Mission Impossible

by Hla Soewai - Apr 13 2024

မဖြစ်နိုင်သည့် လုပ်ငန်းစဉ် တရပ်ကို ထမ်းဆောင်ချင်သူ နှင့် ထမ်းဆောင်ရန် တာဝန် ပေးခံရသူ တို့ ယခု အပတ် အတွင်း ထွက်ပေါ်လာခဲ့သည်။

 

ထမ်းဆောင်ချင်သူက ကမ္ဘောဒီယား ယာယီ နိုင်ငံ အကြီး အကဲ ဖြစ်သူ ဟွန် ဆန် ပင် ဖြစ်သည်။

 

ပြီးခဲ့သည့် ရက်က ထိုင်းဝန်ကြီးချုပ် ဆက်ထာ ထဝီဆင် မှ မြဝတီ ကို လက်လွှတ်လိုက်ရသည် အထိ ဖြစ်လာ‌ သော စစ်ကောင်စီအား အင်အား ချိနဲ့လာပြီ ပြောဆိုကာ ဆွေးနွေးဖို့ အချိန်ရောက်ပြီဟု ပြောခဲ့ပြီး မကြာမီမှာပင် ဟွန်ဆန် မှ ဗီဒီယို ကွန်ဖရင့် ဖြင့် မင်းအောင်လှိုင် နှင့် ဆွေးနွေးရန် ကမ္ဘောဒီယား ဆိုင်ရာ မြန်မာ သံအမတ် ‌ဆိုသူ ကျော်စိုးမင်း နှင့် တွေ့ပြီး ကမ်းလှမ်းလိုက်ခြင်းပင် ဖြစ်သည်။

 

၎င်းတို့ စကားထဲတွင် ထိုသို့ အခြေအနေ ဖြစ်လာအောင် မဆုပ်မနစ် တိုက်ပွဲဝင်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ကို တော့ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။

 

ဟွန်ဆန် သည် ကိုယ်ချင်းစာစိတ် ဖြင့် ထွက်ပေါက်ရရန် မင်းအောင်လှိုင်အား ဖျောင်းဖြလိုပုံ ရသော်လည်း ၎င်းအား တော်လှန်ရေး မဟာမိတ်များက အယုံအကြည် မရှိ ဖြစ်နေကြသည်။

 

တဖက်တွင်လည်း မင်းအောင်လှိုင်သည် ယတြာ အားကိုးဖြင့် ၎င်း သမ္မတ ဖြစ်ကို ဖြစ်ရမည်ဟု ယုံကြည်နေပုံရ၍ ဟွန်ဆန်၏ ကမ်းလှမ်းချက်သည် အရာထင်မည် မဟုတ်ပေ။

 

တာဝန် ပေးခံရသူ သည်ကား ဩစတေးလျှ နိုင်ငံ ခြားရေး ဝန်ကြီးဟောင်း မစ္စက် ဂျုလီ ဘစ်ရှော့ ဖြစ်သည်၊ သူမအား ကုလ အတွင်းရေးမှုး ချုပ် မှ ၎င်း၏ အထူး သံတမန် အဖြစ် ထမ်းဆောင်ရန် ရွေးချယ် ခန့်အပ်လိုက်ခြင်းပင် ဖြစ်သည်။

 

ကုလသမဂ္ဂ သည် မြန်မာ ပြည်သူများ အကျိုး အတွက် အာဏာစက် ဖြင့် လိုက်နာရမည့် ဆုံးဖြတ်ချက်မျိုး တခု တလေမျှ မချမှတ် နိုင်ခဲ့၍ အထူး သံတမန် ၏ လုပ်ပိုင်ခွင့်သည်လည်း ပျောက်ဆုံးနေရပြီ ဖြစ်သည်။

 

သူမ အဖို့ စစ်ကောင်စီ မှ အခြေအနေမှန်ကို ‌ သဘောပေါက် လာမည့် အချိန်ကိုသာ စောင့်ရဖို့ ရှိသည်မှ လွဲ၍ ဘာမှ တတ်နိုင်မည် မဟုတ်ပေ။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ဩစတေးလျှ ကိုယ်စားလှယ် ဖြစ်သူ ဦးထွန်းအောင်ရွှေမှ သူမ သည် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်စဉ် ဆီရီယားသို့ အာဆတ် အစိုးရ၏ သ‌ဘောတူ ခွင့်ပြုချက် မပါပဲ လူလူချင်း စာနာ ထောက်ထားသည့် အကူအညီများ နယ်ခြားဖြတ်ကျော် ပို့ဆောင်ရန် လုံခြုံရေး ကောင်စီ မှ ဆုံးဖြတ်ချက် ထွက်လာအောင် လုပ် ဆောင် နိုင်ခဲ့သူ ဖြစ်၍ ယခုလည်း ထူးခြားမှု ရှိလာလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောဆိုကာ သူမ အား ခန့်အပ်မှု ကို ကြိုဆိုခဲ့သည်ဟု မြန်မာနောင်းတွင် ဖေါ်ပြထားသည်။

 

ကင်ဘာရာ ရှိ နယူးဆော့ဝေးလ် တက္ကသိုလ် နိုင်ငံတကာရေးရာ ဌာန အထက်တန်း ကထိက ဒေါက်တာ မော်တင် ပီဒါဆင် မှ တိုင်းပြည်အား ဆက်၍ ထိခိုက် ပျက်စီးမှု မရှိစေပဲ စစ်ပွဲများ အဆုံးသတ်သွားရေးသည် စစ်ဗိုလ်ချုပ် များ မှ ၎င်းတို့ လက်နက်ချရန် အတွက် တောင်းဆိုချက်များ၊ နှစ်ဖက် လက်နက် ဖြုတ်ရေး နှင့် လက်နက်ကိုင်များကို အရပ်ဖက် တွင် ပြန်လည် နေရာချထားရေး အစရှိသည် တို့ကို ဆွေးနွေး နိုင်မှသာ ဖြစ်မည်ဟု ဆိုသည်။

 

စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ မစ္စက် ဂျုလီ ဘစ်ရှော့အား ခန့်အပ်မှု ကို ယခုထိ ကုလ သမဂ္ဂ မှ တရားဝင် ဆက်သွယ် အကြောင်းကြားခြင်း မရှိဟု ပြောဆိုပြီး ကုလ လူ့အခွင့်အရေး ကောင်စီ ၏ တညီတညွတ် တည်း ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အားလည်း အခြေမမြစ်မရှိ တဖက်သတ် စွပ်စွဲချက် များ ဟု ဆိုကာ ပယ်ချ ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

နောက်ထပ် ရရှိသော သတင်းအရ အမေရိကန် ရေနံ ကုမ္ပဏီ ချေဗရွန်သည် ရတနာ သဘာဝ ဓါတ်ငွေ့ တူးဖေါ်ရေး တွင် ပါဝင် ခြင်း ရှိတော့မည် မဟုတ်ဟု ၎င်းတို့ ပြောဆိုခဲ့သည့် အတိုင်း ၎င်းတို့၏ ရှယ်ယာ ၄၁.၁ ရာနှုန်းအား ကျန် အစုစပ် အဖွံ့ဝင်များအား ခွဲဝေ ရောင်းချသွားခြင်း လုပ်ငန်းစဉ်များ အဆုံးသတ် သွားပြီ ဖြစ်ကြောင်း အထူး အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထိုင်း၏ PTTEP သည် ရတနာ ဓါတ်ငွေ့ တွင်း အတွက် ရှယ်ယာ ၆၂.၉၆ ရာနှုန်း ပိုင်ဆိုင်သွားပြီ ဟု သောကြာနေ့က တရားဝင် ထုတ်ဖေါ် ပြောဆိုခဲ့သည်။

 

ထိုင်းအစိုးရ မှ စစ်ကောင်စီ၏ တောင်းဆိုချက်အရ အထူး လေယာဉ် မဲဆောက်တွင် ဆင်းခွင့်ပြုခဲ့ခြင်း အပေါ် ဂယက် ရိုက် ခတ်လာမှု များ အပေါ် တုန့်ပြန်ပြောဆိုရာတွင် မိမိတို့ အနေဖြင့် သုံးနှစ်ကြာလာပြီ ဖြစ်သော မြန်မာ ပဋိပက္ခ တွင် ကြားနေလျက် ရှိကြောင်းနှင့် မဲဆောက်မှ တနင်္ဂနွေနေ နေ့တွင် ပြန်လည် ထွက်ခွာသွားသော လေယာဉ် တွင် အစိုးရ ရုံး စာရွက်စာတမ်းများသာ ပါသွားပြီး လူ နှင့် လက်နက်များ တင်ဆောင်သွားခြင်း မရှိဟု နိုင်ငံခြားရေး ဝန်ကြီး ပန်ပရီး ဘာဟစ်ဒါ နူကာရာ မှ ထုတ်ဖေါ် ပြောဆိုသွားခဲ့သည်။

 

အဆိုပါ လေယာဉ် ဖြင့် လိုက်ပါရန် ရှိသော အရပ်ဖက် ဝန်ထမ်းများ သည် မြဝတီရှိ စစ်ကောင်စီ တပ်ရင်း မှ တော်လှန်ရေး တပ်ပေါင်းစုထံ လက်နက်ချခဲ့ခြင်းကြောင့် ကျန် နေရစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

 

သင်္ကန်းညီ နောင် ဗျုဟာ ကုန်း ရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင် ၁၄၀ အပါအဝင် စုစုပေါင်း ၆၀၀ ကျော်သည် ကေအင်ယူ ဦးဆောင်သော တပ်ပေါင်းစု ထံ လက်နက်ချခဲ့သည်ဟု နစ်ကီ အေရှား ရီဗြူးတွင် ပါရှိလာသည်။

 

တနင်္ဂနွေ့နေ့က ဆိုရှယ် မီဒီယာ‌တွင် တွေ့ရှိရသော ပုံများတွင် ခရီးသည်များ နှင့် ဝန်စည် စလယ်များ သယ်ဆောင်လာသော ကားများ ချစ်ကြည်ရေး တံတား ကို ဖြတ်၍ မဲဆောက်သို့ ဦးတည်လာနေပုံ နှင့် မြန်မာ လေကြောင်းလိုင်းမှ လေယာဉ်တစီး မဲဆောက် လေဆိပ်တွင် ရပ်နေပုံ တို့ တွေ့ခဲ့ရသည်။

 

ထိုင်းအရာရှိများက မြဝတီမှ ၎င်းတို့လူများ ရွှေ့ပြောင်း ပြီးသွားပါက မြန်မာ စစ်တပ်မှ ဗုံးကြဲ ဖျက်ဆီး ရမ်းကား လာမည်ကို စိုးရိမ်လျက် ရှိသည်ဟု သတင်းများ ထွက်ရှိလာခဲ့သည်။

 

ကေအင်ယူ သည် မြို့တွင်း တိုက်ပွဲများ မဖြစ်ရန် ချင့်ချင့် ချိန်ချိန် ဖြင့် အပြီးသတ် ထိုးစစ်ကို ဆင်နွဲလျက် ရှိပြီး ယခုအခါ မြဝတီ မြို့၏ ၉၀ ရာနှုန်းကို ထိန်းချုပ်ထားနိုင်ပြီဟု ပြောဆိုခဲ့ပြီ ဖြစ်သည်။

 

မြဝတီကို လက်လွှတ်လိုက်ရခြင်းသည် စစ်မြေပြင်တွင် အရေးနိမ့်သွားယုံသာမက တပ်တွင်း စိတ်ဓါတ် အင်အား များ ပြိုလဲသွားစေသည် အထိ ထိုးနှက်ခံလိုက်ရခြင်း ဖြစ်သည်ဟု ချုလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေး သိပ္ပံ ပါမောက္ခ သစ်တီနန် ပွန်ဆူဒီရတ်က ထောက်ပြသွားခဲ့သည်။

 

နောက်ထပ် မြောက်ပိုင်းရှိ အဓိက ကုန်သွယ် မြို့ ဖြစ်သော လွယ်ဂျယ်အားလည်း ကချင်လွတ်လပ်ရေး တပ်တော်မှ တရားဝင် ထိန်းချုပ်နိုင်လိုက်ပြီ ဖြစ်သည်၊ မြို့တွင်းရှိ ခမရ ၁၄၂ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆၀ ခန့် သည် တရုတ် ဖက်သို့ ထွက်‌‌ ပြေး ဝင်ရောက် သွားပြီးနောက်တွင် ၎င်းတို့၏ အလံကို တရားဝင် လွှင့်ထူ နိုင်ခဲ့ပြီ ဖြစ်သည်။

 

ပြည်သူ့ကာကွယ်ရေး တပ်များက ဟုမ္မလင်း နှင့် ဖောင်းပြင် အကြား ချင်းတွင်း မြစ်ကြောင်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၍ အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ လမ်းကြောင်းကို ဖြတ်‌ တောက် နိုင်ခဲ့ပြီ ဟု သိရသည်။

 

ခေတ်သစ် သတင်း အဆိုအရ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အား အသေခံ ကာမီကာဇေ ဒရုန်း ၅ စီး ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တွင် စစ်တပ် ဒု ခေါင်းဆောင် စိုးဝင်း အပါအဝင် စစ်ဖက် အရာရှိကြီးများ ဒဏ်ရာရရှိသွားသည်ဟု သိရသော်လည်း အခြား သတင်းဌာန များ၏ အတည်ပြုချက်ကိုမူ မတွေ့ရသေးပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ပုံတွင် မဲဆောက် ယာယီ စခန်းတွင် ရောက်ရှိနေသော မြန်မာ စစ်ဘေးရှောင်များ ကို တွေ့ရစဉ်)