မြန်မာ အာဏာသိမ်း အဖွဲ့ အင်အား ချိနဲ့လာနေပြီဟု ထိုင်း ဝန်ကြီးချုပ် ပြောပြီ

by Hla Soewai - Apr 13 2024

ထိုင်း နယ်စပ် ရှိ အဓိက ကုန်သွယ်ရေး မြို့ ဖြစ်သော မြဝတီ မြို့ ကျလု ကျခင် ဖြစ်နေပြီး စစ်ကောင်စီ မှ ၎င်း၏ တပ်များ နှင့် ဝန်ထမ်း များ အား ခေါ်ထုတ်နိုင်ရန် “အထူး” လေယာဉ် အား မဲဆောက်သို့ ဆင်းခွင့်ပေးရန် ထိုင်း အစိုးရ အား တောင်းဆိုလာရပြီ ဖြစ်သည်။

 

KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက မြို့ နှင့် ၃ မိုင် ခန့်သာ ဝေးသည့် နောက်ဆုံး လက်ကျန် စစ်စခန်း နှစ်ခုကို ဝိုင်း ပတ် ပိတ်ဆို့ထားပြီး လက်နက်ချရန် ညှိနှိုင်း ဆွေးနွေးနေချိန် ဖြစ်သည်။ လက်ရှိ သတင်းများအရ တော်လှန်ရေး တပ်များသည် မြို့၏ ၇၀ ရာနှုန်း အား ထိန်းချုပ်ထားပြီး မြို့တွင်း တွင် အသွားအလာ မပျက် ရှိနေဆဲ ဖြစ်ပြီး၊ စစ်ကောင်စီ တပ်သားများ အား အရိပ်အယောင်ပင် မတွေ့ရတော့၊ အချို့က ထိုင်း ဖက်ခြမ်း နှင့် ရွှေကုက္ကိုလ် သို့ တိမ်းရှောင်ရန် ပြင်ဆင်နေကြသည်ဟု ဒေသခံများ အပြောအရ သိရသည်။

 

မြဝတီသည် စစ်ကောင်စီအား တတိယ မြောက် ဝင်ငွေ အများဆုံး ရှာပေးနေသည့် ကုန်သွယ်ရေး မြို့ ဖြစ်ပြီး တနှစ်လျှင် ပျမ်းမျှ ဒေါ်လာ ၁.၁ ဘီလီယံ တန်ဖိုး ရှိ ကုန်စည်များ ဖြတ်သန်းရာ မြို့လည်း ဖြစ်သည်။

 

မဲဆောက်သို့ တနင်္ဂနွေ နေ့ ည အချိန်တွင် မြန်မာ လေကြောင်းလိုင်းမှ ATR 72-600 လေယာဉ် ဆိုက်ရောက်လာပြီး ထိုလေယာဉ် ဖြင့် မြဝတီ မှ မဲဆောက်သို့ ထွက်ပြေးလာကြမည့် စစ်ဖက် နှင့် အရပ်ဖက် ဝန်ထမ်းများ နှင့် မိသားစုများ ကို ခေါ်ထုတ်နိုင်ရန် အတွက် ဖြစ်သည်ဟု သိရသည်။

 

ထိုင်း အစိုးရ ဖက်မှ စစ်ကောင်စီ မှ စုစုပေါင်း ၆၁၇ ဦး အား ခေါ်ထုတ် နိုင်ရန် တောင်းဆိုလာသဖြင့် တနင်္ဂနွေ မှ အင်္ဂါနေ့ အထိ သုံးကြိမ် ဆင်းသင်ခွင့် ပေးရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်း တွင် ပါရှိခဲ့သည်။ သို့သော် မြန်မာဖက်မှ တနင်္လာနှင့် အင်္ဂါ ခရီးစဉ် ကို ဖျက်သိမ်းလိုက်သည်ဟု သိရသည်။

 

ထိုသို့ ဖျက်သိမ်း လိုက်ခြင်းသည် ထိုင်း ဝန်ကြီးချုပ်မှ မြန်မာ စစ်ကောင်စီ သည် အင်အားချိနဲ့ လာနေပြီ ဟု ၎င်း အနားယူ အပန်းဖြေ နေသည့် ဆိုဆွာမီ ကျွန်း မှ ရိုက်တာ သတင်းဌာန သို့ ထုတ်ဖေါ် ပြောဆိုလိုက်ခြင်း နှင့် ဆက်စပ်နေမည်ဟု ယူဆရသည်။ ထိုစကား ကြောင့် မင်းအောင်လှိုင် ဒေါသအိုး ပေါက်ကွဲသွားခြင်း ဖြစ်နိုင်ပေသည်။

 

လက်ရှိ အရေးနိမ့်နေ စစ်ကောင်စီ တွင် လက်နက် နှင့် အာဏာ ရှိနေဆဲ ဖြစ်နေသော်လည်း ၎င်းတို့ နှင့် အပေးအယူ လုပ်ရန် အချိန် ကျပြီ ဟု ဆိုသည်။ မြန်မာ သည် ထိုင်း အတွက် လွန်စွာ အရေးပါသော နိုင်ငံ ဖြစ်၍ မြန်မာ အရေး တွင် တရုတ်၊ အမေရိကန် အပါအဝင် အဓိက ပါဝင် ပတ်သက်နေသူ များ နှင့် ပြောဆိုနေသည်ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

မြန်မာ သည် တစုတစည်း နှင့် ငြိမ်းချမ်း ဖွံ့ဖြိုး တိုးတက် မှု ရှိနေမှသာ ထိုင်း အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်လာမည် ဟု ယူဆမိသည့် အတွက် ယခု အစိုးရ အဖွဲ့ ဝင်များ၊ စစ်ဖက် နှင့် လုံခြုံရေး ဆိုင်ရာ အထက်တန်း အရာရှိကြီး များ နှင့် ထိထိ‌ရောက်ရောက် အကောင်အထည် ဖေါ်နိုင်မည့် မြန်မာ အရေး မူဝါဒ တရပ် ချမှတ်သွားရန် ဆွေးနွေးနေသည်ဟု လည်း ပြောသွားခဲ့သည်။ ၎င်းတို့ ဆင်းသက်ခွင့် ပေးရန် တောင်းဆိုသည့် လေယာဉ်သည် အရပ်သား ဝန်ထမ်း များ အတွက် ဖြစ်ပြီး လက်နက်နှင့် စစ်သားများ သယ်ဆောင်ရန် မဟုတ်ဟု ထိုသို့ မပြောမီ အစောပိုင်းက သတင်းထောက်များကို ပြောသွားခဲ့ပြီး ဖြစ်သည်။

 

သို့သော် မြဝတီ အစိုးရ ဘဏ် မှ ထွက်ပေါ်လာသော သတင်းများအား ကိုးကားပြီး ကရင် သတင်းပြန်ကြားရေး ဌာနမှ အစိုးရ ဘဏ်များ နှင့် ပုဂ္ဂလိက ဘဏ်များ မှ ငွေများ သယ်ထုတ်ရန် ဖြစ်သည်ဟု ပြောကြောင်း ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။ အာဏာရှင်များသည် မည်သည့် အခါမှ လူထု အကျိုး ရှေ့တန်း တင် စဉ်းစား လုပ်ဆောင်ကြ သူများ မဟုတ်ကြ၍ ထိုသတင်းသည် လွန်စွာ ဖြစ်နိုင်ခြေ ရှိနေပေသည်။

 

ကေအင်ယူ ပြောခွင့်ရ ဖဒို စောတောနီး ကမူ စစ်တပ် နှင့် ထိုင်း အရာရှိများ အကြား ဆွေးနွေးပွဲ မအောင်မြင်၍ လေယာဉ်သည် လူတဦးမှ မပါပဲ ပြန်ထွက်သွားခဲ့ရသည်ဟု ဆိုသည်။

 

ထိုသို့ မဲဆောက်တွင် စစ်ကောင်စီ သစ္စာခံ ဝန်ထမ်း များ ပြာယာခတ်နေစဉ် တွင် မြို့ တွင်း တနေရာတွင်တော့ တော်လှန်ရေး ရံပုံငွေ ဖျော်ဖြေပွဲ အား စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

 

မြဝတီ မှ ထိုသို့ ဆုတ်ခွာရန် ပြင်ဆင်နေစဉ် တွင် တဖက်မှလည်း အင်အား စုစည်းနေသည်ဟု ကရင် တော်လှန်ရေး တပ်ဖွဲ့များက ဆိုသည်။

 

မြဝတီ ကို အပြီး အပိုင် သိမ်း ပိုက် နိုင်ဖို့ လွန်စွာ အရေးပါနေပြီး ယင်းသည် ထိုင်း ဝန်ကြီး ချုပ် ပြောသလို မြန်မာ စစ်ကောင်စီသည် အရေးနိမ့်နေပြီ ဆိုသည်ကို အိပ်ချင်ဟန် ဆောင်နေ‌သော နိုင်ငံတကာ ကို လှုပ်နှိုး လိုက်သည် နှင့် အတူတူ ပင် ဖြစ်သည်။ မြဝတီ အား သိမ်းပိုက် နိုင်ခြင်းသည် တော်လှန်ရေး အတွက် game changer ဖြစ်သွား နိုင်သည်ဟု မြန်မာ အရေး ကျွမ်းကျင်သူ Sussex တက္ကသိုလ် ကထိက ‌ဒေးဗစ် ဘရင်နား က ၎င်း၏ လူမှု ကွန်ရက် စာမျက် နှာ တွင် ရေးသားထားသည်။

 

နေပြည်တော် ရှိ စစ်ကောင်စီ အား သစ္စာခံနေသော ဝန်ထမ်း အကြီးအကဲများသည် လည်း ၎င်းတို့ အဖို့ မြဝတီ ကဲ့သို့ ကံကြမ္မာ မျိုး မည်သည့် အချိန်တွင် ကြုံလာရမည် ဆိုသည်ကို တွေးတောလာကြပြီ ဖြစ်သည်။ ကွာခြားသည်က မြဝတီ ရှိ ဝန်ထမ်း များသည် ပြေးစရာ မြေ ရှိနေသောလည်း ၎င်းတို့ အဖို့က ရှိမနေတော့ခြင်း ပင် ဖြစ်သည်။

 

ခေတ်သစ် မှ နောက်ဆုံး ရ သတင်း အဖြစ် အကြမ်းဖက် စစ်တပ်၏ ဒုခေါင်းဆောင် စိုးဝင်းသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ ရောက်ရှိပြီး မြဝတီ၊ သင်္ကန်းညီနောင်သို့ လေကြောင်းမှ တိုက်ခိုက်ရန် စည်းဝေးနေစဉ် ရှာထူးဝေါ် နည်းပညာ တပ်ဖွဲ့ မှ ဒရုန်း များ ဖြင့် ဗုံးကြဲတိုက်ခိုက် သဖြင့် အစည်းအဝေး ပျက်သွားသည် ဟု သတင်း ဖေါ်ပြထားသည်။

 

တပ်ချုပ် နှင့် ၎င်း၏ မိသားစု တက်ရောက်ရန် ရှိနေသည့် မေမြို့ စစ်တက္ကသိုလ်အား တော်လှန်‌ရေး တပ်ဖွဲ့များက တာဝေးပစ် ရှော့ ဒုံး လက်နက်ကြီး များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!