နိုင်ငံတော် အတိုင်ပင်ခံ နှင့် သမ္မတကြီးအား နေရာရွှေ့ မြဝတီ တွင် တိုက်ပွဲ အရှိန်ကျ သွား

by Hla Soewai - Apr 24 2024

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးဝင်းမြင့် တို့အား ပူပြင်းသော ရာသီဥတု ကြောင့် ဆိုကာ အကျဉ်းထောင် များ မှ နေရာရွှေ့ပြောင်း ပေးလိုက်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှ ဗွီအိုအေ သို့ အတည်ပြု ပြောဆိုလိုက်သည်။

 

သို့သော် မည်သည့် နေရာသို့ ရွှေ့ပြောင်းပေးသည် ဆိုသည်ကိုမူ ပြောဆိုသွားခြင်း မရှိဟု သိရသည်။

 

၎င်းတို့ ထုံးစံအတိုင်း ယခုလို ရာသီဥတု အရမ်း ပူပြင်းနေတဲ့ အတွက် အခြား သက်ကြီး အကျဉ်းသားများလို နေရာ‌ရွှေ့ပြောင်း ပေးလိုက်ခြင်း ဖြစ်သည်ဟု အရှက်ပြေ ပြောဆိုသွားသည်။

 

အလဲဗင်း သတင်း မီဒီယာကမူ နေပြည်တော် တနေရာသို့ လုံခြုံရေး တင်းကျပ်စွာ ဖြင့် အကျယ်ချုပ် ပုံစံမျိုး ပြောင်းရွှေ့ ပေးလိုက်ခြင်း ဖြစ်သည်ဟု ရေးသားထားသည်၊ အလားတူ သမ္မတကြီး ဦးဝင်းမြင့်အားလည်း တောင်ငူ ထောင်မှ ရွှေ့ပြောင်းပေးခဲ့သည်။

 

လက်ရှိ တွင် စစ်ခေါင်းဆောင်များသည် ပြေးစရာ နေရာမရှိ၊ ဆောက်တည်ရာ မရ ဖြစ်လာနေချိန်တွင် ၎င်းတို့၏ ‌နောက်ဆုံး ဝှက်ဖဲ အဖြစ် ပြည်သူ့ခေါင်းဆောင် များ ထံ တရုတ်အား ကြားဝင်ဆွေးနွေးခိုင်းရန် ကြံစည်လာခြင်း ဖြစ်နိုင်သည်ဟု ယူဆရပေသည်။ 

 

တရုတ် အထက်တန်း အရာရှိများ နှင့် စစ်ကောင်စီ တို့ အကြား မကြာသေးမီက တွေ့ဆုံခဲ့မှု၏ ရလဒ်လည်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး လေ့လာသူ တဦးက ဆိုသည်။

 

ယခုအခါ မင်းအောင်လှိုင်သည် ၎င်းတို့၏ မအောင်မြင်ခဲ့သော သင်္ကြန်ပွဲတော် တွင် ပျောက်ချက်သား ကောင်းနေပြီး နေပြည်တော်တွင် ပြန်ကြားရေး ဝန်ကြီး ဆိုသူ မောင်မောင်အုန်း မှ ဦးဆောင်ခဲ့သည်ကို တွေ့နေရသည်။ ပြင်ဦးလွင်ရှိ စစ်တပ် သင်္ကြန် မဏ္ဍပ်များသို့ ၎င်း၏ ဇနီး နှင့် မြေးများ သာ ရောက်ရှိလာသည်ကို လည်း စစ်တပ် မီဒီယာ များက ထုတ်လွှင့်ပြသခဲ့သည်။ သေးဖြန်းဖြန်း ထွက်သွားသည်ဟူသော သတင်းများကို မခံမရပ် ဖြစ်၍လော၊ သို့တည်းမဟုတ် မြေးများ၏ ပူဆာခြင်း ကြောင့် လည်း ဖြစ်နိုင်ပေသည်။

 

ရွှေကုက္ကိုလ် အနီးတဝိုက် တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောက် စစ်ကောင်စီ သစ္စာခံသော တပ်ဖွဲ့ဝင် ၅၀၀ ခန့် ဖရိုဖရဲ ဆုတ်ခွာပြီး အချို့သည်လည်း ကေအင်ယူ နှင့် တပ်ပေါင်းစု ထံ လက်နက်ချ ခဲ့ခြင်း နှင့် အတူ ဧပြီ ၁၂ မှ စ၍ တိုက်ပွဲ အရှိန်ကျသွားပြီ ဖြစ်သည်ဟု ဒေသ အတွင်း ရောက်ရှိနေသည့် Union of Catholic Asian News (UCA) သတင်းထောက်က ဆိုသည်။

 

ယင်းနှင့် အတူ လူကုန်ကူးခံရသူများ၊ အွန်လိုင်း ငွေလိမ် ဂိုဏ်းများ အတွင်း သွပ်သွင်းခံခဲ့ရသူ များ အား ကယ်တင်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

 

ရွှေကုက္ကိုလ် နှင့် ကီလိုမီတာ ၂၀ ခန့်သာ ဝေးသော မြဝတီ ဖက်တွင်လည်း တိုက်ပွဲများ အရှိန်ကျသွားပြီဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ သတင်းအရင်း အမြစ်အား ကိုးကားပြီး ရေးသားထားသည်။

 

လေကြောင်း မှ တိုက်ခိုက်မှု များ မရှိပဲ မဲဆောက်-မြဝတီ တံတား နှစ်ခု လုံး ဖွင့်လှစ်ထားဆဲ ဖြစ်သည်ဟု ဆိုသည်။ တံတား တွင် ခိုလှုံနေသော ခမရ ၂၇၅ မှ တပ်သား ၂၀၀ ခန့်သည် ယခုအခါ တံတားအနီးရှိ ကုန်ကား ဝင်းထဲ ပြောင်းရွှေ့ကာ စစ်ကူ စောင့်ဆိုင်းနေသည်ဟု ထိုင်းဖက်မှ လာသော သတင်းများ တွင် ဖေါ်ပြထားသည်။ ၎င်းတို့ အတွက် ရိက္ခာများကို BGF မှ ထောက်ပံ့ပေးနေသည်ဟု လည်း သတင်းများက ဆိုသည်။

 

၎င်းတို့အား ကေအင်ယူ မှ သည်းခံ နိုင်စွမ်း ကုန်ခန်းပြီး အချိန်မရွေး တိုက်လာဖို့ ရှိနေသည် ဟု ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား တဖက်ခြမ်းရှိ ထိုင်း စစ်သားများက RFA အား ထင်မြင်ချက် ပေးလာခဲ့သည်။

 

သို့သော် ဒု ခေါင်းဆောင် စိုးဝင်း၏ ကွပ်ကဲမှု ဖြင့် ဒေါန တောင်တန်းကို ဖြတ်ပြီး မြဝတီ သို့ စစ်ကြောင်းချီလာသော အင်အား ၁,၀၀၀ ခန့် ရှိ တပ်မ ၅၅ သည် ရှေ့သို့ မတက်နိုင်ပဲ နောက်သို့သာ ပြန်ဆုတ်နေရသည်ဟု KNLA တပ်မဟာ (၆) မှ ဗျုဟာမှုး နီဒါ ထူး က ပြောကြောင်း မြန်မာနောင်း တွင် ဖေါ်ပြထားသည်။

 

ယခုအခါ မြဝတီ ၏ အနောက်ဖက်၂၆ မိုင် အကွာ ကော့နွဲ့ ရွာ တွင် စခန်းချ နေသည်ဟု သိရသည်။

 

ထားဝယ် နှင့် ပုလော မြို့ နယ်များ အတွင်း စစ်ဆင်ရေး များ အတွက် တာဝန်ယူထားရသော စစ်ကောင်စီ ခမရ ၁၀၃ မှ ထီးထာဗြူ ဗျုဟာကုန်း သို့ သွားရောက် ပူးပေါင်းရန် ထွက်ခွာလာစဉ် မြိတ်မြို့ နယ် အတွင်း KNLA ၏ ကြားဖြတ် တိုက်ခိုက်ခံခဲ့ရသဖြင့် တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး အောင်ဟိန်း အပါအဝင် တပ်သား ၅၀ နီးပါး လက်နက်ချခဲ့ကြသည်ဟု သိရသည်။ ၎င်းတို့နှင့် အတူ လက်နက်ကြီး လက်နက်ငယ် မျိုးစုံ ၇၀ ခန့် သိမ်းဆည်းရမိခဲ့သည်ဟု ကေအင်ယူ၏ ကြေညာချက် တွင် ပါရှိသည်။

 

ယင်းသည် KNLA အတွက် တနင်္သာရီ ဖက် တွင် ထိုသို့ လက်နက်ချသည် အထိ ပထမဆုံး အကြိမ် တိုက်ခိုက် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု KNLA နှင့် တပ်ပေါင်းစု ပြောခွင့်ရသူက RFA သို့ ပြောပြခဲ့သည်။ 

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!