ပွဲမလန့်ပဲ ဖျာခင်းခဲ့ကြ

by Hla Soewai - Apr 24 2024

အရေးပါလှသော မြဝတီ နယ်စပ်မြို့အား ကေအင်ယူ နှင့် တော်လှန်ရေး တပ်ပေါင်းစု မှ သိမ်းယူ နိုင်ခဲ့ခြင်း ကြောင့် စစ်ကောင်စီ အဖို့ အရှိုက် ထိုးနှက်ခံခဲ့ရသလို ဖြစ်သွားရပြီး အခြေအနေများက အလျင်အမြန် ပြောင်းလဲ လာနေသည်နှင့် အမျှ ၎င်းတို့ အခြေ အနေ မဟန်တော့ကြောင်း ကမ္ဘာကို ထုတ်ဖေါ် အသိပေးလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

ဂျကာတာ တွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ မှ ယမန်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် နယ်စပ်ဒေသများ တွင် အရပ်သားများ၏ အသက်အိုးအိမ် လုံခြုံမှု ရှိ‌ရေး နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အကြမ်းဖက်မှု များ ချက်ခြင်း လက်ငင်း ရပ်စဲရန် တောင်းဆိုလိုက်သည်။

 

၎င်းတို့ ဂမူးရှုးထိုး လုပ်လာတော့မည် ကို အားလုံးက တွက်ဆမိ၍လည်း ယခုလို ကြေညာချက် ထုတ်လာခြင်းပင် ဖြစ်သည်။ 

 

ထိုင်း အစိုးရမှလည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့် တို့အား “အပြီးအပိုင် လွှတ်ပေးရန်” တောင်းဆိုကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ သို့မှသာ အာဆီယံ ၏ အချက် ငါးချက် အတွက် ရှေ့ဆက် ဆောင်ရွက် နိုင်မည် ဖြစ်သည်ဟုလည်း ပါရှိသည်။

 

ထိုင်း ဖက်မှ ထိုသို့ လူသိရှင်ကြား ပြောလာသည်ကို ကြည့်မည် ဆိုက စစ်ကောင်စီ အရေး မလှ တော့ ဟု ယူဆလာ၍ လည်း ဖြစ်သည်။ ထိုင်း ဝန်ကြီးချုပ် စရက်သာ သာဝီဆင် မှ လည်း စစ်ကောင်စီ အားပျော့ ချိနဲ့ လာပြီ ဟု ထုတ်ဖေါ်ပြောဆိုခဲ့ပြီးလည်း ဖြစ်သည်။ ထိုင်း အနေဖြင့် မြဝတီ အား အကြမ်းဖက် စစ်တပ်မှ ဗုံးကြဲ လာပါက ဒုက္ခသည်များ သည် ၎င်းတို့ လက်ခံ နိုင်မည်ဟု ပြောထားသော ဒုက္ခသည် တသိန်း ထက် များစွာ ကျော်လွန်၍ ရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။

 

ထိုင်းသည် ယခင်က မြန်မာ စစ်ဗိုလ်ချုပ်များ နှင့် ဆက်ဆံနိုင်‌ရေး ကို အဓိက ထားခဲ့သော်လည်း ရပ်တည်ချက် ပြောင်းလာပြီ ဖြစ်သည် ဟု ရိုက်တာ သတင်းတွင် ရေးသားထားသည်။ ယခုအခါ ကေအင်ယူ နှင့် ထိုင်း အရာရှိများ စတင် ဆွေးနွေးနေပြီဟု ထိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောလာသည်။ “မိမိတို့သည် မျက်စိစုံမှိတ်ပြီး မြန်မာ စစ်တပ်ဖက်မှ ရပ်တည်သွားမည် မဟုတ်ပဲ ငြိမ်းချမ်းရေး ရဖို့ ကေအင်ယူ နှင့် ဆွေးနွေးမှ ဖြစ်မည်” ဟုလည်း ဆိုသည်။

 

ဧရာဝတီ မှ သတင်း တွင် မူ ဒေါ်အောင်ဆန်းစုကြည်သည် ယခုထိ အကျဉ်းထောင် ထဲတွင်ပင် ရှိနေဆဲဟု အတွင်း သတင်းများ အား ကိုးကားပြီး ဖေါ်ပြလာသည်၊ ၎င်းတို့၏ သတင်းကို ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ဖေါ်ပြထားသည်။ သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင်အား လူသားဒိုင်း အဖြစ် အသုံးချလာမည်ကို စိုးရိမ်ကြောင်း Sky News နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

စစ်ကောင်စီ သည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး တွင် အရေးပါလှသော မြဝတီ အား ပြန်လည် သိမ်းပိုက် နိုင်ရန် “အောင်ဇေယျ” စစ်ဆင်ရေး ဖြင့် အင်အား များ ရသလောက် စုစည်းကာ စစ်ကြောင်းထိုးလာသော်လည်း ကေအင်ယူ နှင့် တော်လှန်ရေး တပ်ပေါင်းစု မှ ၎င်းတို့ စစ်ကြောင်းအား နေရာ အနှံ့ မှ ကြားဖြတ် တိုက်ခိုက်ခဲ့မှု ကြောင့် ရှေ့သို့မတိုး နိုင်ပဲ ဒေါန တောင်ခြေ တွင် ရပ်တန့်သွားခဲ့ရပြီ ဟု ကေအင်ယူ ဗဟို၏ ကြေညာချက်တွင် ပါရှိလာသည်။ တိုက်ပွဲ များ အတွင်း စစ်ကောင်စီ ဖက်မှ အကျအဆုံး ၁၀၀ နီးပါး ရှိခဲ့ပြီး သံချပ်ကာ ကားများလည်း ပျက်စီးသွားသည်ဟု ပါရှိသည်။

 

ကရင် အမျိုးသား လွတ်မြောက်ရေး တပ် မှ ထားဝယ် မြို့ နယ်ရှိ ထီးခီး နယ်စပ် ဖြတ်ကျော် စခန်း ကို တနင်္လာနေ့က ထပ်မံ သိမ်းပိုက် နိုင်ခဲ့သည်၊ အဆိုပါ စခန်းသည် လူသိနည်းသော်လည်း အရေးပါသော နိုင်ငံတကာ ဖြတ်ကျော် ကူးသန်းရာ တရားဝင် စခန်းလည်း ဖြစ်သည်။

 

စစ်ကောင်စီ အတွက် မြဝတီ သည် ၂၀၂၃-၂၄ စာရင်းဇယား အရ နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံ တန်ကြေးရှိ ကုန်စည်များ စီးမျော ရာ ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး မှ ရသော ဝင်ငွေ စုစုပေါင်း၏ ၆၀ ရာနှုန်း ခန့် ဆုံးရှုံးသွားပြီ ဖြစ်သည်ဟု ထိုင်း အခြေစိုက် မြန်မာ မဟာဗျူဟာ နှင့် ပေါ်လစီ ရေးရာ အဖွဲ့မှ ဆိုသည်။

 

အမျိုးသား တော်လှန်ရေး တပ်များက စစ်တပ်၏ အဓိက ဝင်ငွေရရာ လမ်းကြောင်းကို ဖြတ်တောက်ပစ် နိုင်ခဲ့ပြီ ဖြစ်သည်။

 

စစ်ကောင်စီသည် အခြား နယ်စပ်ကုန်သွယ်ရေး စခန်း ၁၁ ခု ကို ထိန်းသိမ်း ထားနိုင်စွမ်း ရှိနေသော်လည်း စီးပွားရေး ကို ယခင်လို အခြေမပျက် လည် ပတ်နိုင်ယုံ အနေအထား ရရန် မနည်း ရုန်းကန်နေရပြီ ဖြစ်သည်ဟု မြန်မာနောင်း တွင် ရေးသားထားသည်။

 

ယခုအခါ ကုန်စည်များ ကို နယ်ခြားဒေသမှ ရန်ကုန် ဆိပ်ကမ်း သို့ သယ်ဆောင်နေရပြီး မူဆယ်နှင့် မန္တလေးမှ ကုန်သည်များလည်း ရန်ကုန် သို့ ရောက်နေကြသည်ဟု ကုန်သည်ကြီးများ အသင်း၏ ထိတ်တန်း တာဝန်ခံ တဦး မှ ပြောသည်ဟု မြန်မာနောင်းက ဆိုသည်။ မြန်မာ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့က ပို့ကုန်သွင်းကုန်များ အတွက် ကုန်တင် သင်္ဘော အစင်း‌ရေ ငါးဆယ် ကို လက်ခံ ဆောင်ရွက်ပေးနေရသည်ဟု ဆိုသည်။

 

မြန်မာဖက်မှ ဆန်၊ ပြောင်း၊ ပင်လယ် ထွက်ကုန်၊ ကျွန်းသစ်မှသည် ကျောက်မျက်ရတနာ မျိုးစုံ တင်ပို့နေပြီး တဖက်နိုင်ငံများမှ စားသောက်ကုန်၊ လျပ်စစ် ပစ္စည်းများ၊ စက်မှု လုပ်ငန်း များ အတွက် ကုန်ကြမ်းများ တင်သွင်း နေခြင်း ဖြစ်သည်။ ထို့အတွက် လက်ရှိ အနေအထားသည် မြန်မာ ထက် တဖက်နိုင်ငံများ အထူးသဖြင့် တရုတ် အား ပို၍ ထိခိုက်လာနေသည်ဟု ၎င်းက ဆိုသည်။

 

စစ်ကောင်စီသည် လောလောဆယ် ဝင်ငွေ မရတော့မည့် အရေးထက် မြဝတီ ကျသွား၍ အနီးအနား ရှိ မြန်မာပြည် အလယ်ပိုင်း နှင့် ဆက်သွယ်ထားသော အဝေးပြေး လမ်းမကြီး ပိတ်ဆို့ ခံရတော့မည့် အရေးကြောင့် သိမ်းယူရန် ကြိုးစားနေခြင်း ဖြစ်ပြီး ၎င်းတို့ တဖြေးဖြေး နောက်ဆုပ် ပေးနေရ၍ ပြိုလဲသွားနိုင်ဖွယ် ရှိနေသည်ဟု မြန်မာ စစ်ရေး လေ့လာသူ အန်သနီ ဒေးဗီးစ်က ထောက်ပြခဲ့သည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် ပွဲမလန့်ပဲ ဖျာ အတင်းဝင်ခင်းသူများလို ပတ်ဝန်းကျင်၏ မုန်းတီးခြင်းကို ခံလာရပြီး ကိုယ့်ဇာတ် ကိုယ် မနိုင်တော့သည့် အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

နိုင်ငံ နှင့် နိုင်ငံသားများ၏ လုံခြုံရေး ကို တာဝန် မယူ နိုင်တော့သည့် အပြင် ၎င်းတို့ဖက်မှ ပါဝင်တိုက်ခိုက်ပေးရန် ပင် အတင်းအကျပ် ဆင့်ခေါ်နေကြရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!