လူထု စိတ်ဝင်စားမှု အခံရဆုံး ဖြစ်လာသော စိုးဝင်း

by Hla Soewai - Apr 24 2024

ယမန်နေ့က နေပြည်တော် တွင် ပြုလုပ်သော အာဏာသိမ်း အဖွဲ့ အစည်းအဝေးသို့ မင်းအောင်လှိုင်၏ စိတ်တော်သိ ဗေါင်းတော်ညိမ့်များ စုံညီစွာ ရောက်လာကြသော်လည်း အားလုံး စိတ်ဝင်တစား စောင့်ကြည့် ခံနေရသည့် ဒုခေါင်းဆောင် စိုးဝင်း အား အစအန ပင် မတွေ့ကြရပေ။

 

မင်းအောင်လှိုင်သည် ၎င်း၏ ထုံးစံအတိုင်း ရာသီဥတု ဖေါက်ပြန် ပြောင်းလဲမှုများ၊ အားကစား တွင် သင်ကြားပြသမှု ၏ အရေးပါပုံ၊ အခြား ပြဿနာ များကို တောင်စဉ်ရေမရ ပြောဆိုသွားသော်ငြားလည်း အားလုံး က ရှမ်းပြည်တောင်ပိုင်း ဗထူး တပ်မြို့တွင် ဧပြီ ၃ ရက်နေ့က နောက်ဆုံး တွေ့လိုက်ရသော စိုးဝင်း အဘယ်ကြောင့် ပေါ်မလာရသနည်း ဆိုသည်ကို အဖြေထုတ်နိုင်ရန်သာ ကြိုးစားနေကြသည်။

 

၎င်း ဘယ်ရောက်နေသည်၊ ဘာလုပ်နေသည်၊ ဘယ်လို အခြေအနေ ဖြစ်နေသည်ကို မည်သူတဦးတယောက်မျှ ထည့်သွင်း ပြောဆိုခြင်း မရှိဟု ဧရာဝတီ တွင် ရေးသားထားသည်။ အတည်မပြုနိုင်သေးသော သတင်းများကမူ ဧပြီ ၉ ရက်နေ့ မော်လမြိုင်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တွင် မြဝတီ မြို့သိမ်း စစ်ဆင်ရေးအတွက် ကွပ်ကဲနေစဉ် တော်လှန်‌ရေး တပ်များ၏ ဒရုန်း ဖြင့် တိုက်ခိုက်ခံရအပြီး ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။ ထိုသတင်းအား စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက နှစ်ကြိမ်တိုင် ငြင်းဆိုခဲ့ပြီး ဖြစ်သော်လည်း ယခုထိ ဓါတ်ပုံ တပုံ ပင် အသာထား လူလုံးပင် မပြနိုင်သေး၍ စိုးဝင်းသည် မင်းအောင်လှိုင် ၏ လှုပ်ရှားမှု များထက် ပို၍ပင် လူအများ၏ အာရုံ စိုက်ခြင်းကို ခံနေရပြီ ဖြစ်သည်။

 

သင်္ကြန် တလျောက်လုံးလည်း ဘယ်မဏ္ဍပ် တွင် မှ မတွေ့ခဲ့ကြရ။ မည်မျှပင် အလုပ်များစေကာမူ တနေရာတွင် တနာရီ နှစ်နာရီ လူလုံး ထွက်ပြနိုင်မည် ဆိုလျှင်ပင် ကောလဟသများ ပြေငြိမ်းသွား နိုင်မည် ဖြစ်သော်လည်း ထိုမျှလောက်ပင် မလုပ်နိုင် ဖြစ်နေသည်။ ယခုလို အစည်းအဝေးကိုပင် ရောက်မလာနိုင်သည့် အတွက် စိုးဝင်း ဘယ်ရောက်၍ ဘာဖြစ်နေသည် အပေါ် ထင်ကြေးများ မြင့်တက်လာနေပြီ ဖြစ်သည်။

 

သတင်း အရင်းအမြစ် များ အဆိုအရ စိုးဝင်းသည် ၁၀၂၇ စစ်ဆင်ရေး ကြောင့် စစ်တပ်သည် အရှက်တကွဲ အရေးနိမ့်ခဲ့ရမှု အပေါ် မင်းအောင်လှိုင်အား အစာမကြေ ဖြစ်လာသည်ဟု သိရသည်။ တပ်ထောက်ခံသူများက မင်းအောင်လှိုင် အား ရာထူးမှ ဆင်းပေးပြီး စိုးဝင်း နှင့် အစားထိုးရန်ပင် တောင်းဆိုလာခဲ့သည်။

 

ယခုအခါ စိုးဝင်း နှင့် ပတ်သက်၍ သီအိုရီ နှစ်ခု ထွက်ပေါ်လာသည်ဟု ဧရာဝတီ က ဆိုသည်၊ စိုးဝင်းသည် ဒဏ်ရာများ ကြောင့် ဆေးရုံ ရောက်နေပြီလော၊ သို့မဟုတ် ထုတ်ပယ် သန့်စင်ခြင်း ခံရတော့မည်လော ဆိုသည်ပင် ဖြစ်သည်။

 

ထုတ်ပယ်ခံရနိုင်သည် ဖက်က ထင်ကြေးပေးနေသူများက ကြံ့ဖွတ် ဝန်ကြီးဟောင်း တနပ်စား မြင့်လှိုင်အား မင်းအောင်လှိုင် ကို ပျော့လွန်းသည်ဟု ဝေဖန်နေသည့် အတွက် သင်္ကြန်မတိုင်မီဧပြီ ၁၀ ရက်နေ့က နေအိမ်တွင် ဖမ်းဆီးခံခဲ့ရမှု နှင့် ဆက်စပ်နိုင်သည်ဟု ဝေဖန်နေကြသည်။

 

၎င်းနှင့် အတူ အခြား ဗိုလ်ချုပ်ဟောင်း နှစ်ဦး လည်း ဖမ်းဆီး ခံခဲ့ရသည်ဟု အတည်မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေသည်။

 

စိတ်မာခက်ထန်သူ ဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်သည် စိုးဝင်း အား သေချာပေါက် ချည်းကပ်စည်းရုံး မည် ဖြစ်ပြီး ၎င်းထံ အကြောင်းကြားခဲ့ခြင်း မရှိဟု မင်းအောင်လှိုင်က ယုံကြည်နေမည်လည်း ဖြစ်သည်။

 

လက်ရှိ ကာလုံ အုပ်စုတွင် ရှားရှားပါးပါး ကျန်ရှိနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ ဒုသမ္မတ ဦးဗန်သီယူး အား ကျန်းမာရေး ကြောင့် ရာထူးမှ အနားပေးလိုက်သည်ဟု စစ်ကောင်စီ ဖက်မှ တရားဝင် သတင်းထုတ်ပြန်လာခဲ့ပြန်သည်။

 

စစ်ကောင်စီသည် ဒုသမ္မတ တဦး အား ထုတ်ပယ်ခြင်း၊ အနားပေးခြင်း၊ အစားထိုး ခန့်အပ်ခြင်း များ ကို ၎င်းတို့၏ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့် မရှိသော်လည်း အရေးပေါ် အခြေအနေကို ငါးကြိမ်တိတိပင် မျက်နှာပြောင်တိုက် သက်တမ်း တိုးခဲ့ပြီး ဖြစ်သည်၊ ယခုအခါ ဦးဗန်သီယူး နေရာ လွတ်သွားပြီ ဖြစ်၍ စိုးဝင်း ကို ဂျောင်ထိုး လာနိုင်ဖွယ်လည်း ရှိနေသည်။ ထိုသို့ ဆိုက စိုးဝင်းသည် တပ်နှင့် ကင်းကွာသွားပြီ ဖြစ်၍ မင်းအောင်လှိုင် အဖို့ စိတ်အေးသွားရဖို့ ရှိနေသည်။

 

ယခု အချိန်ထိလည်း စိုးဝင်း ကွပ်ကဲနေသည် ဆိုသော အင်အား တထောင်ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းသည် မြဝတီ အား လမ်းသုံးလမ်း ဖြစ်သည့် အာရှ အဝေးပြေး လမ်းသစ်၊ လမ်းဟောင်း နှင့် တောလမ်း တို့ မှ ဖြန့်ခွဲ ချီတက်လာသော်လည်း ယခုထိ ဒေါနတောင်ခြေ တဝိုက်တွင်သာ ချာချာလည် နေပြီး အကျအဆုံး များစွာ နှင့် ရင်ဆိုင်နေကြရသည်။ ဒေါနတောင်တန်းကို ကျော်နိုင်ခဲ့လျှင်ပင် ထပ်၍ ခြုံခို တိုက်ခံရဦးမည် ဖြစ်၍ မြဝတီသို့ မည်သို့မျှ ရောက်လာနိုင်စရာ မရှိဟု စစ်ရေး လေ့လာသူများက သံသယ ရှိနေကြောင်း ဧရာဝတီ တွင် ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!