည်။ စစ်တပ် ပြိုလဲသွားမည် မဟုတ်သော်လည်း မင်းအောင်လှိုင်၏ ခေါင်းဆောင်မှု အပေါ် အတွင်းကျိတ် ပေါက်ကွဲခြင်းမျိုး ဖြစ်လာနိုင်သည်ဟု မှတ်ချက်ချခဲ့သည်။ 

 

မင်းအောင်လှိုင် နေရာ အစားဝင်လာမည့်သူသည် အခက်အခဲများ တောင်ပုံ ရာပုံ ရင်ဆိုင်ရဖို့ ရှိနေ၍ ၎င်းထက် ပို၍ ရက်စက်ကောင်း ရက်စက်လာနိုင်စရာ ရှိနေသည်။

 

အာဆီယံသည် လက်ရှိတွင် နိုင်ငံတကာ အား ကိုယ်စားပြု၍ မြန်မာ အရေး ကို ‌ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု ရမလာခဲ့ပေ။

 

လူထု ၏ ရွံရှာမုန်းတီးခြင်း ခံနေရပြီး စစ်ရာဇဝတ်မှု ပေါင်းများစွာ ကျုးလွန်နေသည်ဟု စွပ်စွဲခံထားရသော စစ်ခေါင်းဆောင်များဖက်ကတော့ ဆွေးနွေးလာဖွယ် မရှိပေ။

 

အမျိုးသား ညီညွတ်ရေး အစိုးရ သည် စစ်တပ်မှ လက်နက်ချလာမှသာ ဆွေးနွေးနိုင်မည် ဆိုသော ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောထားခဲ့ပြီး ဖြစ်သည်။

 

ထို့အတွက် စေ့စပ် ဆွေးနွေးဖို့က မည်သို့မျှ အစရှာမရ သည့် အနေအထား မျိုး ဖြစ်နေသည်။

 

တရုတ်သည်သာ နိုင်ငံတွင်း အနေအထားများကို ပြောင်းလဲအောင် ဩဇာလွှမ်းမိုးနိုင်သည့် တခုတည်းသော နိုင်ငံ ဖြစ်လာသည်။ သို့သော်လည်း အကန့်အသတ် နှင့်သာ ဖြစ်သည်၊ ၎င်းတို့နှင့် စစ်တပ်အကြား ဆက်ဆံရေးသည်လည်း ရှုတ်ထွေးနေသည်။

 

တရုတ်သည် ဒေါ်အောင်ဆန်းစုကြည် အစိုးရ နှင့် နီးကပ်သော ဆက်ဆံရေး ရှိသည့်အပြင် နိုင်ငံတွင်း ရင်းနှီးမြုပ်နှံ မှု များ လုပ်ထားပြီး ဖြစ်၍ အာဏာသိမ်းသည်ကို မနှစ်မြို့ပေ။ အာဏာသိမ်းခဲ့မှု ကြောင့် နိုင်ငံတွင်း ကသောင်းကနင်း နှင့် မတည်ငြိမ်မှုများသာ ထွက်ပေါ်လာခဲ့သည်။

 

ထို့ပြင် ၎င်းတို့ နိုင်ငံသားများအား အွန်လိုင်းလိမ်လည်မှု ကျုးလွန်နေသည့် ဂိုဏ်းများ မှိုလိုပေါက်လာနေသည်ကို စစ်တပ်က ဟန့်တား နိုင်ခြင်း မရှိမှူ ကိုလည်း စိတ်ပျက်လာနေသည်။ ထို့အတွက်ကြောင့်လည်း စစ်တပ်အား ထိုးစစ်ဆင်ရန် အင်အားတောင့်တင်းသော မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ကို အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။ ၎င်းတို့ လိုလားချက်များ ရရှိသွားပြီး စစ်တပ် အရေးနိမ့်လာသည့် အခါတွင်တော့ အပစ်ရပ်ရေး အတွက် ကြားဝင်ပေးလာခဲ့သည်။

 

ဘီဂျင်းသည် မြန်မာ့ အရေးတွင် အခရာကျသူ အားလုံးနှင့် ဆက်ဆံရေး ကို တည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။ မြန်မာသည် အချင်းချင်း ညီညွတ်မှု မရှိပဲ အားပျော့နေမှသာ ၎င်းတို့ အပေါ် အမြဲလို အောက်ကျို့ နေကြမည်ဟု ခံယူထားကြောင်း လေ့လာသူများက ကောက်ချက်ချခဲ့ကြသည်။ ၎င်းတို့နယ်စပ်ဖက်တွင် အနောက်ကို ယိမ်းသည့် လစ်ဘရယ် ဒီမိုကရေစီ စနစ် ရှိနေမည်ကို မလို‌လားဟု ရေးသားထားသည်။

 

အလားတူ မြန်မာ့အရေး လေ့လာသူ နီကိုလပ်စ် ကောင်း ကလည်း ယုရေရှား ရီဗြူး တွင် နိုင်ငံတကာ အနေဖြင့် စစ်တပ်၏ အမြတ်ထွက် ရန် အမြဲလို လှည့်စားလေ့ရှိသည့် သဘောကို သိထားသင့် ကြောင်း နှင့် တိုင်းရင်းသား အဖွဲ့များလည်း စစ်တပ် နှင့် ဆက်ဆံရေးသည် အမြဲလို မုန်တိုင်းထန် ခဲ့သည်များကို မမေ့လျော့သင့်ကြောင်း ထောက်ပြ ရေးသား ထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်း လှန်စစ် မုချ အောင်ရမည်!!!