စစ်ကောင်စီ ထိုးစစ် ကို ရိုက်ချိုး နိုင်ခဲ့ဟု ကေအင်ယူ ပြော၊ ပြင်ဦးလွင် တိုက်ခိုက်မှု

by Hla Soewai - Apr 24 2024

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် ယခုအခါ စစ်ကောင်စီ ၏ အမာခံ စစ်ဌာနချုပ် များ အား တိုက်ခိုက် နိုင်သည် အထိ ဖြစ်လာနေ၍ ၎င်းတို့ အဖို့ စိတ်ချလက်ချ သွားလာရဲသော နယ်မြေဟူ၍ ကျဉ်းသည်ထက် ကျဉ်း မြောင်းလာနေပြီ ဖြစ်သည်။

 

တနင်္ဂနွေ ညက ရှော့တိုက် ဒုံးကျည် များ နှစ် ပစ်ခတ် ခံရကြောင်း၊ "ရမ်းသမ်း ပစ်ခတ် မှု" ကြောင့် ဆေးရုံ၊ ဘုန်းကြီးကျောင်း နှင့် ဟိုတယ်များ ထိမှန်သွားပြီး စစ်တက္ကသိုလ် ဝင်း အတွင်း ကျရောက်ပေါက်ကွဲ၍ ဗိုလ်သင်တန်းသား လေးဦး ဒဏ်ရာရရှိသွားသည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း က အတည်ပြု ခဲ့သည်။

 

တပ်တွင်း သတင်းရင်းမြစ်များအား ကိုးကားပြီး သျှမ်း သံတော်ဆင့်ကမူ အရာရှိကြီး ၂ ဦး အပါအဝင် စစ်သား နှင့် ဗိုလ်လောင်း ၁၉ ဦး ဒဏ်ရာ ရရှ်ိသွားသည်ဟု ဆိုသည်။

 

ဒီဗီဘီ သတင်းအရ ပြင်ဦးလွင်သို့ လာရောက် ကြသူမျာ အကုန်နီးပါး ပြန်လည် ထွက်ခွာကုန်ပြီး မြို့သည် ခြောက်ကပ်နေသည်ဟု သိရသည်။

 

ထိုအထဲတွင် မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များ၏ မိသားစုများလည်း ပါဝင်လိမ့်မည်ဟု ယုံကြည်ရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ မန္တလေး ပြည်သူ ကာကွယ်ရေး တပ်က ၎င်းတို့ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း မြန်မာနောင်း သတင်းတွင် ဖေါ်ပြထားသည်။

 

ပြင်ဦးလွင် စစ်တက္ကသိုလ် အား တပတ် အတွင်း နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

 

မြဝတီ အား ပြန်လည် သိမ်းယူနိုင်ရန် ထိုးစစ် ဆင်လာသော စစ်ကောင်စီ တပ်များအား ကီလိုမီတာ ၄၀ အကွာတွင် ပြန်လည် တွန်းလှန် တိုက်ထုတ် နိုင်လိုက်ပြီဟု ကေအင်ယူ ပြောခွင့်ရ ဖဒို စောတော်နီးက ရိုက်တာ သတင်းဌာန နှင့် အင်တာဗျုး တွင် ပြောဆိုခဲ့သည်ဟု စင်္ကာပူ စထရိတ် တိုင်းမ် သတင်းစာ တွင် အကျယ်တဝင့် ရေးသားထားသည်။

 

အင်အား ဖြည့်တင်း၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်များသည် မြဝတီ ရောက်ရန် ရက်ပေါင်း အတန်ကြာ တရွေ့ရွေ့ ရှေ့သို့ တိုးလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အဖို့ မိမိတို့ တပ်များက ပိတ်ဆို့ ဖြတ်တောက် နေ၍ အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရပြီဟု ဆိုသည်။

 

ရိုက်တာ မှ အဆိုပါ သတင်းအား စစ်ကောင်စီ ထံမှ အတည်ပြု နိုင်ရန် ဖုန်းဆက် မေးမြန်းခဲ့သော်လည်း ပြန်လည် ‌ဖြေဆိုခြင်း မရှိဟု သိရသည်။

 

ဧပြီ ၁၂ တွင် အာရှ အဝေးပြေး လမ်းမကြီးပေါ်ရှိ ကော့ကရိတ် နှင့် ကောနွဲ့ အကြား တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု စောတောနီးက ပြောသည်။

 

ထိုတိုက်ပွဲတွင် စစ်ကောင်စီ ဖက်မှ ၁၀၀ ခန့် ကျဆုံးပြီး သံချပ်ကာ ကားတစီး နှင့် စစ်ထရပ်ကား တစီး ပျက်စီးသွားသည် ဟုလည်း ဆိုသည်။

 

ယခုအခါ စစ်ကောင်စီအား လက်နက်ကိုင် တွန်းလှန်နေသော အဖွဲ့များသည် အချင်းချင်း အရင်ကထက် ပူးပေါင်း လာကြပြီ ဖြစ်သည်ဟု ရိုက်တာ သတင်း တွင် ရေးသားထားသည်။

 

မိမိတို့ ကရင် အဖွဲ့များ ကြားတွင်လည်း အတူတကွ ပူးပေါင်းပြီး ရှေ့လျောက် လုပ်စရာ ရှိသည်များကို ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်ဟု လည်း စောတောနီးက ပြောခဲ့သည်ဟု ပါရှိသည်။

 

လက်ရှိတွင် အရေးကြီးဆုံး သည် နေရပ်စွန့်ခွာ ထွက်ပြေး လာခဲ့သော ဒုက္ခသည် တသန်းကျော်၏ စားဝတ်နေ‌ရေး ဖြစ်ပြီး ၎င်းတို့အား ထိုင်း နှင့် နိုင်ငံတကာ မှ ကူညီထောက်ပံ့ပေးရန်လည်း တောင်းဆိုသွားခဲ့သည်။

 

စစ်အာဏာသိမ်းထားသူ များ အနေဖြင့် လတ်တလော စစ်ရေး အရ အရေးနိမ့်လာနေမှုများကို ထောက်ရှု၍ ပြည်သူ့လက်သို့ အာဏာ ပြန်လွှဲသင့်ပြီဟုလည်း ဖဒို စောတော်နီးက ယခုလို ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

"ကျေးဇူးပြုပြီး အချိန် ထပ်မဖြုန်းကြပါနဲ့တော့၊ ပြည်သူ့ စကားသံကို ဦးစားပေး နားထောင်ရမယ့် အချိန်နဲ့ အခွင့်အရေး ကောင်း‌ တွေ ရနေပါပြီ" 

 

PDF များ အဆိုအရ သံချပ်ကာ ကား ၁၀ စီး၊ စစ်သား ၂၀ ခန့် စီ လိုက်ပါလာသော ထရပ်ကား ၂၂ စီး၊ လက်နက်ကြီး များ ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ရွှေကုက္ကိုလ် အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး ရှေ့ကို တိုးလာနိုင်ခြင်း လေ့လာသူများက ဆိုသည်။

 

ကေအင်ယူ တပ်မဟာ (၆) ဗျူဟာမှုး ဗိုလ်မှုးကြီး နာဒါ ထူး မှ စစ်ကောင်စီ တပ်များ၏ နှစ်ကြိမ်တိုင် ထိုးဖောက်လာမှု ကို ပြန်လည် တွန်းလှန် နိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး အုပ်ချုပ်ရေး အာဏာ ခိုင်မာအောင် တည်ဆောက်ပြီးသည်နှင့် ကေအင်ယူ နိုင်ငံရေး ဦးဆောင် အဖွဲ့သို့ လွှဲပြောင်းပေးမည်ဟု ဆိုသည်။

 

မိမိတို့၏ စစ်ရေး အရ ဆောင်ရွက်နေမှုများ ဧပြီလ ကုန်ပိုင်း တွင် အဆုံးသတ်လိမ့်မည်ဟု လည်း ပြောသွားခဲ့သည်။

 

တံတားပေါ်တွင် ရှိနေကြသော နှစ်ရာခန့် ရှိမည့် စစ်ကောင်စီ တပ်သားများ အဖို့ မိမိတို့ထံ သို့မဟုတ် ထိုင်း အာဏာပိုင်များထံ လက်နက်ချ ရဖို့သာ ရှိတော့သည်ဟုလည်း ဗိုလ်မှုးကြီး နာဒါ ထူးက ဆိုသည်။

 

စင်္ကာပူ ရှိ မဟာဗျုဟာ လေ့လာရေး နိုင်ငံတကာ အင်စတီကျု မှ မြန်မာ အရေး သုံးသပ်သူ မော်ဂန် မိုက်ကယ် မှ မြဝတီကို သိမ်းပိုက်နိုင်ခဲ့ခြင်းသည် ရုပ်ပိုင်း၊ မဟာဗျူဟာ ပိုင်း နှင့် အထိမ်းအမှတ် သင်္ကေတ အရပါ တန်ဖိုးကြီးမား နေသည်ဟု ဆိုသည်။

 

လက်ရှိ အနေအထားအရ ဘာဆက်ဖြစ်လာမည်ကို မပြောနိုင်သေးကြောင်း နှင့် BGF တို့ ဘာလုပ်မည် ဆိုသည်က အရေးပါလာနေပြီ ဖြစ်သည်ဟု ၎င်းက ပြောကြောင်း ဩစတေးလျှ Sidney Morning Herald သတင်းစာသို့ ပြောခဲ့သည်။

 

စစ်တပ် အနေဖြင့် BGF တို့ နှင့် ဆွေးနွေးကောင်း ဆွေးနွေးလာဖွယ် ရှိနေပြီး ၎င်းတို့ တန်ပြန် ထိုးစစ် အတွက် အနှောက်အယှက် မရှိအောင် ကူညီရန် ပြောလာနိုင်သည်ဟု ဆိုသည်။ သို့မဟုတ်ကလည်း မြို့ကို မဖျက်ဆီးစေလိုက BGF များ အား အုပ်ချုပ်ခိုင်းဖို့ ဆွေးနွေးလာနိုင်သည်ဟု လည်း မိုက်ကယ်က ခန့်မှန်း ပြောဆိုခဲ့သည်။ ယင်းသည် အားလုဲး လက်ခံ နိုင်သည့် ဖြေရှင်းချက်မျိုး ဖြစ်နိုင်သည်။

 

တနေ့တခြား အရှက်တကွဲ ဆုံးရှူံးမှု များ နှင့် ရင်ဆိုင်လာနေရ၍ မင်းအောင်လှိုင်အား ဝန်ကြီးချုပ် အဖြစ်မှ ဆင်းခိုင်းပြီး ၎င်းတို့ ထွက်ပေါက် အတွက် ချက်ခြင်း ဆိုသလို ဆွေးနွေး ရဖို့ သာ ရှိသည်၊ သို့မဟုတ်က စစ်တပ် အတွင်း ပေါက်ကွဲထွက်လာမှု များ နှင့် ကသောင်းကနင်း ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

 

လေ့လာစောင့်ကြည့်သူများနှင့် လူ့အခွင့်အရေး အဖွဲ့များက တိုင်းပြည်အား ကယ်တင်နိုင်ရန် မင်းအောင်လှိုင် နှင့် အဖွဲ့ အဆုံးသတ်သွားအောင် ကူညီကြဖို့ နိုင်ငံတကာ အသိုက်အဝန်းသို့ တောင်းဆိုလာနေကြပြီဟု သတင်းစာက ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!